အထက်လူကြီးကောင်းတစ်ဦးမှာရှိသင့်ရှိအပ်တဲ့ အမူအကျင့် (၅ ) ခု

How-to-be-a-Good-Boss.jpg

လုပ်ငန်းခွင်မှာ ဝန်ထမ်းမြဲတယ်၊ မမြဲဘူးဆိုတဲ့ အကြောင်းရင်းခံက အထက်လူကြီးကြောင့်ပါ။ မိခင်အဖွဲ့အစည်းနဲ့ သန္ဓေသားဝန်ထမ်းတွေကြားမှာ ချိတ်ဆက်ပေးထားတဲ့ချက်ကြိုးကလည်း အထက်လူကြီးပါပဲ။ မိသားစုလို သဘောထားပြီး လုပ်ငန်းအတွက်လုပ်ပေးနိုင်ဖို့ဆိုရင် ကုမ္ပဏီသူဌေးရဲ့ အပြုအမူ၊ အပြောအဆို၊ လုပ်ဆောင်ချက်တွေကလည်း အရေးပါလှပါတယ်။ ကိုယ်တိုင်က အထက်လူကြီးကောင်းတစ်ယောက်ဖြစ်အောင် နည်းလမ်းကောင်းတွေရှာနေတယ် ဒါမှမဟုတ် ကိုယ့်ရဲ့ အထက်လူကြီးကို သုံးသပ်ချင်တယ်ဆိုရင်တော့ အောက်မှ ဖော်ပြထားတဲ့အချက်လေးတွေနဲ့ ချိန်ထိုး နှိုင်းဆနိုင်ပါတယ်။

၁။ ပြတ်သားတဲ့မျှော်မှန်းချက် ရှိပါစေ

မျှော်မှန်းချက် ဆိုတဲ့နေရာမှာလည်း အနာဂတ်ရေရှည်စီမံကိန်းအတွက်ဖြစ်နိုင်သလို လတ်တလော ကိစ္စအသေးအမွှားအတွက် သတ်မှတ်ချက်ချတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဝန်ထမ်းတစ်ယောက်ကို ဘယ်လိုရလဒ် ဖြစ်စေချင်တယ်ဆိုတာ ပြောပြီး ဒါကိုရဖို့ ဘယ်လိုသွားနိုင်တယ်ဆိုတဲ့နည်းလမ်းကို သူတို့မြင်အောင် လမ်းညွှန်ပေးနိုင်သူဖြစ်ရပါမယ်။

၂။ ထင်မြင်ချက်ပေးပါ

 

ဝန်ထမ်းတွေကို မကောင်းတဲ့ထင်မြင်ချက်ပေးဖို့ အမြဲတမ်း ဆီလိုအပေါက်ရှာနေသူမဖြစ်သင့်ပါဘူး။ အဆင်မပြေနိုင်တဲ့ဆောင်ရွက်ချက်တွေကို လက်ပိုက်ကြည့်နေပြီး ရလဒ်မကောင်းတော့မှ ဘယ်သူ့ကြောင့်ဆိုပြီး အပြစ်တင်တတ်တဲ့အထက်လူကြီးမျိုး မဖြစ်အောင် ရှောင်ရပါမယ်။ ဦးဆောင်သင့်တဲ့နေရာမှာ ဦးဆောင်သင့်သလို ပူးပေါင်းဆောင်ရွက်သင့်တဲ့နေရာမှာ ပူးပေါင်းရပါမယ်။ အပြုသဘောပါတဲ့ထင်မြင်ချက်သာ ပေးသင့်ပြီး အမြဲတမ်း အနုတ်သဘောဆောင်နေရင်တော့ မကောင်းပါဘူး။

၃။ ဝန်ထမ်းတွေရဲ့အတွင်းစိတ်အမှန်ကိုသိအောင်ကြိုးစားပါ

 

ဝန်ထမ်းတွေအတွက်အချိန်ပေးနိုင်ပြီး လိုအပ်လာရင် အာရုံအပြည့်အဝစိုက်နိုင်တဲ့ အထက်လူကြီးမျိုး ဖြစ်သင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ ရင်ထဲကအတွင်းစိတ်အမှန်ကို မြင်အောင်ကြည့်ပြီး သိအောင်ဖြည့်နိုင်သူက အထက်လူကြီးကောင်း မည်ပါတယ်။ လိုအပ်ချက်ကိုနားလည်ပြီး ဂရုစိုက်မှုပေးတဲ့အထက်လူကြီးအတွက်ဆိုရင် အချိန်မရွေးတာဝန်ကျေမယ့်ဝန်ထမ်းတွေကိုရမှာပါ။

၄။ ကြိုးစားမှုကိုအသိအမှတ်ပြုပါ

အလုပ်တစ်ခုပြီးတိုင်းအသိအမှတ်ပြုခံချင်တာက ဝန်ထမ်းတိုင်းရဲ့ဆန္ဒပါ။ ချီးကျူးခံရတာများလွန်းလို့ ငြီးငွေ့သူဆိုတာလည်း မရှိသလောက်ပါပဲ။ ဝန်ထမ်းရဲ့ ဆောင်ရွက်ချက်ထဲမှာ ကိုယ်ကြိုက်တဲ့အချက်တွေကို ချီးကျူးတတ်မယ်ဆိုရင် ပိုပိုပြီးကောင်းလာအောင် ဝန်ထမ်းကဆောင်ရွက်မှာ ဖြစ်ပါတယ်။ ချီးကျူးမှုကို ဆာလောင်တဲ့လူသားတွေဖြစ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကြိုးစားမှုကိုအသိအမှတ်ပြုပေးပါ။

၅။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့အားသာချက်ကိုသိပါစေ

အထက်လူကြီးကောင်းတစ်ယောက်ဆိုတာ အောက်လက်ငယ်သားတွေရဲ့ အားသာချက်၊ အားနည်းချက်ကို သိထားသူဖြစ်ရပါမယ်။ တော်တဲ့လူကိုချီးမြှောက်သင့်သလို သာမန်သာရှိသူတွေကိုလည်း ကြိုးစားချင်စိတ်ဖြစ်အောင်မက်လုံးတွေ ပေးတတ်ရပါမယ်။ ဝန်ထမ်းရဲ့ဆောင်ရွက်မှုကို ငွေအား လူအားနဲ့ ကူ ပေးနိုင်တဲ့လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုက ပိုပြီးကောင်းနေတတ်ပါတယ်။

အခုပာခဲ့တဲ့အချက်တွေအပြင် ကိုယ်တွေ့ခံစားသိရှိချက်ကိုပါပေါင်းစပ်လိုက်ရင်တော့ အထက်လူကြီးကောင်းတစ်ဦး၊ သူဌေးကောင်းတစ်ဦးဖြစ်လာနိုင်မှာ သေချာပါတယ်။

Ref: monster.com “What makes a great boss”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top