စုပေါင်းအင်အားနဲ့ အများအကျိုးထမ်းဆောင်သွားမယ့် “တို့ အင်အား ပရဟိတ လူမှုကူညီရေး အဖွဲ့”

13886432_1022589221188135_1309324356444607961_n.jpg

မိမိတို့ တတ်နိုင်တဲ့ ငွေအင်အား၊ လူအင်အားနဲ့ လောကကြီးကို အလှဆင်နေကြတဲ့ ပရဟိတ အဖွဲ့တွေ ရှိနေတာဟာ လူ့အဖွဲ့အစည်းအတွက်တော့ ဂုဏ်ယူစရာလို့ ဆိုရမှာပါ။ ဒီလို မွန်မြတ်တဲ့ စိတ်ကောင်း စေတနာတွေနဲ့ ဖွဲ့စည်းထားတဲ့ ပရဟိတ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ “ တို့အင်အား ပရဟိတ လူမှုကူညီရေး အဖွဲ့” ကို ရိုးရာလေးက မကြာသေးမီက သွားရောက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုဇင်ထွန်းသူ၊ မဟေမာန်စိုးဝင်း၊ မနှင်းလဲ့မွန်တို့နဲ့ အင်တာဗျူး အမေးအဖြေတွေကို ဆီလျော်အောင် ပြန်လည်ရေးသား ဖော်ပြပေးလိုက်ရပါတယ်။

မေး ။ ။ အစ်ကိုတို့ အနေနဲ့ ဒီ “တို့အင်အား ပရဟိတ လူမှုကူညီရေး အဖွဲ့” ကို ဘယ်အချိန်က စပြီး တည်ထောင်ဖြစ်တာလဲ၊ “တို့အင်အား” ဆိုတဲ့ နာမည်ကိုရော ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးဖြစ်တာလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ အဖွဲ့ဝင်အားလုံးရဲ့ အင်အားနဲ့ တကယ်လိုအပ်တဲ့ လူတွေကို ကူညီသွားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “တို့အင်အား“ ဆိုတဲ့ နာမည်ကို ပေးဖြစ်ခဲ့တာပါ။ “ဒို့“ ဆိုရင် အတ္တဆန်ကောင်း ဆန်သွားမှာ စိုးတဲ့ အတွက် “တို့” ဆိုပြီး သုံးဖြစ်ခဲ့တာပါ။ အဖွဲ့စတင် တည်ထောင်ဖြစ်တာကတော့ ၂၀၁၅ ခုနှစ် ရေဘေးတုန်းကပေါ့ … ရေဘေးသင့် ပြည်သူတွေအတွက် ကိုယ်တိုင် ထိထိရောက်ရောက် သွားလှူဒါန်းချင်တဲ့ စိတ်နဲ့ပဲ အဲဒီတုန်းက ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ သင်တန်းတက်နေကြတဲ့ သင်တန်းသူသင်တန်းသား သူငယ်ချင်းတွေ စုပြီး တည်ထောင်ဖြစ်သွားတာပါ။ အဲဒီအချိန်မှာ အစ်မတို့က လူငယ်လည်းဖြစ်တယ်၊ ကျန်းမာရေး၊ စီးပွားရေး၊ စိတ်ဓာတ်ရေးအရ ကောင်းမွန်နေတဲ့ အနေအထားလည်း ရှိတယ်ဆိုတော့ ဒီအချိန်မှာ လူမှုရေးမလုပ်ရင် တကယ်လိုအပ်နေတဲ့လူတွေ အရမ်းနစ်နာသွားမှာ စိုးရိမ်တဲ့အတွက် အဖွဲ့ကို စပြီးတည်ထောင်ဖြစ်တာပါ။

အကုန်လုံးကလည်း ပရဟိတစိတ် ထက်သန်နေတဲ့ အချိန်ဆိုတော့ အဖွဲ့နာမည်ပေးတာ၊ လိုဂို ဒီဇိုင်းဆွဲတာတွေ ချက်ချင်းဆိုသလို လုပ်ဖြစ်သွားတာပါ။ နောက်နေ့တွေကစပြီး ကျောင်းကန်တင်းနဲ့ ကျောင်းပတ်ဝန်းကျင်မှာ အလှူခံတဲ့ အလုပ်တွေ စလုပ်ဖြစ်ပါတယ်။ ဆိုင်တွေကလည်း ဆန်အိတ်တွေနဲ့ တခြား စားသောက်ကုန်တွေ လှူကြပါတယ်။ အဖွဲ့ဝင်တွေကလည်း အလှူငွေ ထည့်ဝင်ကြတယ်။ ပထမဆုံးအလှူမှာ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကြွက်ကျွန်းကျေးရွာ ရေဘေးသင့်ပြည်သူတွေ အတွက် တန်ဖိုးငွေအားဖြင့် စုစုပေါင်း ငါးဆယ့်ကိုးသိန်းကျော် (၅,၉၂၅,၈၀၀ ကျပ်) ကို လှူဒါန်းနိုင်ခဲ့ပါတယ်။

