ထင်းခြောက်ပမာ လူ့ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားသည်သာ လူ့အဆင့်အတန်း

old-man-are-weaving-in-countryside-M6TYBNU.jpg

(၁) လိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေ မပြည့်နိုင်ကြတဲ့ လူ့လောက ထဲမှာ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်သူမဆို အထက်တန်းကျကျ၊ မျက်နှာပန်းလှလှ ဘဝတွေကိုပဲ ရရှိပိုင်ဆိုင်ချင်ကြမှာပါ။ စားတဲ့သောက်တဲ့ နေရာမှာ အဆင့်မီမီ၊ အဝတ်အစား၊ အသုံးအဆောင်ဆိုရင်လည်း အဆင့်အတန်းမီမီ၊ လူမှုဆက်ဆံ ရေးပိုင်းမှာလည်း အဆင့်အတန်းရှိရှိ ..စတဲ့ အသံတွေနဲ့အတူ ‘အဆင့်အတန်း’ဆိုတဲ့စကားကို နေရာစုံ၊ နယ်ပယ်စုံမှာ ကြားရ တတ်တယ်။ ‘အဆင့်အတန်း’စကားသံနဲ့အတူ ‘ဂုဏ်’၊ ‘သိက္ခာ’ လို့ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေလည်း နောက်ဆက် တွဲအနေနဲ့ ကပ်ပါလာတတ်ပါတယ်။လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာ၊ တန်ဖိုးထားမှု၊ စောင့်စည်းမှု တွေနဲ့အတူ လူ့အဆင့်အတန်းကို ကျွန်တော်တို့တွေ ဘယ်လို တိုင်းတာနေကြသလဲ၊ ဘယ်လိုတွေ တိုင်းတာခဲ့ကြလဲ။

မြန်မာအဘိဓာန်တစ်ခုထဲမှာတော့ ‘ဂုဏ်’ဆိုတာ ‘သက်ရှိ သက်မဲ့တို့၏ အရည်အချင်း အစွမ်းသတ္တိ’ဖြစ်ပြီး ‘သိက္ခာ’ဆိုတာ ‘အကျင့်သီလ၊ အကျင့်သီလရှိသောဂုဏ်’ဖြစ်ပါသတဲ့။ ‘အဆင့် အတန်း’ဆိုတဲ့စကားကိုတော့ ‘ပညာ၊ ဂုဏ်ရည် .. စသည် အနိမ့်အမြင့် အခြေအနေ’လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာ တွေ့ရ ပါတယ်။

(၂) လွတ်လပ်ပွင့်လင်း ယဉ်ကျေးခြင်းများဆီ ဦးတည်လာပြီဖြစ်တဲ့ ဒီကနေ့ခေတ်မှာ လူတွေရဲ့ အဆင့်အတန်းသတ်မှတ်ချက်ပုံစံ တွေကို လေ့လာကြည့်လိုက်မယ်ဆိုပါစို့။ ဒီလူက အောက်တန်းစာရေး၊ ဒီလူကြီးကတော့ အထက်အရာရှိစသဖြင့် လူတစ်ယောက်ရဲ့ ရာထူးဂုဏ်သိန်ကိုကြည့်ပြီး အဆင့်အတန်း ခွဲတတ်ကြတယ်။ လက်လုပ်လက်စား ဆင်းရဲသား၊ မြို့မျက်နှာဖုံး လူချမ်းသာ၊ မီလျံနာဆိုပြီး စည်းစိမ်ဥစ္စာ ပြည့်စုံကြွယ်ဝမှုအလိုက် အဆင့်အတန်း ခွဲခြားပြောဆိုကြတာ ရှိတယ်။

နောက် …သူကတော့ တောသား၊ သူကတော့ မြို့သား၊ သူတို့ကဖြင့် နိုင်ငံကြီးသားတွေပေါ့ …ဆိုပြီး လူတွေ နေထိုင်ရှင်သန်ရာ နေရာဒေသအလိုက် လူ့အဆင့်အတန်းကို ခွဲခြားသတ်မှတ်ကြသလို ပညာတတ်ခြင်း/မတတ်ခြင်း၊ အောင်လက်မှတ်ဘွဲ့ဒီဂရီ ရခြင်း/မရခြင်းစတဲ့ သတ်မှတ်ချက်တွေကလည်း လူမှုပတ်ဝန်းကျင်မှာ လူတစ်ယောက်ရဲ့အဆင့်အတန်းကို တိုင်းတာဖို့ အရေးပါနေတာ တွေ့ရပြန်တယ်။ တကယ့် လူမှုဘဝထဲမှာတော့ လုပ်ပိုင်ခွင့်၊ ရာထူးတွေရ ထားတိုင်း၊ ငွေကြေးဥစ္စာ ချမ်းသာတိုင်း၊ အတန်းပညာ၊ အတတ် ပညာတွေ တတ်တိုင်း ဂုဏ်သိက္ခာရှိတယ်၊ အဆင့်အတန်း ရှိ တယ်လို့ တစ်ထစ်ချမှတ်ယူမရနိုင်တဲ့ ဂုဏ်သိက္ခာမဲ့ လူ့မလိုင်တွေ ရှိနေတတ်ပါတယ်။

