2000 ခုနှစ်အစောပိုင်း ကလေးဘဝကို တစ်ခေါက်ပြန်လှည့်ကြည့်ခြင်း

01-Copy.jpg

ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းမှာဆိုရင် လူတွေဟာ ကျောင်းတွေ အလုပ်တွေကြားမှာ လှုပ်ရှားရုန်းကန်ရင်း တစ်နေ့ပြီး တစ်နေ့ အချိန်ကုန်လာရတာပါ။ ကြုံနေရသမျှ စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေ မပြေလည်မှုတွေကြားမှာ ပြန်ပြီး လွမ်းမော ငေးကြည့်စရာ ငယ်ဘဝလေးတော့ ရှိခဲ့ကြမှာပါပဲ။

ဖုန်းတွေ အင်တာနက်တွေ ခေတ်မစားခဲ့စဉ်က ငယ်ဘဝကို ဘယ်လို ဖြတ်သန်းဖြစ်ခဲ့ကြသလဲ။ ပြန်တွေးရင် လွမ်းစရာ အမှတ်တရ တစ်ပုံတစ်ပင်ရှိနေမှာ အမှန်ပါပဲ။ ငယ်စဉ်က ခေတ်စားခဲ့တဲ့၊ ကလေးဘဝကနေ အခုထိ ဖြတ်သန်းခဲ့တဲ့ သီချင်းတွေ၊ ကစားနည်းတွေ၊ စာအုပ်တွေ၊ မြင်ကွင်းတွေ ပြန်မြင်ယောင်ကြည့်ရင်း ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကနေ ခဏတဖြုတ်တော့ လွတ်မြောက်နိုင်မှာပါ။ ငယ်စဉ်က မြင်တွေ့ကြုံတွေ့ခဲ့ရတဲ့ လွမ်းစရာ တချို့ အဖြစ်အပျက်လေးတွေကို အတူတူ ပြန်ကြည့်လိုက်ကြရအောင်။

ကိုယ်ချစ်ရတဲ့သူတွေကို စာပေးတာ၊ စာပို့တာ

ဒီနေ့ခေတ်လို အင်တာနက်တွေ Facebook တွေ ခေတ်မစားခင်ကာလမှာဆိုရင်တော့ လူငယ်တွေအနေနဲ့ အားကိုးစရာက “စာ” တွေပါပဲ။ ကိုယ်တိုင် ဖွဲ့နွဲ့ရေးသားထားတဲ့ စာလေးတွေ ကိုယ်ချစ်တဲ့သူကို ပေးလိုက်တဲ့အခါ ရလိုက်တဲ့ ခံစားချက်ကို အင်တာနက်ကနေ တဆင့် ကီးဘုတ်တွေပေါ်ကနေ တဆင့် ပေးပို့လိုက်တဲ့ စာသားတွေက မမှီနိုင်တာ အမှန်ပါပဲ။ ကိုယ့်ငယ်ဘဝမှာ ရည်းစားစာပေးခဲ့ဖူးတာ ဒါမှမဟုတ် ပြန်စာပေးခဲ့ဖူးတာ မရှိခဲ့တဲ့ သူကတော့ တော်တော်ရှားမှာပါ။ အခုအချိန်မှာ ခေတ်မစားတော့ပေမယ့် ငယ်စဉ်ဘဝက ရခဲ့ဖူးတဲ့ ခံစားချက်လေးတွေ နောက်ပြီး ချစ်ခင်တဲ့စိတ်နဲ့ လက်ခံရရှိခဲ့တဲ့ စာလေးတွေကို မှတ်မှတ်ရရ သိမ်းထားမိတဲ့ သူတွေလည်း ရှိနေကြဦးမယ်ထင်ပါတယ်။

