လူအများရှေ့မှာ စကားထွက်ပြောဖို့ကြောက်တဲ့ပြဿနာ

shutterstock-415806892.png

ကြောက်ရွံ့ခြင်းစိတ်ဝေဒနာတွေထဲမှာမှ Glossophobia လို့ခေါ်တဲ့ လူရှေ့မှာစကားထွက်ပြောဖို့ကြောက်တဲ့စိတ်ရောဂါက တော်တော်လေးအဖြစ်များပါတယ်။ စိုးရိမ်စရာ စိတ်ကျန်းမာရေးပြဿနာတော့မဟုတ်ပေမဲ့ ဝေဒနာခံစားရသူအတွက် နေ့စဉ်လူမှုရေး၊ အလုပ်ခွင်၊ ကျောင်းပတ်ဝန်းကျင်မှာ တော်တော်လေးစိတ်ကသိကအောက်နိုင်ပြီး စိတ်ထဲ မလုံသလိုဖြစ်နေတတ်ပါတယ်။

Glossophobia ဆိုတာဘာလဲ

လူမှုရေးပြဿနာ သို့မဟုတ် လူတွေရှေ့မှာစကားထွက်မပြောရဲတဲ့ကြောက်ရွံ့မှုဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် ကလေးဘဝမှာအစပျိုးလာတတ်ပြီး လူကြီးအရွယ်ရောက်တဲ့အထိ ဒီကြောက်ရွံ့မှုကစွဲပါလာတတ်ပါတယ်။

Glossophobia ရဲ့ ရောဂါလက္ခဏာက ဘာတွေလဲ

တစ်ယောက်ထက်ပိုတဲ့ လူအုပ်ရှေ့မှာစကားပြောတဲ့အခါ ပေါ်လာတတ်တဲ့လက္ခဏာတွေကတော့

  • စိတ်ထဲ နေလို့ထိုင်လို့ မကောင်းတာ
  • စိုးရိမ်ပူပန်လာတာ
  • တစ်ကိုယ်လုံးတုန်ရီနေတာ
  • ချွေးစေးပြန်တာ
  • နှလုံးခုန်မြန်တာ
  • စကားထစ်လာတာ
  • အသံမထွက်လာတော့တာ
  • ခေါင်းမူးသလို ဖြစ်တာ
  • အသက်ရှူမဝတော့တာ
  • အော့အန်ချင်သလိုခံစားရတာ
  • ကိုယ်စကားပြောနေတဲ့ လူရှေ့ကနေ ထွက်ပြေးချင်စိတ်ပေါက်လာမှာပါ။

လူမှုရေးဆိုင်ရာကြောက်ရွံ့မှုစိတ်ဝေဒနာ (Social Anxiety Disorder) ထဲမှာ အတွေ့အများဆုံးပြဿနာဆိုလည်း မမှားပါဘူး။ ပုံမှန်ကြောက်တာထက်ကို ပိုလွန်ကဲစွာ စိတ်ထဲမှာ ဖြစ်နေတာ၊ အတိုင်းအဆမရှိ စိုးရိမ်ပူပန်တာတွေဖြစ်တဲ့အခြေအနေကိုမှ ဖိုးဘီးယားစိတ်ဝေဒနာ (Phobia) လို့ သတ်မှတ်လို့ ရတာပါ။ တခြားဖိုးဘီးယားစိတ်ဝေဒနာနဲ့ ကွာခြားတဲ့အချက်ကတော့ Glossophobia ကို ငယ်စဉ်ကတည်းက သေချာကုသမှုမခံယူဆိုရင် ကြီးလာတဲ့အခါ ပိုဆိုးလာဖို့ပဲရှိနိုင်ပါတယ်။

Glossophobia ဘယ်ကနေစဖြစ်တာလဲ

ကလေးဘဝမှာကြုံတွေ့ခဲ့ရဖူးတဲ့ ရှက်ရွံ့စရာအဖြစ်အပျက်တွေ၊ အတန်းဖော်တွေရဲ့ ဝိုင်းလှောင်တာခံဖူးတာ၊ အတန်းထဲမှာအနှိမ်ခံရတာ၊ စကားထစ်တာ၊ မိသားစုတွင်း ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို ရဲရဲဝံ့ဝံ့ပြောခွင့်မရတာ အစရှိတဲ့လူမှုရေးပြဿနာတွေဟာ နောက်ပိုင်းမှာ လူရှေ့ထွက်ပြီးစကားပြောဖို့ကြောက်စိတ်ဝင်လာတဲ့အထိ သက်ရောက်မှုရှိပါတယ်။ တချို့ကလေးတွေမှာ မိဘမျိုးရိုးမှာကိုက လူကြောက်တတ်တဲ့အကျင့်တွေရှိနေတော့ ကလေးအထိပါဗီဇပါလာပြီး ကူးစက်တာမျိုးတွေလည်းရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့စိတ်တွေ စိုးမိုးနေရုံသာမက တခြားလူတွေက ကိုယ့်အပေါ် ဘယ်လိုထင်မြင်နေမလဲ၊ သူတို့က ကိုယ့်နောက်ကွယ်မှာ ဘယ်လိုလှောင်ပြောင်နေကြမလဲ အစရှိတဲ့ စိုးရိမ်ပူပန်စိတ်တွေပါ အနောက်ကနေလိုက်လာနိုင်ပါတယ်။

လူကြောက်တဲ့စိတ်ဝေဒနာကို ဘယ်လိုကုသမလဲ

ကိုယ်တိုင်ကျော်လွှားဖို့ အရမ်းခက်ခဲတဲ့ပြဿနာဖြစ်တာကြောင့် အကောင်းဆုံးကတော့ ကိုယ့်ရဲ့ ကလေးမှာ ဒီလိုမျိုးလူကြောက်တဲ့စိတ်အခံရှိရင် စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ ပြသကြည့်တာအကောင်းဆုံးပါပဲ။ ဒါမှသာ ကိုယ့်ကလေးအတွက် အဆင်ပြေမယ့်စိတ်ကုထုံးတွေ၊ စိတ်ငြိမ်ဆေးဝါးတွေ၊ လေ့ကျင့်မှုပုံစံတွေနဲ့ ကုသပေးနိုင်မှာပါ။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာ ကြီးမားတဲ့ပြဿနာမဟုတ်ဘူးလို့ထင်ကြပေမယ့် တကယ်ခံစားရသူတွေသာ အဲဒီဝေဒနာကို နားလည်နိုင်မှာပါ။ ဒါကြောင့် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး မပေါ့ဆသင့်ဘူးလို့အကြံပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

Ref: Helloဆရာဝန်
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top