အောင်လအန်ဆန်ကို စိန်ခေါ်နိုင်ရန် ကြိုးပမ်းနေသည့် Kiamrian Abbasov

kiamrian-abbasov.jpg

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ Istora Senayan အားကစားရုံတွင်ကျင်းပသော ONE: DAWN OF VALOR ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ တွဲဆိုင်း ၁၄ ဆိုင်းစီစဉ်ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၏ အဓိက တွဲဆိုင်းမှာ ONE ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲဖြစ်ပြီး လက်ရှိချန်ပီယံ ဆွီဒင်အားကစားသမား Zebaztian “The Bandit” Kadestam နှင့် စိန်ခေါ်သူ ကာဂျစ္စတန်အားကစားသမား Kiamrian “Brazen” Abbasov တို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲမစမီ က Pancrase Gym Sweden အသင်းသား Kadestam ကသာ အနိုင်ယူပြီး လက်ရှိချန်ပီယံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု အတော် များများက ယူဆခဲ့ကြသည်။ လေ့လာသူများသာမက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အများစုကပါ ဆွီဒင်အားကစား သမား အနိုင်ရမည်ဟု ထင်မှတ်ခဲ့ကြခြင်းကိုလည်း အပြစ်ဟုမဆိုသာပါ။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် နောက်ဆုံး ၃ ပွဲဆက်တိုက်အနိုင်ရထားသလို ပြိုင်ဘက်တိုင်းကို အညှာအတာမရှိ ကြမ်းတမ်းစွာ ချေမှုန်းတတ်သော စွမ်းဆောင်ရည်ကြောင့်ဖြစ်သည်။ ၎င်းသည် မလေးရှားအားကစားသမား Agilan “Alligator” Thani၊ အမေရိကန် အားကစားသမား Tyler McGuire၊ ကာဇက်စတန်အားကစားသမား Georgiy “Knight” Kichigin၊ ဘရာဇီးလ်အားကစားသမား Luis “Sapo” Santos တို့ကို အနိုင်ရခဲ့သူဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship နှင့် ပူးပေါင်းခဲ့သော Abbasov သည် ပွဲ ဦးထွက်တွင် Luis Santos ကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း Agilan Thani၊ ဂျပန်အားကစားသမား Yushin “Thunder” Okami တို့ ကို ၂ ပွဲဆက်အနိုင်ယူပြီးနောက် Kadestam ၏ စိန်ခေါ်သူအဆင့်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ ဆွီဒင်အားကစားသမားနှင့် မယှဉ် ပြိုင်မီ ၂၁ ပွဲနိုင်၊ ၄ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသော အသက် ၂၆ နှစ်အရွယ် Abbasov သည် ငယ်စဉ်ကလေးဘဝကတည်းက ဘဝကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ၎င်း အသက် ၃ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက မိသားစုကိုစွန့်ခွာသွားခဲ့သောကြောင့် မိခင်ဖြစ်သူ Alieva သည် Abbasov နှင့် ညီမငယ်၏ ဘဝရပ်တည်နိုင်ရေးအတွက် ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေးခဲ့သည်။

မိခင်ဖြစ်သူ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသည်ကို မကြည့်ရက်နိုင်သော Abbasov သည် တစ်ချိန်တွင် သားကောင်းတစ်ယောက်ဖြစ် ရေးနှင့် မိဘကို လိုလေသေးမရှိထားနိုင်ရန် ရည်မှန်းချက်ထားရှိခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဘဝကို ရွေးချယ်ခဲ့သည်။ အစောပိုင်းတွင် နပမ်းကိုလေ့လာလိုက်စားကာ နောက်ပိုင်း၌ လက်ဝှေ့နည်းစနစ်များကိုလည်း လေ့လာဆည်းပူးခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ခါးသီးသည့် ဘဝအတွေ့အကြုံ ၊ ပင်ကိုယ်စွမ်းရည်ရှိမှု၊ ကြိုးစားအားထုတ်မှုများကြောင့် နိုင်ပွဲများရရှိခဲ့သည်။ ထို့ကြောင့်လည်း ONE က ၎င်းနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ONE ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ Kadestam နှင့်ပွဲမှာ ဘဝတစ်လျှောက် အမှတ်ရစရာ အကောင်းဆုံးတွဲ ဆိုင်းတစ်ခုဖြစ်ခဲ့ပြီး အသာစီးအနေအထားမှ ထိုးသတ်ကာ ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်သောကြောင့် ဂုဏ်ယူမိသည်ဟုလည်း ၎င်း ကဆိုသည်။

ONE ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက် ၎င်းသည် ယခင်ကထားရှိခဲ့ဖူးသော အိပ်မက်တစ်ခုကို ပြောပြခဲ့ သည်။ ထိုအိပ်မက်က အခြားမဟုတ်ဘဲ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ရေးပင်ဖြစ်သည်။ Kadestam နှင့်မယှဉ်ပြိုင်မီ ဖြေကြားခဲ့သော အင်တာဗျူးတွင် ၎င်းက ဆွီဒင်အားကစားသမားကိုအနိုင်ယူပြီး ONE ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာပါက မစ် ဒယ်ဝိတ်တန်းတွင်ပါ ချန်ပီယံဖြစ်လိုသည်ဟု ဖွင့်ဟခဲ့ဖူးသည်။