ကက်ဆက်တိတ်ခွေတွေ

ငယ်ငယ်ကဆို သီချင်းနားထောင်တဲ့အခါ ကက်ဆက်တိတ်ခွေလေးတွေနဲ့ နားထောင်လေ့ရှိကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုခေတ်လို ကိုယ်ပိုင်ဖုန်းတွေနဲ့ အဆင်သင့်နားထောင်စရာ မရှိတဲ့ အခြေအနေတွေမှာ သီချင်းနားထောင်စရာ အပြင် တန်ဖိုးထားစရာ အဆောင်အယောင် တစ်ခုအနေနဲ့ပါ ကက်ဆက်တွေကို တန်ဖိုးထားခဲ့ကြတာပါ။ ကိုယ်ကြိုက်တဲ့ အဆိုတော်ရဲ့ သီချင်းလေးတွေကို ကက်ဆက် တိတ်ခွေလေးတွေနဲ့ နားထောင်ကြတဲ့အပြင် ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေကို လက်ရွေးစင်အနေနဲ့ သွင်းပြီး နားထောင်တာမျိုး ခေတ်စားခဲ့တဲ့ ကာလတွေက လွမ်းစရာပါပဲ။

ဖလင် ကင်မရာတွေ

ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ ကာလ တောက်လျှောက်မှာဆိုရင် selfie ဆွဲစရာ စမတ်ဖုန်းနဲ့ ကင်မရာတွေ မရှိသလောက် ရှားပါးခဲ့တာပါ။ ဖလင်ထည့်ပြီး ဓာတ်ပုံတွေရိုက်ကြ၊ အဲ့ဒီ ဖလင်ကနေတဆင့် ဓာတ်ပုံတွေ ပြန်ကူးကြတဲ့ ခေတ်ကနေ အခုလို Selfie ပေါင်း ရာချီ အလွယ်တကူရိုက် effect ပေါင်းများစွာ ထည့်နိုင်တဲ့ခေတ်မှာ ရောက်နေပြီမို့ နည်းပညာရဲ့ တိုးတက်မှုကို အံ့ဩရသလို ဓာတ်ပုံ အယ်ဘမ်ထဲ အမှတ်တရ သိမ်းထားခဲ့ကြတဲ့ ဓာတ်ပုံ အဟောင်းလေးတွေကို ကြည့်ရတာလည်း ကြည်နူးစရာ အမှတ်တရတစ်ခု ဖြစ်မှာပါပဲ။

နားကြပ်ကက်ဆက်၊ Mp3၊ Mp4

ဆယ်ကျော်သက်ကာလတုန်းက အလိုချင်ဆုံး အရာလေးတွေဆိုရင် Mp3၊ Mp4 လေးတွေလို့ဆိုရမှာပဲ။ အဲ့ဒီ Mp3၊ Mp4 လေးတွေထက် စောခဲ့တဲ့ ကာလမှာတော့ နားကြပ်ကက်ဆက်တွေပေါ့။ နားကြပ်ကက်ဆက်လေးထဲ တိတ်ခွေလေးထည့် နားကြပ်လေးတပ် သီချင်းနားထောင်လိုက်ရရင် ဘဝက ဘာနဲ့မတူအောင်ပြည့်စုံနေခဲ့သလိုပါပဲ။ အဲ့ဒီကနေ တဆင့် နည်းနည်းပိုတိုးတက်လာတော့ Mp3၊ Mp4 လေးတွေ ခေတ်စားလာတယ်။ မုန့်ဖိုး များများစားစားလည်း မရခဲ့တဲ့ အချိန်တွေမို့ အဲ့ဒီ အရွယ်တုန်းက Mp3 လေးတစ်ခုတောင် ဝယ်ဖို့ ခက်ခဲခဲ့တာတွေလည်း ပြန်လွမ်းစရာတွေ ဖြစ်နေခဲ့ရပြန်တာပါပဲ။

ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို ကွန်ပျူတာဆိုင်မှာ သွင်း၊ Mp3 လေးနဲ့ နားထောင်၊ ငယ်ဘဝရဲ့ အကြီးဆုံး ဂုဏ်ပကာသနဆိုရင် ဒါပဲလို့ ဆိုရမှာပါ။ နောက်ပြီး Mp4 လေးတွေ ခေတ်စားလာခဲ့တယ်။ တရုတ်နိုင်ငံက သွင်းတဲ့ တံဆိပ်မျိုးစုံနဲ့ လုပ်ဆောင်ချက်ကလေးတွေ စုံလာတဲ့ Mp4 ကလေးတွေ။ ဗီဒီယိုလေးတွေ ကြည့်လို့ရမယ် ဓာတ်ပုံလေးတွေပါ ကြည့်လို့ရမယ်။ နောက်ပြီး ကင်မရာ ဝါးတားတားလေးတွေပါမယ်။ အဲ့လောက်ထိ ပိုင်ဆိုင်နိုင်ခဲ့ရင် လူတွေကြားမှာ ကိုယ်က ဆရာပဲ။ ဒီလို ခေတ်ကို ဒီဖက်ခေတ် ဖုန်းတွေ ကိုင်နေကြတဲ့ ခေတ်မှာ ပြန်တွေးရင် မယုံနိုင်စရာဖြစ်နေမှာပါပဲ။

