Vitoria အတွက် ဆိတ်ကွယ်နေဆဲအမှန်တရား

Victoria-1.7.2019.jpg

အခုဆိုရင် နေပြည်တော်က ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှာတက်ရောက်နေခဲ့တဲ့ အသက် (၂) နှစ် (၁၁) လအရွယ်မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်ပွားခဲ့တာဟာ အချိန်တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ကျောင်းကားနဲ့အိမ်ပြန်ရောက်လာချိန်မှာ မိန်းကလေးငယ်ကို တစ်စုံတစ်ဦးက လိင်ပိုင်းဆိုင်ရာစော်ကားလိုက်ကြောင်း မိခင်ဖြစ်သူကသိရှိခဲ့ပြီး အမှတ်(၁) ဇဗ္ဗူသီရိမြို့နယ်ရဲစခန်းမှာ မေလ (၁၇) ရက်က အမှုဖွင့် တိုင်ကြားခဲ့တာပါ။ လက်ရှိမှာ ဒီအမှုကို မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) က ကိုင်တွယ်စုံစမ်းနေဆဲဖြစ်ပြီး ကျူးလွန်သူကိုတော့ အခုထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာက (၁၀) နာရီပြည့်တိုင်း ကလေးတစ်ဦးနှုန်းလောက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၇ အတွင်းဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုပေါင်း (၁၄၀၅) မှုထဲမှာ (၈၉၇) မှုဟာ ကလေးငယ်တွေကျူးလွန်ခံရတဲ့ အမှုတွေဖြစ်ခဲ့ပါတယ်။ ဒါဟာ တစ်ရက်ကို ကလေး (၂.၅) ယောက်နှုန်း လိင်အကြမ်းဖက်ခံခဲ့ရတဲ့သဘောပါပဲ။ သတင်းပျံ့နှံ့မှု အားနည်းတဲ့ခေတ်ကာလ ဖြစ်ခဲ့တာကြောင့် လူမသိသူမသိတိမ်မြုပ်ပပျောက်သွားရတဲ့ အကြမ်းဖက်ခံရမှုတွေလည်း များစွာရှိခဲ့ပါတယ်။

သိခဲ့ဖူးသမျှလိင်အကြမ်းဖက်ခံရသူတွေထဲမှာ အသက်အငယ်ဆုံးဖြစ်နေတဲ့ Victoria လေးရဲ့သတင်းကိုသိခဲ့ရသူတိုင်း သိသိချင်းအံ့သြဝမ်းနည်းခဲ့ရသလို ကျူးလွန်သူကိုလည်း စက်ဆုပ်ရွံရှာခဲ့ကြပါတယ်။ ဒါကြောင့် အမှန်တရားလိုလားသူတွေ စုပေါင်းဝန်းရံပြီး ‘Justice for Victoria’ (ဗစ်တိုးရီးယားအတွက် တရားမျှတမှု) ဆိုတဲ့လှုပ်ရှားမှုတစ်ခုကို ဖေ့စ်ဘွတ်ခ်မှာ ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော်သမ္မတရုံးအထိပါ သတင်းရောက်ရှိအောင် လုပ်ဆောင်ထားနိုင်ခဲ့ပါပြီ။

ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက Myanmar President Office နဲ့ Myanmar State Counsellor Office တို့ရဲ့ Message Box နဲ့ Comment တွေဆီ ပေးပို့ထားတဲ့ တောင်းဆိုချက်တွေကို ကောင်းမွန်စွာလက်ခံရရှိထားပြီး အမှုမှန်ပေါ်ပေါက်အောင်ဖော်ထုတ်ဖို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေထံ ညွှန်ကြားချက်ပေးပို့ထားကာ ဂရုပြုစောင့်ကြည့်နေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုဖြစ်စဉ်မှာ အဆိုးဆုံးထိခိုက်သွားရသူက မိန်းကလေးငယ် Victoria ပါ။ ပြီးရင်တော့ သူ့မိဘတွေဖြစ်ပါတယ်။ ကလေးကငယ်လွန်းသေးတဲ့အတွက် များများစားစားမခံစားရနိုင်ပေမဲ့ မိဘတွေရဲ့နာကျင်မှုကတော့ ပြင်းထန်လွန်းနေမှာပါပဲ။ (၂) နှစ် (၁၁) လဆိုတဲ့အရွယ်ကလေးတစ်ယောက်ကို ပစ်မှတ်ထားစော်ကားခဲ့တဲ့ဒီလုပ်ရပ်ဟာ ဘယ်လိုမှခွင့်လွှတ်နိုင်စရာမရှိတဲ့၊ ဆိုးရွားလွန်းတဲ့လုပ်ရပ်တစ်ခုဖြစ်နေပါတယ်။ ဆေးပညာအရ ကလေးတွေနဲ့ပဲ လိင်ဆက်ဆံချင်တဲ့စိတ်ရောဂါမျိုးကို (Paedophilia) လို့ခေါ်ပြီး ဒီရောဂါကစိတ်ရောဂါကုဆရာဝန်တွေနဲ့ ကာလရှည်အချိန်ပေးကုသရတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။

