၂ဝ၁၉ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း ကမ္ဘာ့ချန်ပီယံနေရာအပြောင်းအလဲဖြစ်စေခဲ့သောတွဲဆိုင်းများ

ONE-Eternal-Glory-Yosuke-Saruta-def-joshua-pacio.jpg

ONE Championship ပြိုင်ပွဲသည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြိုင်ပွဲကြီး (၁၁) ပွဲကို နိုင်ငံပေါင်း (၇) နိုင်ငံတွင် လှည့်လည်ကျင်းပခဲ့ရာ အဆိုပါပြိုင်ပွဲများထဲတွင် ချန်ပီယံစိန်ခေါ်ပွဲ (၁၃) ပွဲနှင့် ဝိတ်တန်းအသစ်ချန်ပီယံလုပွဲ (၄) ပွဲ ပါဝင်ခဲ့သည်။ ချန်ပီယံစိန်ခေါ်ပွဲ (၁၃) ပွဲတွင် (၇) ပွဲမှာ လက်ရှိချန်ပီယံကို စိန်ခေါ်သူကအနိုင်ယူပြီး ချန်ပီယံခါးပတ်ကိုလုယူနိုင်ခဲ့ကာ ကျန် (၆) ပွဲတွင် လက်ရှိချန်ပီယံများကအနိုင်ရခဲ့သဖြင့် စိန်ခေါ်သူ (၅၄) ရာခိုင်နှုန်း အောင်မြင်ခဲ့သည်ဟုဆိုနိုင်ပါသည်။

ယင်းသို့ အောင်မြင်စွာစိန်ခေါ်လုယူနိုင်ခဲ့သောပြိုင်ပွဲများနှင့် ဝိတ်တန်းသစ်ချန်ပီယံလုပွဲများကို ကမ္ဘာ့ချန်ပီယံနေရာ အပြောင်းအလဲဖြစ်စေခဲ့သောပွဲများအဖြစ် စုစည်းတင်ပြလိုက်ပါသည်။

၁။ Yosuke Saruta နှင့် Joshua Pacio (ONE: Eternal Glory)

၂ဝ၁၉ ခုနှစ်၏ ပထမဆုံးကျင်းပသော ONE Championship ပြိုင်ပွဲအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် ONE: Eternal Glory တွင် အဓိကတွဲဆိုင်းအဖြစ် စတောဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲကို ယှဉ်ပြိုင်စေခဲ့ပါသည်။ လက်ရှိချန်ပီယံ Joshua Pacio သည် ဂျပန် Shooto ချန်ပီယံ Yosuke Saruta ကို ပထမနှစ်ချီအတွင်း အသာစီးကစားနိုင်ခဲ့သလို ၎င်း၏အမှတ်အသားဖြစ်သော ခုန်ကန်ချက်နှင့် တစ်ပတ်လှည့် ကန်ချက်များကို အသုံးချနိုင်ခဲ့သည်။

သို့သော် တတိယအချီနှင့် စတုတ္တအချီများတွင် Pacio သည် Saruta ၏ ချုပ်ကွက်များတွင်ရုန်းကန်ခဲ့ရပြီး ပဉ္စမအချီတွင် Saruta က အပေါ်စီးမှ ဆက်တိုက်တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် အမှတ်ပေးဒိုင် (၃) ဦးအနက် (၂) ဦးက Saruta ကိုအနိုင်ပေးသဖြင့် စတောဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို လွှဲပြောင်း ရယူနိုင်ခဲ့သည်။

၂။ Adriano Moraes နှင့် Geje Eustaquio (ONE: Hero’s Ascent)

တစ်နှစ်တာ၏ အကောင်းဆုံးပွဲများထဲတွင် တစ်ပွဲအပါအဝင်ဖြစ်သော ဖလိုင်းဝိတ်တန်းချန်ပီယံ Geje Eustaquio ကို ချန်ပီယံဟောင်း Adriano Moraes က စိန်ခေါ်သည့်ပွဲသည် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် ONE: Hero’s Ascent ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်မြောက်တွေ့ဆုံကြခြင်းဖြစ်သည့် ကစားသမားနှစ်ဦးသည် တစ်ယောက်တစ်ပွဲစီအနိုင်ရထားသဖြင့် တစ်ယောက်အကြောင်းတစ်ယောက်သိကာ ပွဲကအကြိတ်အနယ်ဖြစ်ခဲ့သည်။ Moraes က နပမ်းချုပ်ကွက်များဖြင့်အနိုင်ယူရန် အကြိမ်ကြိမ်ကြိုးစားခဲ့သလို Eustaquio ကလည်း မြန်ဆန်သည့်လက်သီးချက်များဖြင့် ထိုးနှက်နိုင်ရန် ငါးချီလုံးလုံးကြိုးစားခဲ့သည်။