ကိုယ်ချစ်တဲ့ အဆိုတော်၊ သရုပ်ဆောင်တွေရဲ့ ပိုစတာတွေ

ဒီတစ်ခုကတော့ အခုခေတ်အထိ ရှိနေဆဲ တန်ဖိုးထားနေကြဆဲ အလေ့အထလေး တစ်ခုဆိုပေမယ့် အရင်ကတော့ ပိုခေတ်စားခဲ့တယ်ထင်ပါတယ်။ ကိုယ်ကြိုက်တဲ့ အဆိုတော်ဖြစ်ဖြစ် သရုပ်ဆောင်ဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့ ပုံတွေကို ချစ်တဲ့စိတ်နဲ့ ဝယ်ပြီး အိမ်မှာ အလှကပ်ထားတဲ့ ချစ်စရာအကျင့်လေးတွေက အခုလက်ရှိ Facebook ပေါ်မှာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေရဲ့ ဓာတ်ပုံတွေကို save ပြီး သိမ်းထားတဲ့ အလေ့ဆီကို ပြောင်းသွားလောက်ပြီလို့ ထင်ပါတယ်။

စာအုပ် အငှားဆိုင် ယဉ်ကျေးမှု

ဖုန်းတွေလည်း မရှိ၊ လည်ပတ်စရာနေရာတွေလည်း ရှားပါးတဲ့ အခြေအနေတွေမှာ ဘယ်လို နည်းတွေနဲ့ အပန်းဖြေခဲ့ကြသလဲ။ အကောင်းဆုံး အဖြေကတော့ စာအုပ်တွေပါပဲ။ စာအုပ်တွေကို ဘယ်လို ဖတ်ဖြစ်ခဲ့ကြသလဲ။ အခုခေတ်မှာ ပျောက်ကွယ်နေပြီဖြစ်တဲ့ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုက ဘယ်ချိန်မှာ ပျောက်ကွယ်သွားခဲ့သလဲ သေချာ မမှတ်မိနိုင်တော့ပေမယ့် စာအုပ်အငှားဆိုင်တွေ ခေတ်စားခဲ့တဲ့ ကာလမှာ အရွယ်ရောက်လာခဲ့သူမို့ နှမြောမိတာ အမှန်ပါ။ အသစ်ထွက်တဲ့ စာအုပ်လေးတွေ ချန်ထားပေးတတ်တဲ့ စာအုပ်အငှားဆိုင်က ချစ်စရာ အလေ့အထလေးတွေ၊ ရပ်ကွက်ထဲက စာအုပ် အငှားဆိုင်တွေမှာ စာအုပ်ငှားဖို့ ညနေဖက်တွေဆိုရင် ထွက်လာတတ်တဲ့ လူငယ်လေးတွေ အခုဆိုရင် ဒီလို မြင်ကွင်းတွေ ဖြစ်ရပ်တွေ မတွေ့မြင်ရတော့တာလည်း လွမ်းစရာပါပဲ။

ကစားနည်းတွေ

အခုခေတ် ကလေးတွေကိုကြည့်ရင် ဖုန်းနဲ့ ဂိမ်းဆော့တာပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာနဲ့ ဒါမှမဟုတ် ဂိမ်းစက်တွေနဲ့ ဂိမ်းဆော့တာပဲ ဖြစ်ဖြစ် တခုခု အလုပ်များနေတတ်တာ တွေ့ရမှာပါ။ အရင်ကရော အဲ့လိုတွေ ရှိခဲ့လား။ No လို့ ဖြေပါရစေ။ ကလေးဘဝက အသည်းအသန်ဆော့ခဲ့ကြတဲ့ ကစားနည်းတွေ အားလုံးလိုလိုကို မှတ်မိနေပါသေးတယ်။ ဂေါ်လီရိုက်တာ၊ သားရေကွင်းတွေနဲ့  ပုံကတ်တွေနဲ့ ဆော့တာတွေ၊ ဇယ်ခုတ်တာတွေကအစ ထုတ်စည်းထိုး၊ စိန်ပြေးလိုက်တမ်း၊ ဘောလုံးကန်ကြတာတွေအထိ နောက်ပြီး ဆော့ကြတဲ့ ကစားနည်းပေါင်းမနည်းမနောပါပဲ။ ဒါပေမယ့် အခုခေတ် ကလေးလေးတွေကြည့်လိုက်ရင် တစ်နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဂိမ်းဆော့၊ တီဗီကြည့်၊ စာဖတ်နေကြတာမျိုး ပိုပြီးတွေ့ရတာမို့ အသေအလဲ ကစားခဲ့ကြတဲ့ ကလေးဘဝကိုလည်း သူတို့ကို ရစေချင်မိတာအမှန်ပါပဲ။

