နေ့တိုင်းလိုလို ခေါင်းကိုက်နေတဲ့သူတွေ တစ်နေ့တာနေထိုင်မှုပုံစံကို ပြောင်းလဲသင့်ပြီ

17-7-2021-yyl-23.jpg

ခေါင်းကိုက်တာက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့အရာတစ်ခုပါပဲ။ တစ်နေ့လုံးအလုပ်လုပ်ရတဲ့အခါ ခေါင်းမှာ ဖိအားတွေစုလာပြီး ခေါင်းကိုက်တာဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက ခေါင်းကိုက်တာကို နေ့တိုင်းခံစားနေရပါတယ်။ ခေါင်းကိုက်တာကို ခံစားနေရရင် သင့်အလုပ်ကို အနှောင့်အယှက်ဖြစ်စေသလို စိတ်အတက်အကျလည်း ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာက ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်သလို လူနေမှုပုံစံပြဿနာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့်မဟုတ်ဘဲ ခေါင်းပုံမှန်ကိုက်နေတယ်ဆိုရင် သင့်ရဲ့တစ်နေ့တာနေ့ထိုင်မှုပုံစံကို ပြောင်းလဲပစ်သင့်ပါပြီ။

ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးပါ

တစ်နေ့တာမှာ မနက်အိပ်ရာထကနေ ညအိပ်တဲ့အချိန်အထိ သင် စားသုံးလိုက်တဲ့ အစားအစာကလည်း ခေါင်းကိုက်တာကို အစပျိုးနိုင်ပါတယ်။ ကဖင်းဓာတ်ပမာဏများလွန်းတာ၊ လက်ဖက်ရည်၊ အရက်အသောက်များတာ၊ ဆားများတဲ့သွားရည်စာ၊ အသင့်စားအစားအစာတွေစားလွန်းတာတွေကလည်း ခေါင်းကိုက်တာကိုဖြစ်စေပါတယ်။ ခေါင်းကိုက်တာကိုဖြစ်စေတဲ့ အစားအစာတွေကို သတိပြုမိပြီး အဲဒီလိုအစားအစာတွေစားသုံးတာကို လျော့ချပေးပါ။ မနက်စာ၊ နေ့လည်စာ မစားဖြစ်ရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် နေ့တိုင်းလိုလို ခေါင်းကိုက်တာကို သက်သာချင်ရင် ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးပေးသင့်ပါတယ်။

ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ

ကိုယ်နေဟန်ထားအားနည်းတာကလည်း ခေါင်းကိုက်တာကို ဖြစ်စေပါတယ်။ သင့်ပခုံးကို ကိုင်းထားပြီး လျော့တိလျော့ရဲအနေအထားနဲ့ ထိုင်တာက သင့်ခေါင်း၊ လည်ပင်းနဲ့ ပခုံးတွေမှာဖိအားဖြစ်စေပြီး ခေါင်းကိုက်တာဖြစ်လာစေနိုင်ပါတယ်။ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားပါ။ အညောင်းဆန့်ပေးပါ။ တစ်နာရီတစ်ခါနားပေးသင့်ပါတယ်။

စိတ်ဖိစီးမှုမဖြစ်အောင် နေပါ

စိတ်ဖိစီးမှုကလည်း ခေါင်းကိုက်ခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ပြဿနာကို ပုံမှန်လိုလို ခံစားနေရတဲ့သူဆိုရင် စိတ်ဖိစီးမှုပမာဏကို ထိန်းဖို့ ကြိုးစားကြည့်ပါ။ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ လမ်းခဏလျှောက်တာတွေက သင့်စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုဟော်မုန်းပမာဏကို ထိန်းပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုပမာဏကို ထိန်းဖို့ ခက်ခဲနေတယ်ဆိုရင် ဆရာဝန်ပြကြည့်သင့်ပါတယ်။

ဆေးလိပ်သောက်တာ ရှောင်ပါ

အရိုးသားဆုံးပြောရရင် ဆေးလိပ်သောက်တာက ဘာကျန်းမာရေးကောင်းကျိုးမှမရှိပါဘူး။ အဆုတ်ပျက်စီးစေပြီး ကိုယ်ခံအားလည်း လျော့နည်းစေပါတယ်။ အခုဆိုရင် ခေါင်းကိုက်တာက ဆေးလိပ်သောက်တာရဲ့ဆိုးကျိုးစာရင်းမှာပါဝင်လာပါပြီ။ ဆေးလိပ်သောက်တာက ခေါင်းကိုက်တာကို ဖြစ်စေပါတယ်။ တစ်နေ့ကို ဆေးလိပ်အများကြီး သောက်ရင် အစာမရှိဘဲ ဆေးလိပ်သောက်ရင် ခေါင်းကိုက်တာ ပိုပြင်းထန်ပါတယ်။

အိပ်ချိန်မှန်အောင် အိပ်ပါ

တစ်နေ့လုံး အလုပ်လုပ်ပြီးသွားရင် သင့်ခန္ဓာကိုယ်က စွမ်းအင်ပြည့်ဝလာဖို့အတွက် အနားယူဖို့ အချိန်လိုအပ်ပါတယ်။ သင့်ဉီးနှောက်ကို အနားမပေးဘဲ နောက်ကျမှ အိပ်စက်တာက ခေါင်းကိုက်တာဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာအိပ်ချိန်ကို အချိန်ဇယားဆွဲထားပါ။ တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်စက်ပါ။

Ref: 5 lifestyle changes you should make if you suffer from regular headaches
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top