သို့သော် မည်သူမျှအလဲမထိုးနိုင်ခဲ့သဖြင့် အမှတ်ပေးဒိုင်များ၏ ဆုံးဖြတ်ချက်ခံယူခဲ့ရာ ဒိုင်သုံးဦးစလုံးက Moraes ကို အနိုင်ပေးခဲ့သည်။ ထို့ကြောင့် Moraes သည် ONE ဖလိုင်းဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို တတိယအကြိမ် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၃။ Nong-O Gaiyanghadao နှင့် Han Zi Hao (ONE: Clash of Legends)

ONE Championship တွင် ယခင်ကမရှိခဲ့သေးသည့် ဘန်တန်ဝိတ်တန်းမွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ထိုင်းလက်ဝှေ့ကျော် Nong-O Gaiyanghadao နှင့် တရုတ်ကစားသမား Han Zi Hao တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည့်ပွဲကို ဖေဖော်ဝါရီလအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် ONE: Clash of Legends တွင် ထည့်သွင်းခဲ့သည်။

အိမ်ရှင် Nong-O သည် ယင်းပွဲတွင် Han ကို အလဲမထိုးနိုင်ခဲ့သော်လည်း တစ်ပွဲလုံး မြန်ဆန်တိကျသည့် လက်သီးချက်များ၊ အားပါသည့်ခြေကန်ချက်များနှင့် တံတောင်တိုက်ချက်၊ ဒူးရိုက်ချက်အများအပြားကို ထိထိမိမိ အသုံးချနိုင်ခဲ့သည်။ Han သည် Nong-O လက်ချက်ဖြင့် မကြာခဏကြမ်းပြင်ပေါ်လဲကျခဲ့ရပြီး ထိရောက်သည့် တန်ပြန်တိုက်စစ်ကို မဖော်ဆောင်နိုင်ခဲ့သည်ကိုလည်းတွေ့ရသည်။ ငါးချီလုံးလုံး အကြိတ်အနယ်ထိုးသတ်ပြီးကြသည့်နောက်တွင် အမှတ်ပေးဒိုင်သုံးဦးစလုံးက Nong-O ကို အနိုင်ရသူအဖြစ်သတ်မှတ်ကာ ချန်ပီယံခါးပတ်ပေးခဲ့ကြသည်။

၄။ Stamp Fairtex နှင့် Janet Todd (ONE: Call to Greatness)

ONE Championship ၏ အက်တမ်ဝိတ်တန်းအမျိုးသမီးKick Boxing ချန်ပီယံ Stamp Fairtex သည် မတူညီသည့်အားကစားနည်းနှစ်မျိုးတွင် ချန်ပီယံဖြစ်ရန်စိတ်အားထက်သန်နေသူဖြစ်သည်။ ထို့ကြောင့် ONE Championship တွင် ယခင်ကမရှိသေးသည့် အက်တမ်ဝိတ်တန်းမွေထိုင်းချန်ပီယံခါးပတ်အတွက် အမေရိကန်သူ Janet Todd နှင့် ယှဉ်လုသည့်ပွဲကို စင်ကာပူတွင်ကျင်းပသော ONE: Call to Greatness ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည်။

ပွဲစကတည်းက stamp ၏ မြန်ဆန်သွက်လက်သည့်လက်သီးချက်နှင့် ခြေကန်ချက်များက Todd ကို ကောင်းစွာခြိမ်းခြောက်ခဲ့ပြီး အသာစီးကစားနိုင်ခဲ့သည်။ စတုတ္တအချီခန့်တွင်မှ Todd ၏ အန္တရာယ်ရှိသော ခြေကန်ချက်များကို ပြန်လည်မြင်တွေ့ခဲ့ရကာ Stamp ကိုအလဲထိုးနိုင်ရန် တိုက်စစ်ဖွင့်လာခဲ့သည်။ သို့သော် ၎င်း၏တိုက်စစ်မှာ လုံလောက်သည့်ထိရောက်မှုမရှိသောကြောင့် အမှတ်ပေးဒိုင်များ၏ဆုံးဖြတ်ချက်ဖြင့် Stamp က အားကစားနှစ်ခုချန်ပီယံဖြစ်လာခဲ့သည်။

၅။ Shinya Aoki နှင့် Eduard Folayang (ONE: A New Era)