ဥပမာအနေနဲ့ အဖြစ်အပျက်လေးတစ်ခု ပြောပြပါရစေ။ ကျေးလက်တောရွာမှာ နေထိုင်တဲ့ နွမ်းနွမ်းပါးပါး မိန်းမပျို လေးတစ်ယောက်ဟာ သူ့မိသားစုဝမ်းရေးအတွက် မြို့ကြီးပေါ် တက်ပြီး အလုပ်ရှာရတယ်။ သူ့မှာ အတန်းပညာလည်း မရှိတော့ ကြုံရာ ရရာအလုပ်ရှာရင်း ခေတ်ပညာတတ် သူဌေးကြီးတစ်ဦးရဲ့ အိမ်ကို အိမ်အကူအဖြစ်နဲ့ ရောက်သွားတယ်။ တစ်နေ့ လူ့အထက်တန်းလွှာတွေရဲ့ မိတ်ဆုံစားပွဲတစ်ခုမှာ ဝိုင်းဖွဲ့သောက်စားပြီး ပြန်လာတဲ့ အဲဒီပညာတတ်သူဌေးကြီးကပဲ အားနွဲ့တဲ့ အိမ်အကူမလေးကို အနိုင်ကျင့်ပြီး ကာမကိစ္စ ရယူ လိုက်တယ်။ ဒီကိစ္စ ဖုံးမရ ဖိမရဖြစ်လို့ ရုံးရောက်ဂတ်ရောက်ဖြစ် မယ်ဆိုတော့ လူ့အထက်တန်းလွှာလို့ သတ်မှတ်ခြင်းခံထားရတဲ့ သူဌေးကြီးက ငွေနဲ့ပေါက်ပြီး ရှင်းဖို့ကြိုးစားတယ်။ ‘ငွေများ တရားနိုင်’စကားလက်ကိုင်ထားပြီး အကျင့်ပျက်လာဘ်စားမှုကို ခုံမင်တဲ့ ရှေ့နေ၊ တရားသူကြီးတို့ကို လိုက်ရှာတယ်။

နောက်ဆုံး ကောင်မလေးက အားမသန်လို့ မာန်လျှော့ပြီး အရှက်ကိုအသက်နဲ့ လဲသွားခဲ့ရတယ်ပေါ့။ ဒီဇာတ်လမ်းကို အဆုံး သတ်လိုက်တာနဲ့ ယုတ်မာတဲ့သူဌေးကြီးလို ပစ္စည်းဥစ္စာ ကြွယ်ဝ တိုင်း၊ လာဘ်စားတဲ့ တရားသူကြီးလို လုပ်ပိုင်ခွင့်အာဏာရှိတိုင်း ဂုဏ်သိက္ခာ အဆင့်အတန်းမရှိဘူးဆိုတာ သိသာပါတယ်။ ပစ္စည်း ဥစ္စာ၊ ရာထူးအာဏာတွေရှိပေမယ့် ကိုယ်ကျင့်တရားကို မထိန်း နိုင်ဘူးဆိုရင် လူယုတ်မာစာရင်းထဲ ဝင်သွားတော့တာပါပဲ။ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ ကျော်ကတည်းက ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘုရားရှင်က လူတစ်ယောက်ရဲ့အဆင့် အတန်းကို ကျန်တဲ့အရာ ဂုဏ်ပကာသန၊ ငွေကြေးဥစ္စာ ကြွယ်ဝ မှုတွေနဲ့မတိုင်းတာဘဲ ကိုယ်ကျင့်တရားနဲ့သာတိုင်းတာဖို့ မိန့်ကြား ဆုံးမခဲ့တာပါ။

