အအိုမြန် အရွယ်ကျမြန်စေသော အကြောင်းများ

155-shutterstock_294947456.jpg

“ဘုရား ဘုရား၊ ယုရေ… ကြည့်ပါဦး..၊ ငါ့မျက်လုံးနားမှာ အရေးအကြောင်းလေးတွေ ပေါ်စပြုနေပြီ ”

“အမလေးဟယ်…ဘာများလဲလို့.

…သေရေးရှင်ရေးလဲ မဟုတ်တာကို…ဖြစ်ပျက်နေလိုက်တာ ”

” ဟဲ့…သေရေးရှင်ရေးမဟုတ်ပေမယ့်…သေရေး ရှင်ရေးနီးနီး အရေးကြီးတယ်ဟဲ့…ငါ့အသက်က ခုမှ ၂၅ပဲ ရှိသေးတာ…ဒီလို အရေးအကြောင်းတွေ ဖြစ်ရမယ့်အရွယ် မဟုတ်သေးဘူးလေ….ပုံမှန်ဆို အသက် ၃၀-၃၅ လောက်မှ ဖြစ်ရမယ့်ဟာတွေ ”

“အသက် ၃၀ကျော်မှ အရေးအကြောင်းတွေ ဖြစ်ရမယ်လို့ ဘယ်သူေပြောလဲ? အနေအထိုင် အစားအသောက်မတတ်ရင် အရွယ်မတိုင်ခင် အိုလွယ်တယ်လေ။ မိနန်းရယ်…နင်ဆိုသည်မှာလည်း လှချင်တာပဲရှိတာ…အလှအပ၊ ကျန်းမာရေး ဗဟုသုတ ဘာမှ မလေ့လာ မမှတ်သားဘူး”

” ဆိုလိုတာက ငါ အနေအထိုင် အစားအသောက် မတတ်လို့ အချိန်မတိုင်ခင် ဒီအရေးအကြောင်းတွေ လာပေါ်နေတာပေါ့? ”

” အေးလေ…မဟုတ်လို့လား”

“ပြောပါဦး…ငါ ဘာတွေများလုပ်မိလို့လဲ ?”

“ပြောမှာ ပြောမှာ….ပြောစရာတွေမှ တစ်ပုံကြီး…။

တစ်အချက် – အိပ်ရေးဝဝ မအိပ်ဘူး။ ညညဆို ဖုန်းပွတ်နေတာ ၁၂နာရီ၊ ၁နာရီ…။ မနက်ကျ အလုပ် စောစောသွားရတော့ နင့်မှာ အိပ်ရေးမဝ။

နှစ်အချက် – ရေမသောက်ဘူး။ တစ်နေ့လုံးနေလို့မှ ရေတစ်ဗူးတောင် ကုန်အောင်မသောက်။

သုံးအချက် – အပြင်စာတွေ စားလွန်းတယ်။ နင်စားစားနေတဲ့ ဆိုင်က အစားအသောက်တွေက အချိုမှုန့်တွေ များမှများ၊ အအေးဆိုလည်း သကြားတွေ အချိုတွေ များလွန်းတာတွေ ပဲသောက်။ မိနန်းတို့ Fresh juice သောက်တာ ခပ်ရှားရှားရယ်နော်။

လေးအချက် – နေပူထဲထွက်ရင် Sunscreen ဘယ်တော့မှမလိမ်း…ငါသတိပေးလည်း ပေးပေးပဲ”

” ဟဲ့…ငါက Sunscreen ပဲမလိမ်းတာ…ငါ့အသားအရည်တော့ ငါဂရုစိုက်ပါတယ်။ ငါ့မှန်တင်ခုံလည်း သွားကြည့်လိုက်ဦး… Skin Care တွေအပြည့်ပဲ ”

“အေး… အဲဒါက နံပါတ်ငါးအချက်ပဲ…Skin Care တွေ brand ပေါင်းစုံ တစ်ပုံကြီး အထပ်ထပ်သုံးရင်လည်း အရေးအကြောင်းတွေ ဖြစ်တတ်တယ်။ မယုံရင် စာလေးဘာလေး ရှာဖတ်ကြည့်။ “တန်ဆေး လွန်ဘေး “တဲ့ ကြားဖူးတယ်မလား ”

“အေးပါဟယ်…ဟုတ်ပါပြီ..ဒါပဲလား… ကုန်ပြီလား ပြောစရာ”