မေး ။ ။ အစ်ကိုတို့ အဖွဲ့ရဲ့ လှုပ်ရှားမှုလေးတွေ အကြောင်း သိပါရစေ။

ဖြေ ။ ။ အဖွဲ့အနေနဲ့တော့ စောစောကပြောတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းတာက ပထမဦးဆုံး လှုပ်ရှားမှုပါ။ အဲဒီနောက်ပိုင်းမှာ ရန်ကင်းကလေးဆေးရုံနဲ့ အမျိူးသား သွေးလှူဘဏ်တို့မှာ အခါအခွင့်သင့်သလို သွေးလှူဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ စာရေးကိရိယာနဲ့ အဟာရဒါန လှူဒါန်းတာတွေ၊ စိတ်ကျန်းမာရေး ဆေးရုံမှာ အာဟာရဒါန ကျွေးမွေး လှူဒါန်းတာတွေရှိသလို သန်လျင် သဘာဝတရားရိပ်သာအတွက် ဆန်အိတ်တွေလှူတာ၊ တိုက်ကြီးမြို့နယ်၊ ချောင်းကျိုးကျေးရွာ၊ အာစိဏ္ဏ သီရိပရဟိတ ဓမ္မရိပ်သာကျောင်းအတွက် ဝါဆိုသင်္ကန်းနဲ့ ဆွမ်းလှူဒါန်းတာတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ အလယ်ဆည်ရွာ၊ တစ်ပေကုလား၊ အပေါင်တစ်လုပ်ကျေးရွာတွေက ရေဘေးသင့် ပြည်သူများအတွက်လည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ အခုလက်ရှိ အချိန်အထိ စုစုပေါင်းလှူဒါန်းငွေ စာရင်းအရ ကျပ်သိန်း (၁၀၀) ကျော်  အထိ ရှိနေပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း အလားတူ ပရဟိတ လှုပ်ရှားမှုတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ အစ်ကိုတို့ အနေနဲ့ အခုလို ပရဟိတ လုပ်တဲ့ အခါမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေများ ဖြစ်မလဲ။

ဖြေ ။ ။ စိန်ခေါ်မှုအနေနဲ့တော့ ဘာမှ ကြီးကြီးမားမား မကြုံခဲ့ရပါဘူး။ အဖွဲ့ဝင်တွေကလည်း ပရဟိတအတွက်ဆို စိတ်အား တက်ကြွစွာနဲ့ ပါဝင်ကြတာမို့ စိတ်တူကိုယ်တူ ရှိကြပါတယ်။ ပြီးတော့ အားသာချက်တစ်ခုအနေနဲ့ ဘာရှိသလဲဆိုတော့ ဒီ အဖွဲ့က လူတွေက စီးပွားရေးနဲ့ လုပ်ငန်းစီမံခန့်ခွဲမှုအပိုင်းတွေကို လေ့လာထားသူတွေ၊ ကိုယ်တိုင်လည်း လုပ်ငန်းခွင်တွေမှာ ပါဝင်လုပ်ကိုင်နေကြသူတွေဆိုတော့ အလှူတစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် အသေးစိတ် တွက်ချက်ပြီး စီမံကြပါတယ်။

မေး ။ ။ အဖွဲ့ဝင်ဖို့ပဲ ဖြစ်ဖြစ်၊ လူအင်အား၊ ငွေအင်အား ထည့်ဝင်ဖို့ပဲ ဖြစ်ဖြစ် “တို့ အင်အား ပရဟိတ လူမှုကူညီရေး အဖွဲ့“ ကို ဆက်သွယ်ချင်ရင် ဘယ်လို ဆက်သွယ်နိုင်မလဲ သိပါရစေ ခင်ဗျာ ။

ဖြေ ။ ။ အဖွဲ့ဝင်မယ်ဆိုရင်တော့ အဖွဲ့ဝင်ဖောင် ဖြည့်ရပါမယ်။ လစဉ်အလှူငွေ – ၃၀၀၀ ကျပ် သတ်မှတ်ထားပေမယ့် ပိုပြီး လှူလည်း ရပါတယ်။ ပါဝင်ကူညီ ကုသိုလ်ယူချင်ရင် ကိုမင်းဇော်သိန်း (ဖုန်း – ၀၉-၄၅၄၄၄၇၂၃၄)၊ ကိုညင်သာဖြိုးမောင်မောင် (ဖုန်း – ၀၉-၅၄၀၇၄၈၂)၊ ကိုကျော်ထွန်းလင်း ( ၀၉-၂၅၄၀၃၈၇၅၇ ) တို့ကို ဆက်သွယ်နိုင်ပါတယ်။ တို့အင်အား ပရဟိတ လူမှုကူညီရေး အဖွဲ့ရဲ့ facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/doeinarr  ကလည်း ဆက်သွယ်နိုင်ပါတယ်။ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း အဲဒီကနေ စောင့်ကြည့်နိုင်ပါတယ်။

(ဓာတ်ပုံတွေကို “တို့အင်အား ပရဟိတ လူမှုကူညီရေးအဖွဲ့” ရဲ့ facebook စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top