ကားဟောင်းတွေပြင်ပြီး လိုအပ်နေသူတွေဆီ လှူဒါန်းပေးနေသူ

17-7-2021-yyl-20.jpg

လက်ရှိ စားသောက်ဆိုင်ကို ဉီးစီးနေတဲ့ အသက် ၃၈ နှစ်အရွယ် အီလီရော့ မစ်ဒယ်တန် (Eliot Middleton) ဆိုသူဟာ ငယ်ငယ်လေးတုန်းက သူ့အဖေ ကားပြင်သွားတဲ့နေရာတိုင်းလိုက်ပြီး စက်ပြင်ဆရာတွေ ကားပြင်နေတာကို ကြည့်ခဲ့တာပါ။ အဲဒီလို လိုက်ပြီးကြည့်ခဲ့တဲ့ ရလဒ်ကြောင့် ကြီးလာတော့ သူတတ်တဲ့ပညာလေးနဲ့ ကျေးလက်ဒေသက လူတွေကို ကူညီပေးနိုင်ခဲ့ပါတယ်။ အရင်က သူဟာ သူ့စားသောက်ဆိုင်ကနေ အစားအသောက်တွေ ထုတ်ပိုးပြီး အစားအစာတွေလှူဒါန်းပေးခဲ့တာပါ။ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ သူက သူ့ဆီလာရောက်တဲ့လူတွေကို ကားလက်ဆောင်ပေးချင်တဲ့စိတ်ကူးရှိခဲ့ပါတယ်။ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာ သူ့ဖခင် သေဆုံးသွားပြီးတဲ့နောက်မှာတော့ အီလီရော့က သူ့ဖခင်ရဲ့အမွေကို လက်ဆင့်ကမ်းတဲ့အနေနဲ့ စွန့်ပစ်ထားတဲ့ကားတွေကို ပြင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်တစ်လျှောက်ရှိ ကျေးလက်တောရွာက လူတွေကို ကားတွေလှူဒါန်းခဲ့ပါတယ်။

သူက စက်ပစ္စည်းချွတ်ယွင်းပျက်စီးနေတဲ့ကားတွေကို ရရှိဖို့အတွက် သူ့စားသောက်ဆိုင် Middleton’s Village BBQ ကို လာရောက်စားသောက်တဲ့သူတွေဆီကနေ အလှူခံခဲ့ပါတယ်။ သူ့ရဲ့ပရောဂျက်ကို ပံ့ပိုးဖို့အတွက် အွန်လိုင်းကနေလည်း အလှူခံခဲ့ပါသေးတယ်။ အီလီရော့ရဲ့ခြံဝင်းကတော့ ကားသင်္ချိုင်းမြေပါပဲ။ အီလီရော့က ကား အစီး (၁၀၀) ကို စုဆောင်းမိခဲ့ပြီး ပြင်ဆင်ထားတဲ့ကားတွေနဲ့ ရပ်ရွာက မိသားစုဝင် (၃၃) ဉီးကို အံ့အားသင့်စေခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ထားတဲ့ကားတွေကို ရခဲ့တဲ့တချို့လူတွေကတော့ တစ်ကိုယ်တည်းမိခင်တွေ၊ အလုပ်ရှာဖွေနေတဲ့သူတွေနဲ့ ဆရာဝန်ပြနေရတဲ့ သက်ကြီးရွယ်အိုတွေပါပဲ။ ပြီးခဲ့တဲ့ ခရစ်စမတ်လကလည်း ဂျက်စီကာ လစ်ချ်ဖီးတ် (Jessica Litchfied) ဆိုသူ တစ်ကိုယ်တည်းမိခင်ကို ၂၀၀၄ မော်ဒယ် Suzuki ကားတစ်စီးလှူဒါန်းခဲ့ပါတယ်။

အီလီရော့က သူ့ရဲ့ပရောဂျက်ကို Middleton’s Village To Village Foundation လို့ခေါ်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းအဖြစ် မကြာသေးခင်ကမှ ပြောင်းလဲပစ်ခဲ့ပါတယ်။ သူ့အဖွဲ့ရဲ့အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဂျန်နင်စ် (Jennings) ဆိုသူကို ငှားရမ်းခဲ့ပါတယ်။ ဂျန်နင်စ်ဆိုသူက စက်ပြင်သမားတစ်ယောက်ဖြစ်ပြီး အီလီရော့ကို အရမ်းလေးစားနေသူပါ။ သူစိမ်းတွေအတွက် ကားတွေကို ပြင်ဆင်ပေးဖို့အတွက် အီလီရော့ကို ကူညီပေးနေတာပါ။ သူက အီလီရော့ဘေးမှာ နေပြီး သူ့ရဲ့ပရောဂျက်မှာ ပါဝင်ပေးခဲ့တာပါ။ အခုလထဲမှာပဲ ဂျန်နင်စ်က အလုပ်ပြုတ်သွားခဲ့တဲ့အတွက် အီလီရော့ဆီကနေ အကူအညီပိုရှိခဲ့ပါတယ်။

ကားဟောင်းတွေကို ပြင်ပြီး ကျေးလက်တောရွာက မိသားစုတွေဆီ လှူဒါန်းနေတဲ့ အီလီရော့အကြောင်းကို သတင်းဌာနတွေကလည်း မျှဝေပေးခဲ့ပါတယ်။ အဲဒါရဲ့အကျိုးဆက်ကြောင့် အီလီရော့ဆီ ကားအစီး (၈၀၀) နီးပါးလှူဒါန်းလာကြတယ်လို့ သိရပါတယ်။

Ref: CNN & CBSNews “This restaurant owner spends his free time fixing old cars and donating them to people in need”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top