အော်တိုရေးပေးကြတဲ့ ဓလေ့နဲ့ ရေးပေးပါ စာအုပ်တွေ

မှတ်မိကြဦးမယ်ထင်ပါတယ်။ ကျောင်းစာသင်နှစ် တစ်နှစ်ကုန်ခါနီးရင် အော်တိုရေးခိုင်းတဲ့ အလေ့အကျင့်လေးကို။ သူငယ်ချင်း အချင်းချင်း အမှတ်တရ ရေးပေးလေ့ရှိတဲ့ ဒီအပြုအမူလေးတွေက တကယ်လွမ်းစရာပါ။ ကဗျာတိုတိုလေးတွေက အစ အမှတ်တရစာသားလေးတွေအထိ အော်တိုစာအုပ်လေးတွေထဲမှာ နာမည်မျိုးစုံ လက်ရေးမျိးစုံနဲ့ သိမ်းထားတတ်တဲ့ ချစ်စရာအမှတ်တရလေးတွေပါပဲ။ နောက်တစ်ခုက ရေးပေးပါ စာအုပ်လေးတွေပါ။ ကိုယ့်အကြောင်း ကိုယ်ကြိုက်တတ်တဲ့ အရာလေးတွေရဲ့ အကြောင်းကို သေချာရေးလို့ရတာမို့ ငယ်ငယ်ကဆို ရေးပေးပါ စာအုပ်မှာ ရေးရရင် အရမ်းပျော်ရတာပါပဲ။ ဒီဖက် အင်တာနက်ခေတ်က ဆယ်လီတွေလိုပဲ ငယ်ငယ်က အော်တိုစာအုပ်တွေ အများကြီး ရေးခိုင်းခံရရင် ရေးပေးပါစာအုပ်တွေတိုင်းလိုလိုမှာ ရေးပေးရရင် အဲ့ဒီလူက ဆယ်လီပါပဲ။ သူငယ်ချင်းလေးတွေကြား အမှတ်တရတွေ အများကြီး တည်ဆောက်နိုင်တဲ့ အလေ့အထလေးတစ်ခုလို့ ပြောရမှာပါပဲ။

PCO ဖုန်းတွေ

ကဲ.. ဒီကိစ္စနဲ့ပတ်သက်ရင်တော့ အမှတ်တရတွေ ရှိကြမယ်ထင်ပါတယ်။ ကိုယ်ချစ်တဲ့ ကောင်မလေး ဒါမှမဟုတ် ကောင်လေးဆီကို PCO ဖုန်းတွေကတဆင့် ဖုန်းခေါ်ဖူးကြမှာပါ။ ကိုယ် စကား ပြောချင်တဲ့သူက ဖုန်းလာမကိုင်သေးတဲ့ အချိန်လေးအတွင်း ရင်ခုန်ပြီး စောင့်ရတဲ့ အရသာကို ပြန်လွမ်းမိကြဦးမယ်ထင်ပါတယ်။ အခုလို စမတ်ဖုန်းတွေ လူတိုင်း ကိုယ်စီကိုင်နိုင်ကြတဲ့ ခေတ်မဟုတ်သေးတာမို့ အနေဝေးနေတဲ့ ချစ်သူတွေ ဆက်သွယ်စရာက စာတွေအပြင် အခုလို အခကြေးငွေပေးပြီး ဆက်ရတဲ့ ကြိုးဖုန်းလေးတွေပဲ ရှိခဲ့တာပါ။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top