“နိုးပါ….မကုန်သေးဘူး။ နံပါတ်ခြောက်အချက်ကတော့…နင် ဆိုရှယ်ကျချင်…ဖေ့စ်ဘုတ်မှ ပုံတင်၊ Check-In တင်ချင်တာနဲ့တင်ပဲ ညဘက်တွေ မကြာမကြာ…Bar တွေသွား… ဘီယာတွေ အရက်တွေသောက်….အဲဒီအရည်တွေကလည်း နင့်ကိုဒုက္ခပေးတာ…နင်လုပ်သမျှတွေက အရေးအကြောင်းတွေကို ဖိတ်ခေါ်နေတာတွေပဲ…”

“မိယုမ…နင်ငါ့ကို ဘယ်အချိန်တည်းက ဖဲ့ချင်နေလည်းမသိ…။ နင်ပြောကာမှ ငါ့မှာ ရစရာ တစ်ကွက်မှ မရှိတော့ဘူး။”

“အေး အေး…အဲဒီလိုစိတ်ဆိုးတာက ခုနှစ်ချက်မြောက် အကြောင်းရင်းပဲ။ စိတ်ဆိုး ဒေသထွက် စိတ်ဖိစီးမှုများ…အဲဒီအကျင့်တွေကို မြန်မြန် ဖျောက်နိုင်ရင်ဖျောက်၊ မဖျောက်နိုင်ရင် နင်တော့ မကြာခင် အိုဇနာကျတော့မှာ…အဟေးဟေး ”

“မိယု!!!!! စိတ်ပုတ်မကြီး…သူများ စိတ်ညစ်နေတာကို။ နင်လည်းပါတယ် အမှန်က…နင် ဒီလောက်သိနေတတ်နေတာ အစတည်းက ကိုယ့်သူငယ်ချင်းလေးကို သတိပေးပါ့လား…ဟွန်း ”

“အံမယ်…ကျွန်မ ရှင့်ကို ဒါတွေသတိပေးနေတာ အခါတစ်ရာမက ရှိနေပါပြီနော်။ သူ့ဟာသူ အရေးမလုပ်ဘဲ…ခု တကယ်ဖြစ်လာမှ ကျုပ်ပြောတာ နားဝင်ပြီး ”

“ဟီး….မသိဘူးလေဟယ်…အရင်က မဖြစ်သေးတော့ ငါက အမှုမဲ့အမှတ်မဲ့ ဖြစ်နေတာပါ ”

” ဟွန်း ”

“ဒါဆို…..ဒါပဲလား….ငါ့မှာ အခြားအချက်တွေရောပြောစရာရှိသေးလား?”

“နင့်မှာတော့ ဒီလောက်ပဲ။ ကျန်တဲ့….ဒီလိုမျိုး အရွယ်မတိုင်ခင် စောစောစီးစီး အိုမင်းရင့်ရော်ရတဲ့ တစ်ချက်ကတော့…ဆေးလိပ်သောက်တာ..ဒါမှမဟုတ်…သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူရတာ…ကံကောင်းတာက ငါတို့က မိန်းကလေး အဆောင်ဆိုတော့ ဆေးလိပ်သောက်တဲ့သူ မရှိ…ရုံးမှာလည်း ဆေးလိပ်သောက်တဲ့သူ မရှိတော့..တော်သေးတာပေါ့ ”

” ကျေးကျေးပါ သယ်ရင်းလေးရေ…..ဒါနဲ့ ဒါတွေ ပျောက်ပါတော့မလားမသိ….”

“ပျောက်ပါတယ်အေ…..ခုနက ငါပြောထားတဲ့ နင့်ရဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖို့ပြင်….အသားအရည်ကို စနစ်တကျဂရုစိုက်…ခုမှ ငယ်ငယ်လေးရှိသေးတယ်…ပြန်ကောင်းမှာ မပူနဲ့…..ဒါနဲ့မှမရရင်လည်း စိတ်မပူနဲ့…..ခေတ်မှီနည်းတွေ အလှအပဆိုင်ရာ ဆေးခန်းတွေမှ တစ်ပုံကြီး…ဟုတ်ပလား”

“အိုခေပါ ချစ်သယ်ရင်းလေးရေ့”

မေ@ဆေး ၂ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top