သင့်ရဲ့ အရိုးအဆစ်တွေကို နာကျင်စေတဲ့ နေ့စဉ်အလေ့အထများ

69410911.cms_.jpg

ကျန်းမာရေးနဲ့ ပတ်သက်လာရင်း ကျွန်တော်တို့ရဲ့အရိုးအဆစ်တွေကို ဂရုစိုက်တာ နည်းကြပါတယ်။ အရိုးအဆစ်နဲ့ ပတ်သက်တဲ့ပြဿနာတွေက အသက်ကြီးလာမှ သိရမယ်လို့ ကျွန်တော်တို့ ထင်ကောင်းထင်နိုင်ပါတယ်။ အရိုးပွရောဂါကဲ့သို့ အရိုးအဆစ်ပြဿနာတွေဖြစ်စေနိုင်တဲ့ အသေးအမွှားကိစ္စလေးတွေ ရှိပါတယ်။ အဲဒါက အခုချက်ချင်းမသိနိုင်ပေမဲ့ နောက်ပိုင်းကျရင် သိလာရမှာပါ။ အရိုးပွရောဂါဆိုတာ အရိုးတွေအားနည်းလာပြီး ထိခိုက်နာကျင်လာရင်းနဲ့ ကျိုးပဲ့လာစေတဲ့ ရောဂါဖြစ်ပါတယ်။ အရိုးအဆစ်ပြဿနာတွေက တဖြည်းဖြည်းနဲ့ ပေါ်လာတတ်တာဖြစ်ပါတယ်။ အရိုးပွရောဂါနဲ့ အရိုးအဆစ်ပြဿနာတွေ ဖြစ်လာနိုင်ခြေရှိတဲ့ နေ့စဉ်အလေ့အထ တချို့ကို မျှဝေပေးလိုက်ရပါတယ်။

နေရောင်ခြည် လုံလုံလောက်လောက်မရခြင်း

နေရောင်ခြည်က ကျွန်တော်တို့ရဲ့အရိုးအဆစ်တွေအတွက် အရေးပါတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ နေရောင်ခြည်က ကျွန်တော်တို့ကို ဗီတာမင်ဒီ ပေးစွမ်းတာကြောင့်ပါပဲ။ ဗီတာမင်ဒီက ကျွန်တော်တို့ရဲ့အရိုးအဆစ်တွေကို ကာကွယ်ပေးပြီး ကယ်စီယမ်ဓာတ်ရရှိအောင်လည်း ကူညီပေးပါတယ်။

ပျင်းရိခြင်း

အရိုးအဆစ်တွေကို လှုပ်လှုပ်ရှားရှားနေလေလေ အရိုးဆစ်တွေ သန်မာလာလေလေဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေကို သန်မာလာစေသလို အရိုးအဆစ်တွေကိုလည်း မာကြောလာစေပါတယ်။ ဆိုဖာပေါ်မှာ တစ်နေ့လုံးထိုင်နေမဲ့အစား အရိုးအဆစ်တွေသန်မာအောင် ခြေထောက်တွေကို လှုပ်လှုပ်ရှားရှားနေပါ။ ပြေးတာ၊ လမ်းလျှောက်တာ၊ ကတာတွေပဲဖြစ်ဖြစ် သင် ကြိုက်နှစ်သက်တာကို လုပ်ကြည့်ပါ။ နှေးကွေးလေးလံနေတာတွေကို ရှောင်ပေးသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း

စီးကရက်သောက်တာက သင့်ရဲ့အဆုတ်ကို ထိခိုက်စေသလို အရိုးအဆစ်ကိုလည်း ဆိုးရွားစေပါတယ်။ ဆေးလိပ်သောက်တာက အရိုးပွရောဂါဖြစ်ပွားနိုင်ခြေမြင့်မားစေတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဆေးလိပ်သောက်တာက အရိုးအဆစ်အသစ်တွေ ဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ ဆဲလ်တွေကို ထိခိုက်စေပြီး အရိုးအဆစ်တွေ အားနည်းလာစေပါတယ်။

အရက်နဲ့ ဆိုဒါ

အရက်နဲ့ ဆိုဒါ သောက်ရတာကို ကြိုက်နှစ်သက်တတ်သူဆိုရင် အဲဒါတွေက သင့်ရဲ့အရိုးအဆစ်တွေကို အားနည်းစေပါတယ်။ အရက်အလွန်အကျွံသောက်တာက အရိုးအဆစ်အတွက် လိုအပ်တဲ့ ဟော်မုန်းထုတ်လုပ်တာနဲ့ ကယ်စီယမ်ဓာတ် စုပ်ယူတာတွေကို ထိခိုက်စေပါတယ်။ ကာဗွန်နိတ်ပါဝင်တဲ့အရာတွေကို အဆက်မပြတ်စားခြင်းကလည်း အရိုးအဆစ်တွေကို အားနည်းလာစေပါတယ်။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာကို စားသုံးခြင်း

ကယ်စီယမ်ဓာတ်က အရိုးအဆစ်တွေကို သန်မာစေဖို့အတွက် အရမ်း အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါကြောင့် ကယ်စီယမ်ဓာတ်ကို လုံလုံလောက်လောက် ရရှိဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် ကယ်စီယမ်ဓာတ်ကို ကျွန်တော်တို့ စားသုံးလိုက်အစားအစာကနေ ရရှိပါတယ်။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာကို စားမယ်ဆိုရင် အာဟာရချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။ အရိုးအဆစ်တွေ သန်မာစေချင်ရင်တော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးပေးရမှာဖြစ်ပါတယ်။

အိပ်ချိန်မမှန်ခြင်း

ကျွန်တော်တို့ အများစုက အိပ်စက်ခြင်းပြဿနာတွေကို လျစ်လျူရှုမိကြပါတယ်။ ဒါက ကျွန်တော်တို့ ကျန်းမာရေးအတွက် အဓိက အကြောင်းအရင်းလည်း ဖြစ်နိုင်ပါတယ်။ ညနက်တဲ့အထိ ဖုန်းသုံးတာ၊ ဇာတ်ကားကြည့်တာ၊ ရုံးအလုပ်တွေလုပ်တာတွေက အဖြစ်များတဲ့အလေ့အထတွေပါပဲ။ အိပ်ချိန်မမှန်တာနဲ့ အရိုးအဆစ်ပြဿနာတွေကြားမှာ ဆက်စပ်မှုရှိတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုထားပါတယ်။

Ref:TOI “Everyday habits that are hurting your bones”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top