ဂျပန်နိုင်ငံတွင်ကျင်းပသော ONE: A New Era ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းဖြစ်သည့် လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံ Eduard Folayang ကို ချန်ပီယံဟောင်း Shinya Aoki က စိန်ခေါ်ထိုးသတ်ခဲ့သည်။

Folayang နှင့် Aoki သည် ပွဲစကတည်းက အကြိတ်အနယ် ရဲရဲတင်းတင်းဝင်တိုးကစားခဲ့ကြသဖြင့် ပွဲက မြန်ဆန်သွက်လက်ခဲ့သည်။ ပွဲချိန် (၂) မိနစ် (၃၄) စက္ကန့်တွင်ပင် မြေပြင်ချုပ်ကွက်နပမ်းပညာရပ်များကို အထူးပြုကစားလေ့ရှိသည့် Aoki က လက်မောင်းချုပ်ကွက်ဖြင့် Folayang ၏လည်ပင်းကို မိမိရရချုပ်နိုင်ခဲ့သောကြောင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် Aoki သည် ONE ၏ လိုက်ဝိတ်တန်းချန်ပီယံဘွဲ့ကို Folayang ထံမှလွှဲပြောင်းရယူနိုင်ခဲ့ကာ လွန်ခဲ့သောသုံးနှစ်ကကလဲ့စားကို ပြန်ချေပနိုင်ခဲ့သည်။ Foalyang သည် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာက Aoki ကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူကာ ချန်ပီယံဘွဲ့ကိုလုယူခဲ့ဖူးသူဖြစ်သည်။

၆။ Bibiano Fernandes နှင့် Kevin Belingon (ONE: A New Era)

ONE: A New Era ၏ ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲလေးပွဲအနက် တစ်ပွဲဖြစ်သည့် ဘန်တန်ဝိတ်တန်းချန်ပီယံ Kevin Belingon ကို ယခင်ချန်ပီယံဟောင်း Bibiano Fernandes က စိန်ခေါ်ထိုးသတ်သည့်ပွဲကလည်း ချန်ပီယံအပြောင်းအလဲဖြစ်စေခဲ့သည်။

ယင်းပွဲတွင် Belingon သည် ပွဲအစကတည်းက Fernandes ကို အပြန်အလှန်ကစားခဲ့ပြီး ၎င်း၏ နောက်ပြန်ကန်ချက်များက Fernandesကို များစွာဒုက္ခပေးနိုင်ခဲ့သည်။ သို့သော် တတိယအချီတွင် ကစားသမားနှစ်ဦး ကြမ်းပြင်ပေါ်အပြိုင်ချုပ်နေစဉ် Fernandes ၏ ဦးခေါင်းနောက်ပိုင်းကို Belingon က နှစ်ကြိမ်တိုင်တိုင် တံတောင်ဖြင့်ထောင်းခဲ့သည်။ ထို့ကြောင့် Belingon သည် ကြိုးဝိုင်းအတွင်း ပြိုင်ဘက်ကို ဆက်မကစားနိုင်တော့သည်အထိ ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် ချန်ပီယံခါးပတ်ကိုဆက်လက်ထိန်းသိမ်းရန် အရည်အချင်းမမီဟုသတ်မှတ်ခံခဲ့ရကာ စိန်ခေါ်သူ Fernandes ကို ချန်ပီယံခါးပတ်လွှဲပြောင်းပေးအပ်ခဲ့သည်။

Fernandes ကလည်း ၎င်း၏အစွမ်းအစဖြင့် အနိုင်ရခဲ့သည့်ခါးပတ်မဟုတ်သဖြင့် စင်ပေါ်တွင်လက်ခံရယူရန် ငြင်းဆန်ခဲ့ပြီး ၎င်းတို့နှစ်ဦးပြန်လည်ထိုးသတ်မည့် မကျေပွဲစဉ်ကိုစီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း ONE Championship က ထုတ်ပြန်ကြေညာခဲ့သည်။

၇။ Joshua Pacio နှင့် Yosuke Saruta (ONE: Roots of Honor)

ဖိလစ်ပိုင်တွင်ကျင်းပခဲ့သည့် ONE: Roots of Honor ပြိုင်ပွဲတွင် စတောဝိတ်တန်းချန်ပီယံ Yosuke Saruta ကို ချန်ပီယံဟောင်း Joshua Pacio က စိန်ခေါ်ထိုးသတ်ခဲ့သည်။ နှစ်စကတည်းက တစ်ကြိမ်တွေ့ခဲ့ဖူးသည့်၎င်းတို့ နှစ်ဦးသည် တစ်ယောက်အကြောင်းတစ်ယောက်သိသဖြင့် ပထမအချီကတည်းက အကြိတ်အနယ် ထိုးသတ်ခဲ့ကြပြီး Pacio က နောက်ပြန်ကန်ချက်များက ထုံးစံအတိုင်း Saruta ကို အမိအရကန်နိုင်ခဲ့သည်။

