အမုန်းတရားကို ကိုယ်စားပြုတဲ့ အာလူးကလေးများ

50411540_645226415892546_5254977028792254464_n.jpg

ဆရာမတစ်ယောက်ဟာ လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး အသိပညာပေးချင်တာကြောင့် သူရဲ့တပည့်တစ်ယောက်ချင်းစီကို အခုလိုမှာလိုက်ပါတယ် “ကဲ…တပည့်တို့ မနက်ဖြန်ကျောင်းလာတက်ရင် တပည့်တို့စိတ်ထဲ မကျေမနပ်ဖြစ်နေပြီး မုန်းနေတဲ့လူအရေအတွက်နဲ့ ညီမျှတဲ့အာလူးတွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ပြီးယူလာခဲ့ပါ” လို့မှာလိုက်ပါတယ်။

နောက်တစ်နေ့အရောက်မှာတော့ ကျောင်းသားကျောင်းသူလေးတွေကလည်း ဆရာမခိုင်းထားတဲ့အတိုင်း သူတို့ရဲ့စိတ်ထဲမှာ မကျေမနပ်မုန်းတီးနေတဲ့လူအရေအတွက်နဲ့ညီမျှတဲ့ အာလူးလေးတွေကို သယ်လာကြပါတယ်။ အဲဒီအခါ ဆရာမက “တပည့်တို့ မင်းတို့အခုသယ်ယူလာတဲ့ အာလူးလေးတွေက တစ်ယောက်နဲ့တစ်ယောက် အရေအတွက်တော့မတူပေမဲ့ မင်းတို့ရဲ့စိတ်ထဲမှာ အနှောက်ယှက်ဖြစ်နေတဲ့လူတွေကို ကိုယ်စားပြုတာကတော့ အတူတူပဲ။ ဒီနေ့ကစပြီး အခုမင်းတို့သယ်လာတဲ့ အာလူးလေးတွေကို ပလတ်စတစ်အိတ်နဲ့သေချာထုပ်ပြီး မင်းတို့လွယ်အိတ်ထဲကိုထည့်ပါ။ ပြီးရင် ဒီတစ်ပတ်အတွင်း မင်းတို့ဘယ်နေရာပဲသွားသွား အာလူးအထုပ်လေးကို ယူသွားပါ။ တစ်ပတ်ပြည့်တဲ့နေ့ရောက်ရင် အခုလိုဘာလို့လုပ်ခိုင်းရတာလဲဆိုတာ ဆရာမ ပြောပြပါ့မယ်” လို့ဆိုလိုက်ပါတယ်။

ဒီလိုနဲ့တစ်ပတ်ပြည့်တဲ့နေ့ကို ရောက်လာခဲ့ပါတယ်။ ဆရာမက “တပည့်တို့ ဒီနေ့က တစ်ပတ်တိတိပြည့်တဲ့နေ့ပဲနော်။ ဆရာမ ဘာလို့ခုလိုမျိုးလုပ်ခိုင်းခဲ့ရတာလဲဆိုတာ ပြောပြမယ်။ ဘာကြောင့်ဆိုတာမပြောခင် တပည့်တို့ ဒီတစ်ပတ်အတွင်း အဲဒီအာလူးအိတ်ကလေးတွေနဲ့ပတ်သတ်ပြီး ဘာတွေခံစားရသလဲဆိုတာ ဆရာမအရင်ဆုံးသိချင်တယ်”လို့ပြောလိုက်ပါတယ်။ အဲဒီအခါ ကျောင်းသားများက ” ဒီအာလူးတွေကို ဘယ်နေရာပဲသွားသွားယူသွားရတဲ့အတွက် လေးလံကြောင်း၊ အချိန်ကြာလာတာနဲ့အမျှ အနံ့အသက်ဆိုးတွေ ထွက်ပေါ်လာကြောင်းကို ပြန်ပြောကြပါတယ်။

ဒီအခါဆရာမက ” ဘာလို့ မင်းတို့ကို ခုလိုမျိုး တစ်ပတ်ကြာတဲ့အထိ အာလူးလေးတွေ ထည့်ပြီးသယ်ခိုင်းရလဲဆိုတော့ ငါ့တပည့်တို့ လူမှုဆက်ဆံရေးမှာအဆင်ပြေစေဖို့၊ အသိပညာလေးတစ်ခုပေးချင်တာကြောင့် ခုလိုမျိုးလုပ်လိုက်တာပါပဲ။ အဲဒီအသိလေးကတော့ ဆရာမတို့ရဲ့ စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်တာတွေ၊ ဒေါသထွက်တာတွေ ရှိတတ်ကြပါတယ်။ ဆရာမတို့ တပည့်တို့အားလုံးက ပုထုဇဉ်လူသားတွေပဲဖြစ်တာကြောင့် အမျက်ဒေါသမထွက်အောင် ထိန်းလို့မလွယ်ကူပါဘူး။ အမျက်ဒေါသထွက်မိပြီဆိုရင်လည်း တတ်နိင်သလောက် မြန်မြန်ဆန်ဆန် ပြန်ထိန်းသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အမုန်းတရား၊ ဒေါသတရားတွေက အခြားသူကိုမကူးစက်၊ မပူလောင်ခင် အရင်ဦးဆုံး သင့်ကိုပူလောင်စေနိင်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားတွေကိုသာ ရေရှည်မှတ်သားထားသင့်ပြီး အမုန်းတရားအာဃာတတွေကို အငြိုးအတေးအဖြစ် စိတ်ထဲမှာ မထည့်ထားသင့်ပါဘူး” လို့ဆုံးမလိုက်ပါတယ်။

Ref: ” How long can you keep hatred in your heart ”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top