သူ့တန်ဖိုးနဲ့ သူ

33-2.jpg

နာမည်ကျော်ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာနှစ်ဆယ်တန်တစ်ရွက်ကိုကိုင်ပြီး ဟောပြောမယ့် စင်ပေါ်ကို တက်လာပါတယ်။ စင်အောက်မှာလည်း သူရဲ့ဟောပြောပွဲကို လာရောက်ကြတဲ့ လူနှစ်ရာက ရှိနေကြပါပြီ။

စင်ပေါ်ရောက်တာနဲ့ သူက ဒေါ်လာနှစ်ဆယ်တန်ကို မြှောက်ပြပြီး “ဟောဒီ ဒေါ်လာနှစ်ဆယ်ကို ဘယ်သူများလိုချင်လဲဗျ” လို့ အရင်ဆုံးမေးလိုက်ပါတယ်။ ပရိသတ်အယောက် (၂၀၀)လုံးက လက်တွေထောင်ပြလိုက်ကြပါတယ်။

ပရိသတ်အယောက် (၂၀၀)လုံးက လက်တွေထောင်ပြလိုက်ကြပါတယ်

“ ကျွန်တော်က ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကို ဒီဒေါ်လာနှစ်ဆယ် တကယ်ပေးမှာပါ ဒါပေမဲ့ ဒီလိုတော့ အရင်လုပ်မယ်ဗျာ” လို့ သူက ပြောလိုက်ပြီး ဒေါ်လာနှစ်ဆယ်တန်ကို လက်နဲ့ လုံးချေပစ်လိုက်ပါတယ်။

“ဒီလိုဆိုရင်ရော ဘယ်သူများ ဒီပိုက်ဆံကို လိုချင်သေးလဲ” လို့ သူ ထပ်မေးကြည့်ပါတယ်။ အားလုံးက လက်တွေ ထောင်ပြထားနေတုန်းပါပဲ။

သူက “ဟုတ်ပြီဗျာ… ကဲ အခုလို လုပ်လိုက်မယ်ဆိုရင်ကော” လို့ ပြောရင်း ခြေမွှထားတဲ့ ဒေါ်လာနှစ်ဆယ်တန်ကို ကြမ်းပေါ်ကို ပစ်ချ၊ ခြေထောက်နဲ့ ပယ်ပယ်နယ်နယ် တက်နင်းပစ်လိုက်ပါတယ်။ ဒေါ်လာနှစ်ဆယ်တန်ခမျာလည်း ကြေမွ ညစ်ပေနေပါပြီ။ ပရိသတ်တွေကတော့ သူလုပ်နေတာတွေကို ငြိမ်ပြီး ကြည့်နေကြတုန်းပါပဲ။

ခဏနေတော့ သူက အဲဒါကို ပြန်ကောက်လိုက်ပြီး ပရိသတ်တွေဘက်မြှောက်ပြရင်း “ဒီလိုဆိုရင်ရော လိုချင်ကြသေးရဲ့လားဗျာ” လို့ သုံးကြိမ်မြောက် ထပ်မေးလိုက်ပါတယ်။

နားထောင်နေကြတဲ့ပရိသတ်တွေထဲက တစ်ယောက်ကမှ ထောင်ပြထားတဲ့လက်ကို ပြန်မသိမ်းသေးပါဘူး။

သေချာတာကတော့ ဘယ်လောက်ပဲကြေမွညစ်ပေနေပါစေ.. ဒေါ်လာနှစ်ဆယ်ဆိုတဲ့တန်ဖိုးကနေ ဘာမှလျော့မသွားလို့ပဲ မဟုတ်လား

ဒါကို မြင်လိုက်ရတော့ သူက ပြုံးလိုက်ပြီး “ကဲ…ဟုတ်ပါပြီဗျာ… ဒါ ခင်ဗျားတို့အတွက် သိပ် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို ကျွန်တော်ပြလိုက်တာပဲ..ခင်ဗျားတို့က ဒီဒေါ်လာနှစ်ဆယ်တန်ကို ကျွန်တော် ဘာပဲလုပ်ပစ်နေနေ ဘာလို့လိုချင်နေကြသေးလဲပြောပြပါမယ်.. သေချာတာကတော့ ဘယ်လောက်ပဲကြေမွညစ်ပေနေပါစေ.. ဒေါ်လာနှစ်ဆယ်ဆိုတဲ့တန်ဖိုးကနေ ဘာမှလျော့မသွားလို့ပဲ မဟုတ်လား.. အဲဒီလိုပဲဗျ…ကျွန်တော်တို့ဘဝတွေမှာလည်း စုတ်ပြတ်ကျိုးကြေနေခဲ့တဲ့ အချိန်တွေ ရှိကြမှာပဲ..ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်အမှားတွေချမိကြတယ်..ကျဉ်းထဲကြပ်ထဲမှာ ရုန်းကန်ကျင်လည်ကြရတယ်.. တစ်ခါတလေကျ ကိုယ့်ဘာသာကိုယ် ဘာတန်ဖိုးမှမရှိတဲ့သူ လို့တောင် ခံစားမိသေးတယ်…ဒါပေမဲ့ဗျာ အဲဒီလို ဖြစ်ခဲ့ဖူးတာတွေ၊ ဖြစ်လာဦးမှာတွေက ဘာမှ အရေးမဟုတ်ပါဘူး…ပြီးတော့ ခင်ဗျားတို့မှာရှိနေတဲ့ ကိုယ်ပိုင်တန်ဖိုးကို အဲဒါတွေက လျော့မသွားစေပါဘူး… ခင်ဗျားတို့အားလုံးမှာ ကိုယ်ပိုင်တန်ဖိုးနဲ့ အရည်အသွေးဆိုတာ ရှိနေပြီးသားပါ ခင်ဗျားတိုရဲ့ တန်ဖိုးနဲ့ အရည်အသွေးကို လိုအပ်နေမယ့်နေရာတွေက အများကြီးရှိနေတာပဲ ခင်ဗျားတို့ကသာ ကိုယ့်တန်ဖိုးကိုကိုယ် မေ့မနေဖို့လိုတာပါ”လို့ ဒေါ်လာနှစ်ဆယ်တန်အကြေကို ကိုင်ပြရင်း ဆက်ပြောလိုက်ပါတယ်။

ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်တန်ဖိုးနဲ့ အရည်အသွေးဆိုတာ ရှိနေကြသလို ကိုယ့်ရဲ့ တန်ဖိုးနဲ့ အရည်အသွေးကို လိုအပ်နေမယ့်နေရာတွေကလည်း အများကြီးရှိနေပါတယ်။ ဒါကြောင့် ကိုယ့်တန်ဖိုးကို ဘယ်တော့မှ မေ့မထားဖို့ အကြံပြုလိုပါတယ်။

Ref: livin3.com “inspiring short stories”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top