Victoria ကိုယ်တိုင် ပြောပြခဲ့တဲ့စကားတွေကြောင့် ကျူးလွန်သူဘယ်သူဖြစ်နိုင်ကြောင်းကိုတော့ လူတိုင်းကရိပ်စားမိနေကြပါပြီ။ ကျူးလွန်သူကို သိနေသူရှိကြောင်း ပြောဆိုမှုတွေ အများအပြားထွက်ပေါ်လာတာကိုလည်းတွေ့ရပါတယ်။ တကယ်သိထားသူ ရှိနေတာသေချာခဲ့ရင်တော့ အဲဒီလူအနေနဲ့ တစ်ဦးတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက်နဲ့ တခြားသူတွေကိုထိခိုက်နာကျင်ရစေမယ့်လမ်းမျိုးကို မရွေးမိဖို့လိုပါတယ်။

ကျူးလွန်သူကို ဖော်ထုတ်စုံစမ်းချိန်ကြာမြင့်လာတာနဲ့အမျှ ဒီအမှုကိုစိတ်ဝင်စားသူဦးရေကလည်း ပိုများပြားလာပြီး ကျူးလွန်ခဲ့သူလို့ လူတွေ ထင်မြင်ယူဆနေသူရဲ့ ဓာတ်ပုံတွေကလည်း လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေခဲ့ပါတယ်။ ဒါပေမဲ့ စွပ်စွဲချက်ဆိုတာ အမှန်တရားမဟုတ်တာကြောင့် ပုံထဲကသူကသာကျူးလွန်သူမဟုတ်ခဲ့ရင် ပြစ်မှုမြောက်သွားနိုင်တာကိုတော့ ဓာတ်ပုံတွေမျှဝေနေကြသူတွေ သတိပြုရမှာပါ။ သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအတွက်ကတော့ (၁၈) နှစ်အောက်အရွယ်တွေရဲ့ ပုံကိုသုံးရတဲ့အခါ မျက်နှာနေရာကို ကွယ်ပေးထားတတ်ကြပါတယ်။

လက်ရှိမှာ မှန်တယ်၊ မှားတယ် ဆိုတာက ဒုတိယကိစ္စပါ။ လူတိုင်းမှာ လူ့ဂုဏ်သိက္ခာဆိုတာရှိသလို လူ့အခွင့်အရေးအရကြည့်ရင်လည်း အမှုတစ်ခုမှာ တရားရုံးကစီရင်ချက်မချသေးခင်အထိ တရားခံလို့ သုံးခွင့်မရှိပါဘူး။ Social Media မှာ ပုံတွေ စာတွေနဲ့ Bullying လုပ်ခံရသူတစ်ယောက်ဟာ ရှက်ရွံ့သိမ်ငယ်၊ စိတ်ဓာတ်ကျလာပြီး သတ်သေတဲ့အထိဖြစ်သွားနိုင်တာကို မကြာသေးခင်ကဖြစ်ခဲ့တဲ့ MIU ကိစ္စနဲ့ယှဉ်ကြည့်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

ထိခိုက်နစ်နာရသူတွေ များသည်ထက်များလာနိုင်တာကြောင့် ဒီအမှုရဲ့ တကယ့်ကျူးလွန်သူအစစ်ကို ဖော်ထုတ်နိုင်ဖို့က တကယ်ကို အရေးတကြီး လိုအပ်နေပါပြီ။ ကျူးလွန်သူကို ပေါ်ပေါက်အောင်မဖော်ထုတ်နိုင်ဘဲ လွတ်မြောက်သွားစေမယ်ဆိုရင်တော့ လူ့အသိုင်းအဝိုင်းအတွက် အလားတူ အဖြစ်မျိုးတွေ ဆက်ပြီးပေါ်ပေါက်လာစေဖို့ လွယ်လာနိုင်တဲ့အပြင် ဗစ်တိုးရီးယားလို နောက်ထပ်ဓားစာခံတွေလည်း ထပ်ရှိလာတော့မှာဖြစ်ပါတယ်။ တကယ်အပြစ်ကျူးလွန်ထားသူမျိုးကို အရေးမယူ၊ အပြစ်မပေးနိုင်တာဟာ လူကောင်းတွေကိုသေဒဏ်ပေးတာနဲ့လည်း သဘောချင်းဆင်တူပါတယ်။ ဒါ့ကြောင့် နစ်နာရသူတွေအတွက် ကိုယ်ချင်းစာပေးပြီး အမှုမှန်အမြန်ပေါ်ပေါက်လာဖို့ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ပြီး ဖေးကူပေးသင့်တယ်လို့ ယူဆမိပါကြောင်း…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top