ဒုတိယအချီနှင့် တတိယအချီတွင် Saruta က ကြိုးဝိုင်းကိုပြန်လည်စိုးမိုးထားနိုင်ခဲ့ပြီး လက်သီးတွဲလုံးများဖြင့် တရစပ်တိုက်စစ်ဆင်ခဲ့သည်ကို Pacio က တန်ပြန်တိုက်စစ်ဖြင့်သာထိန်းကစားခဲ့သည်။ စတုတ္တအချီတွင် အနီးကပ်ဝင်လာသည့် Saruta ကို Pacio က အမြင့်ဒူးတိုက်ချက်ဖြင့်ပြန်လည်တုံ့ပြန်ခဲ့ရာ Saruta ၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မိခဲ့ပြီး ကြမ်းပြင်ပေါ် ခွေလဲကျသွားသဖြင့် ဒိုင်လူကြီးက ပွဲကိုရပ်နားပြီး Pacio ကို အနိုင်ပေးခဲ့သည်။ ထို့ကြောင့် Pacio သည် ၎င်း၏ စတောဝိတ်တန်းချန်ပီယံခါးပတ်ကို တကျော့ပြန်သိမ်းပိုက် နိုင်ခဲ့သည်။

၈။ Jonathan Haggerty နှင့် Sam-A Gaiyanghadao (ONE: For Honor)

မလေးရှားနိုင်ငံ၊ ဂျကာတာတွင်ကျင်းပခဲ့သော ONE: For Honor တွင် ဖလိုင်းဝိတ်တန်းမွေထိုင်းကမ္ဘာ့ချန်ပီယံ Sam-A Gaiyanghadao ကို ဗြိတိန်လူငယ်ကစားသမား Jonathan Haggerty က စိန်ခေါ်ထိုးသတ်သည့်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်စေခဲ့သည်။ ဝါသမ္ဘာကွာခြားသည့် Sam-A ကို လူငယ်ကစားသမား Haggerty က ငယ်ဂုဏ်ဖြင့် ခပ်ကြမ်းကြမ်းတုံ့ပြန်ခဲ့မှုကြောင့် ပွဲက ထင်ထားသည်ထက်ပိုသွက်ခဲ့သည်။

Sam-A က ထိုးလုံးသတ်ပေါက်ပညာကိုအားကိုးသလို Haggerty ကလည်း သက်လုံနှင့် ခြေဆံလက်ဆံ အသာစီးရမှုကို အားကိုးထိုးသတ်ခဲ့သည်။ ပဉ္စမအချီစစချင်း စက္ကန့် (၂ဝ) ခန့်အကြာတွင် Haggerty ၏ ဒူးပျံနှင့် လက်သီးတွဲလုံးက Sam-A ကို ဖင်ထိုင်ကျသွားစေခဲ့ပြီး ဒိုင်လူကြီး၏ အမှတ်စဉ်ရေတွက်မှုကိုခံရစေခဲ့သည်။ ယင်းအချက်ကပင် ပွဲ၏အဆုံးအဖြတ်ဖြစ်သွားစေခဲ့ပြီး ပွဲပြီးရလဒ်တွင် ဒိုင်သုံးဦးစလုံးက Haggerty ကို တညီတညွတ်တည်းအနိုင်ပေးလိုက်ကြသဖြင့် မွေထိုင်းကမ္ဘာ့ချန်ပီယံသစ်ဖြစ်လာခဲ့သည်။

၉။ Petchdam Petchyindee နှင့် Elias Mahmoudi (ONE: Warriors of Light)

ONE Championship တွင် ယခင်ကမရှိသေးသည့် ဖလိုင်းဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် ထိုင်းကစားသမား Petchdam Petchyindee Academy နှင့် အယ်ဂျီးရီးယား ကစားသမား Elias Mahmoudi တို့ ONE: Warriors of Light ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

ကစားသမားနှစ်ယောက်စလုံး လူငယ်များဖြစ်ကြသည့်အားလျော်စွာ ပွဲကို သွက်သွက်လက်လက်ဖြင့် ငါးချီလုံးလုံး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့သည်။ အထူးသဖြင့် Mahmoudi ၏ လှပမြိုင်ဆိုင်သောတွဲလုံးများက အိမ်ရှင်ကစားသမားကို ကောင်းစွာဒုက္ခပေးနိုင်ခဲ့သည်။ သို့သော် ပဉ္စမအချီတွင် Petchdam ၏ ခြေကန်ချက်က Mahmoudi ပေါင်ခြံကို မတော်တဆထိမိခဲ့သဖြင့် (၃) မိနစ် အနားတောင်းခဲ့ရသည်။

