၂၀၂၀ ရွေးကောက်ပွဲနဲ့ အစိုးရဖွဲ့စည်းရေး

28-10-2020-yyl-032.jpg

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ အချိန် ၆ ရက်ပဲ လိုပါတော့တယ်။အထွေထွေရွေးကောက်ပွဲမှာ ပါတီတစ်ခုခုက အစိုးရဖွဲ့စည်းနိုင်ဖို့ အမတ်နေရာ ဘယ်လောက်ရရှိဖို့ လိုအပ်သလဲ၊ လက်ရှိအာဏာရပါတီ NLD အနေနဲ့ တစ်ပါတီတည်း ဦးဆောင်ပြီး အစိုးရဖွဲ့စည်းနိုင်မယ့်အလားအလာရှိလားဆိုတဲ့ အခြေအနေကို ဖော်ပြပေးချင်ပါတယ်။

လက်ရှိအာဏာရပါတီ NLD ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာ ၃၉၀ (အမျိုးသားလွှတ်တော်မှာ ၁၃၅ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၂၅၅ ဦး) အနိုင်ရရှိခဲ့လို့ တစ်ပါတီတည်း ဦးဆောင်ပြီး လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့စည်းခွင့် ရရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမတ် ၆၄၄ ဦး ( အမျိုးသားလွှတ်တော် ၂၂၄ ဦး၊ ပြည်သူ့လွှတ်တော် ၄၄၀ ဦး) ရှိတဲ့အနက် အရပ်သားကိုယ်စားလှယ် ၄၉၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ပါဝင်ပါတယ်။

NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းဒေသကြီး ၇ ခုမှာ အမတ်နေရာ ၉၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး ပြည်နယ် ၇ ခုမှာတော့ ၄၇.၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ (၂၂.၉ %)နဲ့ (၁၇.၆ %)ပဲ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကြောင့် အမတ်နေရာ ၂၂ နေရာ လျော့သွားမယ့်အတွက် အမတ်နေရာ ၆၄၂ နေရာပဲ ရှိမှာဖြစ်ပြီး အမတ်နေရာ ၃၂၂ နေရာ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့နိုင်မှာပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို ပြန်ကြည့်ရင် NLD ပါတီရဲ့ အဓိကအားသာချက်က တိုင်းဒေသကြီးတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တာဖြစ်ပြီး ပြည်နယ်တွေမှာတော့ ရာခိုင်နှုန်းတစ်ဝက်လောက်ပဲ အနိုင်ရခဲ့ပါတယ်။

ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အင်အားပိုကောင်းလာလို့ အကြိတ်အနယ်ဖြစ်လာနိုင်ပေမဲ့ NLD ပါတီအနေနဲ့ တိုင်းဒေသကြီး ၇ ခုမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲကလို ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့မယ်ဆိုရင် တစ်ပါတီတည်း ဦးဆောင်ပြီး အစိုးရဖွဲ့စည်းခွင့်ရဖို့ ရှိနေပါတယ်။ NLD ပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ပြည်နယ် ၇ ခုမှာ အမတ်နေရာ ၁၁၀ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ တကယ်လို့ NLD ပါတီအနေနဲ့ တိုင်းဒေသကြီး ၇ ခုမှာ ရာနှုန်းပြည့် အနိုင်ရခဲ့မယ်ဆိုရင်လည်း ပြည်နယ် ၇ ခုမှာ အမတ်နေရာ ၃၁ နေရာရဖို့တော့ လိုအပ်နေပါသေးတယ်။

Nz( ရိုးရာ​လေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top