(၃) သိပ်မဝေးလှတဲ့ နှစ်ကာလများ အပိုင်းအခြားတစ်ခုထိ ကမ္ဘာ ပေါ်မှာ ကျေးကျွန်စနစ်နဲ့ လူဖြူ လူမည်းခွဲခြားဆက်ဆံမှုတွေ အားကောင်းခဲ့သလို ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်တုန်း ကလည်း အိန္ဒိယနိုင်ငံမှာ လူတွေရဲ့အဆင့်အတန်းကို အမျိုးဇာတ် နဲ့ ခွဲခြားသတ်မှတ်မှု သိပ်ပြီးအားကောင်းခဲ့ကြောင်း မှတ်သားရပါ တယ်။ Caste System လို့ခေါ်တဲ့ အမျိုးဇာတ်ခွဲခြားမှုပုံစံအရ ဘုရား ပွင့်တော်မူခဲ့ရာ အိန္ဒိယနိုင်ငံမှာ ခတ္တိယ-မင်းမျိုးမင်းနွယ်၊ ဗြဟ္မဏ-ပုဏ္ဏားမျိုးနွယ်၊ ဝေဿ-ကုန်သည်မျိုးနွယ်၊ သုဒ္ဒ-ဆင်းရဲသားမျိုးနွယ် ..ဆိုပြီး လူတွေရဲ့အဆင့်အတန်းကို အလွှာလေးခု၊ ဇာတ်လေးခုနဲ့ ကန့်သန့်ပိုင်းခြားခဲ့တာပါ။

တကယ်လို့ လူတစ်ယောက်ဟာ ခတ္တိယမျိုးနွယ်ထဲက မွေး လာရင် သူဟာ စိတ်ပိုင်းဆိုင်ရာအရည်အသွေး ညံ့ဖျင်းနေရင်လည်း တစ်သက်လုံး မင်းမျိုးမင်းနွယ်ဖြစ်ပါတယ်။ ဆင်းရဲသား သုဒ္ဒမျိုးနွယ်ထဲက လူဟာလည်း ဘယ်လောက်ပဲ ထက်မြက် သည်ဖြစ်စေ တစ်သက်လုံး အနှိမ်ခံ နင်းပြားဘဝနဲ့ အရိုးထုတ်ရ တတ်တာပါ။ မျိုးရိုးနိမ့်သူက မွေးရင် တစ်သက်လုံး ဇာတ်နိမ့်၊ မျိုးရိုးမြင့်တဲ့ အသိုင်းအဝိုင်းကဆိုရင် တစ်သက်လုံး ဇာတ်မြင့်ဆိုတဲ့ သတ်မှတ် ချက်ဟာ အဲဒီလူ ပြုလုပ်တဲ့ ကုသိုလ်၊ အကုသိုလ်၊ ကြိုးစားအား ထုတ်မှု၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်သီလ …စတာတွေကို လျစ်လျူရှုရာကျလွန်းပါတယ်။ ဒါဟာ ဓမ္မကို အခြေမခံဘဲ မျိုးရိုး ဇာတ်ကိုအခြေခံထားတဲ့အတွက် မှန်ကန်မှု မရှိဘူးလို့ ဗုဒ္ဓမြတ် စွာက ထောက်ပြပြီးမှ အားကြီးတဲ့ဇာတ်စနစ်ကို အစောဆုံး တော်လှန်ခဲ့တာပဲဖြစ်ပါတယ်။

ဝါသေဋ္ဌသုတ္တန်မှာ ဟောကြားခဲ့တဲ့ ဘုရားရှင်ရဲ့မိန့်ကြားချက်အရ လူရဲ့အဆင့်အတန်းကို သတ်မှတ်တဲ့နေရာမှာ ရာထူး၊ ဥစ္စာ၊ အတတ်ပညာ၊ အမျိုးအနွယ်တွေထက် သူ့ရဲ့လုပ်ရပ်ကသာ အဓိ ကဖြစ်ပါတယ်။ ဘုရင်ကြီးဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ ဝန်ကြီး ချုပ်ပဲဖြစ်ဖြစ်၊ လက်လုပ်လက်စား ဆင်းရဲသားလေးပဲဖြစ်ဖြစ် ကုသိုလ်အလုပ်မှာ မွေ့လျော်ရင် သူတော်ကောင်း၊ အကုသိုလ် မကောင်းမှုတွေနဲ့ ထမင်းဝနေရင် သူယုတ်မာပဲ ဖြစ်ပါတယ်။