Mahmoudi ပြန်ကစားနိုင်၊ မကစားနိုင်ဆိုသည့်ဆုံးဖြတ်ချက်ကိုစောင့်ခဲ့ရပြီး နောက်ဆုံးတွင် ပြန်မကစားနိုင်တော့ကြောင်းကြေညာလိုက်သည့်အခါ Petchdam က ONE ၏ ပထမဆုံး ဖလိုင်းဝိတ်တန်း Kick Boxingကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။

၁ဝ။ Christian Lee နှင့် Shinya Aoki (ONE: Enter the Dragon)

မေလ၌ စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော ONE: Enter the Dragon ပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်းမှ လူငယ် ကစားသမား Christian Lee က လိုက်ဝိတ်တန်းချန်ပီယံ Shinya Aoki ကို စိန်ခေါ်ထိုးသတ်သည့်တွဲဆိုင်းကို ထည့်သွင်းကျင်းပခဲ့သည်။

ယင်းပွဲတွင် ပထမတစ်ချီလုံး လက်ရှိချန်ပီယံ Aoki ၏ အချုပ်အသိမ်းတိုက်စစ်ကိုခုခံနေရသည့် Lee သည် ပွဲသိမ်းချုပ်ကွက်မိရန်ပင်နီးစပ်ခဲ့သော်လည်း ကံကောင်းထောက်မစွာလွတ်မြောက်ခဲ့သည်။ ဒုတိယအချီတွင်မူ မတ်တပ်ရပ်တိုက်ခိုက်မှုဖြင့် အသာစီးပြန်ယူရန် ကြိုးစားခဲ့ပြီး ဆက်တိုက်ထွက်လာသည့် Lee ၏ လက်သီးချက် များကြောင့် Aoki သည် ကြိုးဝိုင်းထောင့်တွင် ခွေလဲကျသွားခဲ့သည်။ ထိုအချိန်ထိ Lee ၏ လက်သီးချက်များကမရပ်တန့်ခဲ့ဘဲ ဆက်တိုက်ထိုးနှက်နေသဖြင့် ဒိုင်လူကြီးက ပွဲကိုရပ်ကာ Lee ကိုအနိုင်ပေးပြီး လိုက်ဝိတ်တန်းချန်ပီယံသစ်ဖြစ်လာစေခဲ့သည်။

၁၁။ Regian Eersel နှင့် Nieky Holzken (ONE: Enter the Dragon)

ONE Championship ၏ ဝိတ်တန်းအသစ်ဖြစ်သည့် လိုက်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲကို စင်ကာပူတွင်ကျင်းပသည့် ONE: Enter the Dragon ပြိုင်ပွဲတွင်ထည့်သွင်းကျင်းပခဲ့ပြီး နယ်သာလန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် Nieky “The Natural” Holzken နှင့် Regian “The Immortal” Eersel တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။

သမ္ဘာရင့်ကစားသမား Holzken သည် ပြိုင်ဘက်ကို ၎င်း၏ဝါသမ္ဘာဖြင့် ထိန်းကစားရန်ရည်ရွယ်ခဲ့ပြီး Eersel မှာမူ ငယ်ရွယ်ဖျတ်လတ်သည့်ကစားသမားဖြစ်သည့်အားလျော်စွာ ပြိုင်ဘက်ကို တစ်ပွဲလုံးနီးပါး ဆက်တိုက် တိုက်စစ်ဆင်ခဲ့သည်။ Eersel ဒူးပျံများမှာ Holzken ကို ကောင်းစွာဒုက္ခပေးနိုင်ခဲ့ပြီး စတုတ္တအချီတွင် Holzken ၏ နားထင်ကို ဒူးပျံတစ်ချက်မိပြီး နံပါတ်စဉ်ရေတွက်ခံခဲ့ရသည်။ ငါးချီယှဉ်ပြိုင်အပြီးတွင် ဒိုင်များ၏ရမှတ်ဖြင့်အဆုံးအဖြတ်ပေးခဲ့ရာ ဒိုင် (၃) ဦး စလုံးက တစ်ပွဲလုံးတိုက်စစ်ဆင်ခဲ့သည့် Eersel ကိုအနိုင်ပေးခဲ့သဖြင့် ပထမဆုံး လိုက်ဝိတ်တန်း Kick Boxing ချန်ပီယံ ဖြစ်လာခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top