ဝေဖန်မှုမှာ ခဏ၊ ကြိုးစားမှုသာ ထာဝရ

24.6.2019voice-1-1.jpg

The Voice Myanmar 2019 ပြီးဆုံးသွားလေပြီ။ သို့သော် ပြောစရာတွေကားမဆုံးသေး။ ကနဦး Winner ဆုရှင် Novem Htoo ကို စတင်ကွဲလွဲကြသည်။ Novem Htoo နဲ့ ရုပ်သံပရိသတ်(တချို့) လမ်းချင်းမတူ၍ လူချင်းမတွေ့ခဲ့ပုံရသည်။ သို့သော် ကွဲလွဲမှုတွေက ထိုမျှနှင့်မရပ်သေး။

”တစ်ကျော့၊ နှစ်ကျော့တေးကိုသီ”က အမြင်ကွဲလွဲမှုတွေ တသီတတန်းရှိလာပြန်သည်။ (ဆရာ မင်းသုဝဏ်ရဲ့ ကဗျာမှာ တစ်ကြော့၊ နှစ်ကြော့တေးကိုသီဟု ရေးသားထားသော်လည်း ဂီတလုလင် မောင်ကိုကို၏ သီချင်းအမည်တွင် တစ်ကျော့၊ နှစ်ကျော့တေးကိုသီဟု ရေးထိုးသည်) မြန်မာသံ အဆိုတော်ကြီး ဒေါ်တင်တင်မြ၊ ပြီးတော့ ဒေါ်မာမာအေးတို့ သီဆိုခဲ့ကြသည်။ The Voice Myanmar မှာ Team Ni Ni (နီနီခင်ဇော်ရဲ့အဖွဲ့) မှ Hazel က ဆန်းသစ်သီဆိုခဲ့သည်။ အရင်က ငြိမ့်ငြိမ့်ညောင်းညောင်း၊ အခုတော့ မှင်နဲ့မောင်း။ ခံစားမှုမတူ၊ သီဆိုဟန်မတူ၊ အကြိုက်လည်းမတူကြ။

ဒေါ်မာမာအေးကတော့ မကြိုက်သည်ကို မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်းပြောသည်။ သီချင်းဖြစ်ပေါ်လာပုံ ဇစ်မြစ်ကို လေ့လာဖို့တိုက်တွန်းထားသည်။ ဆရာမင်းသုဝဏ်၏ ပန်းသည်ကဗျာမှာ မောင်ခွေးဘို့ (ဖို့) ရေးသားထားသည့် ကဗျာ (၁၃) ပုဒ်အနက် တစ်ပုဒ်ဖြစ်သည်။ မောင်ငယ်လေးကို အစ်မဖြစ်သူက အိပ်ရာထဖို့ ပျော့ပျော့ပြောင်းပြောင်း ညင်ညင်သာသာ နှိုးနေသည့်အဓိပ္ပာယ်ဖြစ်၏။ ထို့ကြောင့် ဒေါ်မာမာအေးက မကြိုက်ဟုဆိုသည်။ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းမှာ မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။

Hazel ၏ သီဆိုမှုတွင် အားနှင့် မာန်နှင့်၊ မှင်နှင့် မောင်းနှင့်ဖြစ်သည်။ အဆုံးသတ်တွင် Falsetto (အပြုသဘောမဆောင်သူများက အသံသေး၊ အသံကြောင်ဟု သုံးနှုန်း) သီဆိုသွားသည်။ အိပ်ပျော်နေသည့် မောင်လေးကို နှိုးနေသည့်ပုံစံမျိုးတော့မဟုတ်။ အားမလို၊ အားမရဖြစ်သည့်ခံစားချက်ကို ဖော်ကျူးလိုသည်ဟု ယူဆမိပေသည်။ ယခုအကြောင်းအရာတွင် မည်သူမှန်သည်၊ မည်သူမှားသည်ဟု ပြောလိုခြင်းမရှိပေ။

ဤနေရာတွင် ”အမှန်၊ အမှားမရှိ၊ ရှုထောင့်သာရှိသည်”ဆိုသည့် စကားတစ်ခွန်းကို အလွန်သဘောကျမိကြောင်း ပြောလိုပါသည်။ ဒေါ်တင်တင်မြ၊ ဒေါ်မာမာအေးတို့ သီဆိုသည်ကိုသာ အကြိုက်တွေ့သူများကလည်း ကြိုက်ကြမည်။ နီနီခင်ဇော်၏ အယူအဆဖြင့် Hazel ၏ သီဆိုမှုကို ကြိုက်သူကလည်း ကြိုက်မည်။ လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးသာဖြစ်သည်။ ဝေဖန်သူများကလည်း သူတို့၏ ဝေဖန်ရေးသဘောတရားများကို ပြသမည်သာဖြစ်သည်။

ဤနေရာတွင် နမူနာပေးလိုသည်က ကျွန်တော်တို့၏ လူမမယ်ရင်သွေးငယ်များ ကကြီးမပီ၊ ခကွေးမမည်ဖြစ်စဉ်က ”ဘယ်သူမျှ (ဘယ်သူမျှ) စာဆက်မရေးနဲ့တော့” ဟုမပြောခဲ့ခြင်းပင်ဖြစ်သည်။ လူတိုင်းမှာ ကိုယ်ပိုင်အမြင်ရှိသကဲ့သို့ ကိုယ်ပိုင်ကြိုးစားခွင့်၊ ကိုယ်ပိုင်အနာဂတ်ရှိသည်ကိုလည်း မေ့မထားစေချင်။ ကမ္ဘာဦးအစမှသည် ယနေ့အချိန်တိုင်မျှမက နောင်အသင်္ချေများစွာအထိ သဘောထားကွဲလွဲမှုများ ရှိနေဦးမည်သာ။ ဤဖြစ်ရပ်မှာ လမ်းကြုံနမူနာမျှသာဖြစ်သည်။ မည်သို့သော သဘောထားကွဲလွဲမှုများ၊ ဝေဖန်မှုများကြောင့်မဆို စိတ်ပျက်အားငယ်ခြင်းကို လည်ပင်းဖက်ပေါင်းဖော်ခြင်းမပြုသင့်ပေ။ သဘောထားကွဲလွဲမှုများကြောင့် မိမိ၏ကြိုးစားခွင့်များကို လွှတ်ချရမည်ဆိုပါက မိမိသာ အမှန်တကယ်ရှုံးရမည်ဖြစ်သည်။ ဝေဖန်သူများကား ဆက်လက်ဝေဖန်နေဦးမည်သာဖြစ်၏။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top