(၄) လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ အဆင့်အတန်းကို တိုင်းတာ တဲ့နေရာမှာ ကိုယ်ကျင့်သီလက သိပ်ပြီးအရေးကြီးပါတယ်။ အဲဒီလို အရေးကြီးတဲ့အတွက် ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာ တော်ကြီးက ‘ကိုယ်ကျင့်တရားသည်သာ လူ့အဆင့်အတန်း’ဆို တဲ့ခေါင်းစဉ်နဲ့ တရားတော်တစ်ပုဒ် ဟောကြားခဲ့တာပါ။ ဒါ့အပြင် ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်မှာ တည်သလို လူ့ဂုဏ် သိက္ခာဟာ ကိုယ်ကျင့်သီလမှာသာ တည်ကြောင်းကိုလည်း ပါမောက္ခချုပ်ဆရာတော်ကြီးက အခုလို ဟောကြားပါတယ်။

‘လူတွေ လိုက်နာရမယ့် စည်းကမ်းဥပဒေတွေ အရာရာမှာ ရှိကြတယ်။ လူလည်း လူ့စည်းကမ်းနဲ့၊ ရဟန်းလည်း ရဟန်းစည်း ကမ်းနဲ့ဆိုတာလိုပေါ့။ သီလဆိုတာ Morality လို့ပြောတယ်။ ကိုယ်ကျင့်သိက္ခာပေါ့။ ကိုယ်ကျင့်တရားဆိုတာ လူ့သိက္ခာပဲလေ။ Human Dignity လို့ ခေါ်တယ်။ လူတွေရဲ့သိက္ခာဆိုတာ ကိုယ်ကျင့်သီလမှာ ရှိ တယ်။ လူတွေရဲ့ဂုဏ်တွေဟာလည်းပဲ ကိုယ်ကျင့်သီလမှာပဲ ရှိ တယ်။ ကိုယ်ကျင့်သီလပျက်တာနဲ့ လူတွေရဲ့ဂုဏ်အရည်အချင်း တွေဟာ အကုန်ယိုကျ ပျက်စီးသွားတာ။ ကုသိုလ်တရားတွေ၊ ကောင်းတဲ့အခြေအနေတွေအားလုံးဟာ ပျက်စီးသွားတာ။

ဒါကြောင့်မို့ စာပေကျမ်းဂန်မှာဆိုထားတဲ့စကားလေးက ခြင်္သေ့ ဆီဟာ သိင်္ဂီရွှေခွက်မှာသာ တည်သလို ကောင်းကျိုးချမ်းသာပေး နိုင်တဲ့ကုသိုလ်တရားတွေဟာ သီလမှာပဲ တည်တယ်လို့ဆိုတယ်။ သီလမရှိဘူးဆိုရင်တော့ ယိုကျပျက်စီးသွားမှာပဲ။ ကုသိုလ်တရား တွေဟာ မရပ်တည်တော့ဘူးလို့ ဆိုတယ်။ ဒါကြောင့်မို့ ကိုယ်လုပ်တဲ့ကုသိုလ်ကောင်းမှုတွေ ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ တည်မြဲနေဖို့အတွက်က သံယမလို့ဆိုတဲ့ စောင့် စည်းတဲ့ကုသိုလ်၊ ဒါမျိုး ရှိရမယ်။ ကျင့်ဝတ်၊ Ethic လို့ခေါ်တဲ့ ကိုယ်ကျင့်တရားတွေပေါ့။ အဲဒါ ကိုယ့်မှာ အခိုင်အမာရှိရမယ်လို့ ဆိုလိုတာ’။

(၅) ဗုဒ္ဓစာပေတွေ ရေးသားတဲ့နေရာမှာ ဓမ္မကို ရသမြောက်အောင် တင်ပြရေးဖွဲ့နိုင်စွမ်းရှိလှတဲ့ ဆရာကြီးဦးရွှေအောင်ကတော့ လူတစ်ယောက် ကိုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးသွားပြီဆိုရင် တခြားအရာတွေပါ လိုက်ပါပျက်စီးဆုံးရှုံးရကြောင်းကို သစ်ပင်တစ်ပင်မှာပါဝင်တဲ့ အပိုင်းသုံးပိုင်းနဲ့ ခိုင်းနှိုင်းသတိပေးထား တာ တွေ့ရပါတယ်။’သစ်ပင်တစ်ပင်ကို ကြည့်သောအခါ အမြစ်ပိုင်း၊ ပင်စည်ပိုင်း၊ အကိုင်းအခက်ပိုင်းဟူ၍ သုံးပိုင်းပါဝင်သကဲ့သို့ လူ့ဘဝတွင်လည်း ကိုယ်ကျင့်တရားပိုင်း၊ အသိပညာပိုင်းနှင့် အတတ်ပညာပိုင်း၊ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာပိုင်းဟူ၍ပင် အပိုင်းသုံးမျိုး ပါဝင်၏။ သစ်ပင်တွင် အမြစ်ပိုင်းပျက်စီးသွားပါက ကျန်သောပင်စည်ပိုင်းနှင့် အကိုင်းအခက်ပိုင်းတို့သည် ဘာမှ အသုံးမကျဘဲ ထင်းခြောက်ပမာသာ ဖြစ်၏။