လက်ရှိအချိန်တွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေသူ မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လအန်ဆန် ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုတွင်ပြုလုပ်သော ONE: CENTURY PART 2 ပြိုင်ပွဲ၏ အဓိကခေါင်တွဲဆိုင်းအဖြစ် လိုက်ဟဲဗီးဝိတ် ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူ ONE ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Brandon “The Truth” Vera နှင့်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထားသည်။

လက်ရှိအချိန်တွင် အောင်လအန်ဆန်ကို စိန်ခေါ်နိုင်သည့် မစ်ဒယ်ဝိတ်တန်း အားကစားသမားများကိုကြည့်လျှင် ဘရာဇီးလ်မှ Gilberto “Giba” Galvao၊ Leandro Ataides၊ ရုရှားမှ Vitaly Bigdash၊ ပိုလန်မှ Michal Pasternak၊ အမေရိကန်မှ Jake Butler၊ ဂျပန်မှ Ken Hasegawa တို့ရှိနေသည်။ လက်ရှိအနေအထားအရ Bigdash မှာ ဒဏ်ရာရထားသလို Hasegawa မှာလည်း မြန်မာအားကစားသမားကို ၂ ပွဲဆက်ရှုံးနိမ့်ထားသောကြောင့် တတိယအကြိမ်ယှဉ်ပြိုင်ခွင့်ရရန် ခက်ခဲနေသည်ဟု ဆိုနိုင်သည်။

Butler က ၂ ပွဲဆက်ရှုံးထားသလို Pasternak မှာလည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်နောက်ပိုင်း ONE တွင် ယှဉ်ပြိုင်ခြင်းမရှိတော့ပေ။ အဖြစ် နိုင်ဆုံးက နောက်ဆုံးထိုးသတ်ထားသော ၃ ပွဲတွင် အောင်လအန်ဆန်အနိုင်ရဖူးသည့် Bigdash၊ Mohamed Ali၊ Pasternak တို့ကိုအ နိုင်ရထားသည့် Ataides ပင်ဖြစ်သည်။

ပူပူနွေးနွေး ONE ဝယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ Abbasov က ဝိတ်တန်းနှစ်ခု ချန်ပီယံအိပ်မက်အတွက် “မြန်မာ့စပါးအုံး” နှင့် ယှဉ်ပြိုင်လိုသည်ဟု ဖွင့်ဟထားသည်။ သို့သော်လည်း ဝိတ်တန်းအရ ဝယ်သာဝိတ်တန်းသည် မစ်ဒယ်ဝိတ်တန်းထက် တစ်ဆင့်နိမ့်သောကြောင့် Abbasov အနေဖြင့် ကိုယ်အလေးချိန်မြှင့်ကာ ဝိတ်တန်းတက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ONE သည် အခြားသော ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းများနှင့်မတူဘဲ ကွဲပြားသည့်ရပ်တည်ချက်များနှင့် ရှေ့ဆက်နေသည့် အဖွဲ့ အစည်းဖြစ်ပြီး ဝိတ်တန်းမတူသော အားကစားသမားများကို ကိုယ်အလေးချိန်ထိန်းညှိကာ ယှဉ်ပြိုင်ဖူးသည့် သာဓကများစွာရှိခဲ့ဖူးသည်။

အောင်လအန်ဆန်ဆိုလျှင် မစ်ဒယ်ဝိတ်တန်းတွင်သာ ပုံမှန်ယှဉ်ပြိုင်နေသော်လည်း လိုက်ဟဲဗီးဝိတ်တန်းသို့တက်ကာ ၂ ပွဲ၊ ဟဲဗီးဝိတ် တန်းတွင်ယှဉ်ပြိုင်နေသည့် ဟောင်ကောင်အားကစားသမား Alain “The Panther” Ngalani နှင့်လည်း ယှဉ်ပြိုင်ဖူးသည်။ Abbasov ကမူ ဝိတ်တန်းတက်ယှဉ်ပြိုင်ရေးအတွက် အခက်အခဲမရှိဘဲ ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင်အဖြစ် ရပ်တည်လိုသည် ဟု အတိအလင်း ဖွင့်ဟထားရာ ၎င်းမှာလည်း အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သူအဆင့်သို့ ရောက်ရှိလာနိုင် သည်။

“ကျွန်တော် ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်ချင်တယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ချင် တယ်။ ထိုးသတ်ခွင့်ရအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်ရဲ့ကံ ဘယ်လောက်ကောင်းမလဲဆိုတာကိုပဲ စောင့်ကြည့်နေရမှာပေါ့” ဟု Abbasov က ဖွင့်ဟသည်။

မည်သည့်ပြိုင်ဘက်မျိုးကိုမဆို အကြောက်အလန့်မရှိရင်ဆိုင်ကာ နောက်ဆုံး ၇ ပွဲဆက်တိုက်အနိုင်ရထား သော အောင်လအန်ဆန်က လည်း ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တွဲဆိုင်းအတွက် မည်သူ စိန်ခေါ်ခွင့်ရနိုင်မလဲဆိုသည်ကို စိတ် ဝင်တစားစောင့်ကြည့်နေ သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top