နာမကျန်းဖြစ်နေတဲ့ ယာသမားကြီးရဲ့ ဝါခင်းမှာ ကူညီ ရိတ်သိမ်းပေးခဲ့ကြတဲ့ ယာနီးချင်းများ

download.png

တက္ကဆက်ပြည်နယ်အနောက်ပိုင်း ဖလွိုက်ကောင်တီမှာနေထိုင်တဲ့ ယာသမားကြီး ဂရက်ဂ် ဘစ်ရှော့ပ် (Greg Bishop) ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သူ့မှာ သွေးကင်ဆာဖြစ်နေကြောင်း ဆေးစစ်ချက်ရပြီး ကုသမှု ခံယူနေရသူပါ။ သူ့ရဲ့ ဝါခင်း အလုပ်တွေကိုလည်း နေမကောင်းလို့ ဘာမှ မလုပ်နိုင်တာကြောင့် ပစ်ထားလိုက်ရပါတယ်။ ထူးထူးဆန်းဆန်း အဖြစ်တစ်ခုကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက သူကြုံခဲ့ရပါတယ်။

အဲဒါက သူ့ယာနီးချင်းတွေဟာ ဝါချည်သိမ်းစက်တွေနဲ့ တခြား ပစ္စည်းပစ္စယတွေနဲ့အတူ သူ့ယာခင်းကို ကူပြီး ရိတ်သိမ်းပေးဖို့ လာခဲ့ကြတဲ့ မြင်ကွင်းပါ ပဘစ်ရှော့ပ်နဲ့ လူချင်းသိတာ နှစ်အစိတ်လောက် ရှိနေပြီဖြစ်တဲ့ ဖလွိုက်ဒါဒါ လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာ အေရွန် ဟန်းဒရစ် (Aaron Hendricks) က “တစ်ယောက်ယောက် အလုပ်ပျက်တာ နေမကောင်းတာမျိုးဆို ထိပ်ဆုံးကနေ မေးမြန်း ကူညီတတ်တဲ့ဒီလူက အခုသူဖြစ်နေတော့ ဘယ်သူ့မှ အကူအညီ မတောင်းဘူးဗျာ” လို့ ပြောပြပါတယ်။

ဘစ်ရှော့ပ်ရဲ့ ဝါခင်းကို ကူသိမ်းပေးဖို့အတွက် လူ ၈၀, ၉၀ ဝန်းကျင်လောက် လာခဲ့ကြတာ ဖြစ်ပါတယ်။ လုပ်အားနဲ့ကူသူတွေ စားသောက်ဖို့ နယ်ခံ ဆိုင်တစ်ဆိုင်ကလည်း ဟမ်ဘာဂါတွေ ပို့ပေးခဲ့ပါသေးတယ်။ တခြား လုပ်ငန်းတွေကတော့ လိုအပ်တဲ့ လောင်စာဆီတွေ၊ ချို့ယွင်းသွားတဲ့ယာဉ်တွေကို ပြင်ဆင်ပေးတာမျိုးတွေနဲ့ ကူညီပေးခဲ့ကြပါတယ်။

ဒီကူညီမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ရောဘတ်နစ်ဆင် (Robert Nixon) က “ကျွန်တော်တို့ မနက် ၁၀ နာရီလောက်က စသိမ်းကြတာ ညနေ ၃ နာရီ မထိုးခင်လေးမှာ ပြီးသွားကြတယ်။ လူအင်အားက သိပ်များတော့ မြန်မြန်အလုပ်ပြီးသွားတာပေါ့” လို့ ပြောပြခဲ့ပြီး သူတို့ ကူသိမ်းပေးခဲ့တဲ့ ဘစ်ရှော့ပ်ရဲ့ ဝါခင်းက ဝါချည်တွေရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၂၀,၀၀၀ ဖိုးလောက်ရှိတာ ဖြစ်ပါတယ်။ “သူ့ဘာသာ တစ်ယောက်တည်း စက်တစ်လုံးတည်းနဲ့သာ သိမ်းမယ်ဆို နှစ်ပတ် သုံးပတ်လောက်တော့ကြာမှာ အလုပ် မတွင်နိုင်ဘူး” လို့ ဘစ်ရှော့ပ်ရဲ့ မိတ်ဆွေကြီး ဟန်းဒရစ်က ဆိုပါတယ်။

ဘစ်ရှော့ပ်ရဲ့ ကောလိပ်ကျောင်း အခန်းဖော်တစ်ဖြစ်လဲ မိတ်ဆွေရင်း ဒေ့ဗ် ကာသယ်လ် (Dave Carthel) ကလည်း ဘစ်ရှော့ပ်အတွက် သူတို့ လာကူပေးရတာကို လူတိုင်းက စိတ်လိုလက်ရ ဝမ်းပမ်းတသာ ရှိနေကြတယ်လို့ဆိုခဲ့ပြီး “ပေါက်ပြားကိုတောင် မကိုင် မမနိုင်ဖြစ်နေချိန်မှာ သူ့အနေနဲ့ သူ့လုပ်ငန်းအတွက်အတော်လေး စိုးရိမ်ပူပန်နေရမယ်ဆိုတာ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ ဒီလို ဝိုင်းဝန်းပြီး စိတ်ပါလက်ပါ ကူညီပေးလိုက်ကြသူတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ရတာ တော်တော်ဝမ်းသာမိပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

Ref: BBC “A Texas cotton farmer is battling cancer and couldn’t harvest his crop.So his neighbors did it for him”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top