ဝေဖန်သံတွေက ဖိုးသော်အတွက်အားဆေးတစ်ခွက်

Sp3yEhRHq8A.jpg

လူမှုကွန်ရက်များအသုံးတွင်ကျယ်လာသည်နှင့်အမျှ လူအများက စိတ်ဝင်တစားစောင့်ကြည့်ခံရသောသူများ တစ်နည်းအားဖြင့် ထင်ရှား ကျော်ကြားသူများကို ဝေဖန်သုံးသပ်ကြသည့်အခါ အကောင်းထက် အဆိုးက ပိုမိုများပြားလေ့ရှိသည်။ လူအများက စိတ်ဝင်စားစွာ စောင့်ကြည့်ကြသည့်အထဲတွင် နိုင်ငံရေးသမားများ၊ အနုပညာရှင်များအပြင် အားကစားသမားများလည်း အပါအဝင်ဖြစ်သည်။

မကောင်းသောအမြင်များဖြင့် ဝေဖန်ပြောဆိုကြသည့်အခါ ပုထုဇဉ်လူသားများဖြစ်သည့်အတွက် စိတ်ဆိုးဒေါသထွက်ခြင်းများဖြစ်လေ့ရှိကြသည်။ အလားတူပင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောက၏ နာမည်ကြီးကစားသမားတစ်ဦးဖြစ်သည့် ဖိုးသော်သည်လည်း ဝေဖန်တိုက်ခိုက်မှုများအကြား ၎င်းလိုရာ ပန်းတိုင်ကိုတက်လှမ်းနေသော အားကစားသမားတစ်ဦးဖြစ်သည်။

ကောင်းမွန်သော မှတ်ချက်ပေးမှုများကို ခွန်အားအဖြစ် အသုံးချပြီး ဝေဖန်တိုက်ခိုက်မှုများကို တွန်းအားအဖြစ်ပြောင်းလဲအသုံးချဖြစ်ကြောင်း ဝေဖန်မှုများအပေါ်ထားရှိသော ၎င်း၏သဘောထားကို ဖိုးသော်ကပြောသည်။

“လူတိုင်းက ဝေဖန်မှုကိုရင်ဆိုင်ရပါတယ်။ ဝေဖန်မခံရတဲ့သူဆိုတာ လောကမှာမရှိပါဘူး။ ကျွန်တော်တို့က professional အားကစားသမားဖြစ်တဲ့အတွက် သာမန်လူတွေထက်ပိုပြီး EQ ကို control လုပ်နိုင်ရမယ်၊ ကျွန်တော့်ကိုတိုက်ခိုက်လာတဲ့ ဝေဖန်မှုအားလုံးက ကျွန်တော်လုပ်နေတဲ့အလုပ်အပေါ်မှာ ပိုပြီးတွန်းအားဖြစ်စေတယ်”ဟု ဖိုးသော်ကဆိုသည်။

သာမန်ပုထုဇဉ်လူသားတစ်ဦးဖြစ်သည့်အားလျော်စွာ စိတ်ခံစားချက်အရ စိတ်ဆိုးဒေါသထွက်ခြင်းများ ရှိသော်ငြားလည်း နိုင်ငံကိုယ်စားပြု စံပြကစားသမားတစ်ဦးဖြစ်ချင်သည့်အတွက် ပြန်လည်တုန့်ပြန်မှုများ ပြုလုပ်သည့်အခါ အပြုသဘောဆောင်သည့်အကောင်းဘက်ကသာ တွေးတောတုန့်ပြန်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

၎င်းရဲ့တုန့်ပြန်ပုံမှာ ဝေဖန်ထောက်ပြလာသောအားနည်းချက်များကို ပိုမိုကြိုးစားပြီး အားသာချက်ဖြစ်အောင် ပြောင်းလဲခဲ့ခြင်းပင် ဖြစ်သည်။

“ပိုပြီးကြိုးစားခဲ့တယ်၊ ကိုယ်လုပ်စရာရှိတာကိုလုပ်ပြီး သူတို့ဝေဖန်တာတွေက မှားနေတယ်ဆိုတာကို အကောင်းဆုံးသက်သေပြခဲ့တယ်။ ဝေဖန်ကြတဲ့အထဲမှာ ကောင်းတာကိုပဲယူမယ်၊ မကောင်းတာကို လျစ်လျူရှုမယ်” ဟု ဖိုးသော်က ၎င်း၏ သဘောထားကို ဖွင့်ဟပြောဆိုခဲ့သည်။

ဖိုးသော်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကကို စတင်ဝင်ရောက်ချိန်ကစပြီး ယခုအချိန်ထိ ပွဲပေါင်း (၈) ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးဖြစ်သည်။ ကြိုးဝိုင်းထဲသို့ စတင်ဝင်ရောက်ခဲ့ချိန်ကစပြီး (၆) ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်မြင်ခဲ့ပြီး မလေးရှားကစားသမား Keanu Subba နှင့် ယှဉ်ပြိုင်ထိုးသတ်ရသော (၇) ပွဲမြောက်သည် ၎င်း၏ပထမဆုံးရှုံးပွဲဖြစ်ခဲ့သည်။

ပထမဆုံးရှုံးပွဲအပြီးတွင် ၎င်း၏ သက်လုံနှင့် ချုပ်ကွက်များအားနည်းမှုအပေါ် အပြင်းအထန်ဝေဖန်မှုများကို လက်ခံရရှိခဲ့သည်။ အဆိုပါဝေဖန်မှုများကို သင်ခန်းစာအဖြစ်မှတ်ယူခဲ့ပြီး နောက်တစ်ပွဲအတွက် အပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့ပြီးနောက် (၈) ပွဲမြောက်တွင် အောင်မြင်မှုကိုပြန်လည်ဆွတ်ခူးနိုင်ခဲ့သည်။။

“ကျွန်တော်အရမ်းပင်ပန်းလာလို့ လက်လျှော့ချင်စိတ် ဖြစ်မိတိုင်းမှာ လူတွေရဲ့ ဝေဖန်မှုတွေကိုနားထောင်ပြီး အားဆေးလို သဘောထားလိုက်တယ်၊ ကျွန်တော်အကောင်းမြင်တတ်မှ စိတ်ချမ်းသာရမယ်၊ အဆိုးမြင်မိရင် ကျွန်တော်အောင်မြင်ဖို့အတွက် အနှောက်အယှက်ဖြစ်စေလိမ့်မယ်”ဟု ဖိုးသော်က ဝေဖန်တိုက်ခိုက်မှုများအပေါ် ၎င်း၏ဖြတ်သန်းပုံများကို ပြောပြသည်။

လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ၌ ကျင်းပမည့် ONE: LEGENDARY QUEST ပြိုင်ပွဲသည် ဖိုးသော်အတွက် (၉) ပွဲမြောက်ပွဲစဉ်ဖြစ်သည့်အပြင် ပထမဆုံးပြည်ပပြိုင်ပွဲလည်း ဖြစ်သည်။ ယခုပွဲတွင် အင်ဒိုနီးရှားနိုင်ငံသား Victorio Senduk နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အဆိုပါပွဲအတွက် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရှိတွင် အမေရိကန်နိုင်ငံ၊ ဘောစတွန်မြို့၌ရှိသော Citadel Martial Arts Gym နှင့် Florian Martial Arts Center တို့တွင် လေ့ကျင့်လျက်ရှိသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top