ဥပဒေသစ်အရ ဆေးဝါးအမှတ်တံဆိပ်တွေ ပြန်လည်မှတ်ပုံတင်ဖို့ လိုအပ်

yyl-029.jpg

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအသစ်အရ လုပ်ထုံးလုပ်နည်းနဲ့အညီ မှတ်ပုံတင်ထားပြီးသားဖြစ်တဲ့ ဆေးဝါးထုတ်ကုန် အမှတ်တံဆိပ်တွေလည်း ပြန်လည်မှတ်ပုံတင်ဖို့ လိုအပ်လာတယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောပါတယ်။

အခုလို မှတ်ပုံတင်ခြင်းအားဖြင့် မိမိရဲ့ထုတ်ကုန် အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ကာကွယ်မှုတွေရမှာ ဖြစ်တဲ့ အပြင် အခြားတုပမှုတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အများကြီး အကျိုးရှိတယ်လို့လည်း ၎င်းက ဆိုပါတယ်။

ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်ပြီး အဲဒီဥပဒေကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ မူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ပြောပါတယ်။

အခုလို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပထမဦးဆုံးအနေနဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနဲ့ အညီ ပြုလုပ်ရမယ့် မှတ်ပုံတင်ခြင်းကိစ္စကို စတင်ဆောင်ရွက်မှာဖြစ်ပြီး ယခင်က လုပ်ထုံးလုပ်နည်းနဲ့အညီ မှတ်ပုံ တင်ထားပြီးသား အမှတ်တံဆိပ်တွေလည်း ပြန်လည်မှတ်ပုံတင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်မှာ ၈၅ ရာခိုင်နှုန်းက ပြည်ပက တင်သွင်းနေတာဖြစ်ပြီး အိန္ဒိယနိုင်ငံက ဆေးဝါးတွေကို အများဆုံး အသုံးပြုနေကြတာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်မှာ အိန္ဒိယနိုင်ငံက ဆေးဝါးတွေက ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ နေရာယူထားပါတယ်။

မူပိုင်ခွင့်ဥပဒေဟာ သက်ဆိုင်ရာ ကုန်သွယ်မှုစနစ်ကို မြှင့်တင်သွားနိုင်ဖို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ထုတ်လုပ်သူတွေနဲ့ စားသုံးသူတွေအတွက် တစ်စုံတစ်ရာသော အကာအကွယ်ရရှိဖို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းတာ ဖြစ်တယ်လို့ ဒေါက်တာမိုးမိုးသွယ်က ပြောပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top