အိမ်မှာနေရင်း အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးကြမယ်

23-4-2020-yyl-010.jpg

အိုမင်းရင့်ရော်မှုရဲ့လက္ခဏာရပ်တွေကို အရင်ဆုံး သင့်မျက်နှာမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ မျက်နှာမှာ အရေးအကြောင်းတွေနဲ့ ပါးရေတွန့်တာတွေ တွေ့လာရနိုင်ပါတယ်။ အရေးအကြောင်းနဲ့ ပါးရေတွန့်တာတွေမဖြစ်အောင် ခရင်မ်နဲ့ ဆီရမ်တို့ကို အသုံးပြုလို့ရသလို သဘာဝနည်းလမ်းတွေနဲ့လည်း တိုက်ဖျက်လို့ရပါတယ်။ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ဖို့အတွက် အသုံးပြုမယ့် တချို့ပစ္စည်းတွေက အိမ်မှာ အလွယ်တကူရနိုင်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေကို ရောစပ်ပြီး အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ရမှာဖြစ်ပါတယ်။ အခုလိုအိမ်တွင်းအောင်းနေရတဲ့အချိန်မှာ အိုမင်းရင့်ရော်မှုတွေမဖြစ်အောင် အသားရေထိန်းသိမ်းလို့အကောင်းဆုံးပါပဲ။ အိမ်မှာ အလွယ်တကူရနိုင်တဲ့ ဘယ်လိုပစ္စည်းတွေနဲ့ ဘယ်လိုရောစပ်ပြီး အသားရေထိန်းသိမ်းရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်..။

ကြက်ဥနဲ့ သံပုရာရည်

သင့်အသားရေက အသက်အရွယ်ရလာတာနဲ့ အမဲစက်တွေ၊ အရေးအကြောင်းတွေဖြစ်လာပြီဆိုရင် ဒီနည်းက အကောင်းဆုံးပါပဲ။ ကြက်ဥအကာကို ယူပြီး သံပုရာရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရောစပ်လိုက်ပါ။ ဒီအရောအနှောကို ဝါဂွမ်းစလေးနဲ့ သင့်မျက်နှာပေါ်မှာ လိမ်းလိုက်ပြီး မိနစ် (၂၀) လောက် ခြောက်သွားအောင် အချိန်ပေးထားလိုက်ပါ။ ခြောက်သွားတာနဲ့ မျက်နှာကို သန့်စင်လိုက်ပါ။ ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က မျက်နှာကို တင်းရင်းစေသလို သံပုရာရည်က မျက်နှာပေါ်က အမဲစက်တွေကို မှေးမိန်သွားစေနိုင်ပါတယ်။

သကြားနဲ့ပျားရည်

သကြားက မျက်နှာရဲ့ဆဲလ်အသေသားရေတွေနဲ့ အခြောက်သွေ့မှုကို ဖယ်ရှားပေးတဲ့နေရာမှာ အကူအညီပေးပါတယ်။ သကြား (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ကို ရောစပ်လိုက်ပြီး မျက်နှာမှာ နှိပ်နယ်လိမ်းပေးပါ။ မျက်နှာကို ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးသင့်ပါတယ်။ မျက်နှာကို မနာကျင်အောင် သေချာဂရုစိုက်သင့်ပါတယ်။ ပြီးရင် (၁၀) မိနစ်လောက် ထားလိုက်ပြီး ရေနဲ့ သန့်စင်ပေးပါ။ သကြားက ဆဲလ်အသေတွေ ဖယ်ရှားပေးပြီး ပျားရည်က အညစ်အကြေးတွေကို သန့်စင်သွားစေတဲ့အတွက် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။

ရေနွေးကြမ်းနဲ့ ချင်း(ဂျင်း)

အသားရေအတွက် အကျိုးကျေးဇူးတွေပေးတဲ့ ရေနွေးကြမ်းက အိုမင်းရင့်ရောင်မှုကို နှေးသွားအောင် ကူညီပေးနိုင်ပါတယ်။ ရေနွေးကြမ်းကျိုပြီး ချင်းပြုတ်ရည်အနည်းငယ်ထည့်လိုက်ပါ။ ဆူပွတ်လိုက်ပြီးဆိုရင် အေးသွားအောင်ထားပါ။ ပြီးရင် ဝါဂွမ်းစနဲ့ သင့်မျက်နှာမှာ လိမ်းပေးပြီး (၁၅-၂၀) မိနစ်လောက်ထားပါ။ အဲဒီနောက် မျက်နှာကို သန့်စင်ပေးလိုက်ရုံပါပဲ။ ဒီနည်းက သင့်အသားရေကို ကြည်လင်စေသလို အိုမင်းရင့်ရော်မှုရဲ့လက္ခဏာရပ်တွေကို လျော့နည်းသွားစေမှာဖြစ်ပါတယ်။

ငှက်ပျောသီးနဲ့ သံလွင်ဆီ

အရေးအကြောင်းနဲ့ ပါးရေတွန့်တာတွေကို ဖယ်ရှားချင်တဲ့သူတွေအတွက် ဒီနည်းက ကောင်းကောင်းအလုပ်ဖြစ်မှာပါ။ ငှက်ပျောသီးကို ခြေမွပြီး သံလွင်ဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ရောစပ်ကာ သမအောင်မွှေပါ။ ပြီးရင်မျက်နှာမှာ လိမ်းလိုက်ပြီး (၁၅) မိနစ်လောက် ထားလိုက်ပါ။ အဲဒီနောက် မျက်နှာသန့်စင်လိုက်ရုံပါပဲ။ ငှက်ပျောသီးက ပိုတတ်စီယမ်၊ ဇင့်စ်နဲ့ ဗီတာမင်ဓာတ်တွေ ပြည့်ဝပြီး အိုမင်းရင့်ရော်မှုတွေ မဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။ သံလွင်ဆီကလည်း အသားရေကို စိုပြည်စေတဲ့ သဘာဝဓာတ်တွေပါဝင်ပါတယ်။

စပျစ်ရည်နဲ့ နှင်းဆီရည်

ဒီနည်းအတွက် စပျစ်သီးကို အရည်ရအောင်ညှစ်ပေးပါ။ စပျစ်သီးအစိမ်းရောင်နဲ့ အနီရောင်(၂) မျိုးလုံးရပါတယ်။ ညှစ်ထားတဲ့စပျစ်ရည်ထဲကို နှင်းဆီရည်အစက်အနည်းငယ်ရောထည့်ပြီး သမအောင်မွှေကာ မျက်နှာမှာ လိမ်းလိုက်ပါ။ စပျစ်သီးက မျက်နှာကို တင်းရင်းစေတဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ ပါဝင်ပြီး နှင်းဆီရည်က အေးမြမှုကို ပေးစွမ်းသလို မျက်နှာက အဆီတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

Ref: 5 anti-ageing ingredients that can be easily found in your kitchen

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top