ထို့နည်းတူပင် လူ့ဘဝတွင်လည်း ကိုယ်ကျင့်တရားပိုင်း ပျက်စီးသွားပါက ကျန်သောအသိပညာပိုင်းနှင့် အတတ်ပညာပိုင်း၊ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာပိုင်းတို့သည် အလွန်ကြောက်စရာ ကောင်းသော လောက၏အဆိပ်များသာ ဖြစ်၏။ ‘ဝဠဝါမုခ’ခေါ် အလွန်ကြောက်စရာကောင်းသော ကမ္ဘာဖျက်မီးနှင့် တူ၏’လို့ ‘ဓမ္မပဒ’စာအုပ်၊ ‘ယမကဝဂ်’ပိုင်းပါ ‘ဒေဝဒတ်’ဇာတ်လမ်းမှာ ဆရာကြီး ဦးရွှေအောင်က ရေးသားတင်ပြခဲ့တာပါ။

ဖော်ပြခဲ့တဲ့ ဗုဒ္ဓဒေသနာလာ လမ်းညွှန်ချက်တွေထဲကနေ ကျွန်တော်တို့အနေနဲ့ ခံယူ ကျင့်သုံးစရာက လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် အာဏာပါဝါနဲ့ ကိုယ်ကျိုးစီးပွားဖြစ် ထွန်းမှုတွေထက် ပိုပြီး အလေးထားရမယ့်အရာတစ်ခု ရှိသေး တယ်ဆိုရင် အဲဒါဟာ ‘ကိုယ်ကျင့်တရား’ပဲ ဖြစ်တယ်ဆိုတဲ့အ ကြောင်းပါ။ ရာထူးဂုဏ်သိန်၊ လူ့စည်းစိမ်ဆိုတဲ့ အပေါ်ယံအဆင့် အတန်းသတ်မှတ်ချက်တွေ ရရှိခံစားနိုင်ဖို့သက်သက်အတွက်နဲ့ ကိုယ့်ရဲ့အကျင့်သီလ၊ ကိုယ်ကျင့်တရားကို အပျက်ယွင်းမခံကြဖို့ပဲ ဖြစ်ပါတယ်။ ဘဝမှာ လုပ်ပိုင်ခွင့်၊ ရာထူးကြီးတွေ ရှိထားတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ပိုင်ခွင့်တွေကို တလွဲအသုံးချနေရင်တော့ သူရထားတဲ့ ရာထူးအာဏာဆိုတာ အဆိပ်ပြင်းလက်နက် တစ်ခုလိုပဲ ပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်နေမှာပါ။

ငွေကြေးဥစ္စာတွေ ကျိကျိတက် ကြွယ်ဝပြီးမှ လူ့ကိုယ်ချင်းစာ တရားမဲ့ပြီး အရာရာကို ငွေနဲ့ပဲ အနိုင်ယူချင်နေရင်လည်း အဲဒီ လူဟာ ဂုဏ်သိက္ခာမဲ့ လူချမ်းသာကြီးပဲ ဖြစ်နေမှာပါ။ ‘သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားဆိုတာ ကိုယ် ကျင့်တရားကို တန်ဖိုးထားတာဖြစ်တယ်။ ကိုယ်ကျင့်တရားကို မစွန့်လွှတ်ဘူး။ ဘာအကြောင်းနဲ့မှ မစွန့်လွှတ်ဘူး။ အသက်ကို စွန့်ချင် စွန့်ရပါစေ။ ကိုယ်ကျင့်တရား မပျက်ပြားစေတာ သူတော် ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ’ဆိုတဲ့ ပါမောက္ခချုပ်ဆရာ တော်ကြီးရဲ့ ဆုံးမလမ်းညွှန်မှုအတိုင်း ကိုယ့်အဆင့်အတန်းကို ကိုယ်ကျင့်တရားနဲ့သာ တည်ဆောက်နိုင်ကြဖို့ပါပဲ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top