အသားတု စားလို့ အားရှိသလား

9-7-2020-yyl-003.jpg

အသားတု ကို စားသုံးကြတာ သက်သတ်လွတ်သမားတွေတင် မကပါဘူး။ ကြာဆန်ချက်၊ ကြာဆန်ကြော်၊ ခေါက်ဆွဲကြော် တို့မှာ ထည့်သွင်းလေ့ ရှိကြတယ်လေ။ အတော်များများ စားလေ့ရှိတဲ့ အစားအစာပါ။

အသားတု စားတာ အသားအစားထိုး စားသုံးဖို့ စိတ်ဖြေတာပဲလား။ အာဟာရအတွက် ဘယ်လောက် အကျိုးပြုနိုင်သလဲ ဆိုတာ တွေးကြည့်ရအောင်။

အသားတုကို ပဲပုပ်ပဲကို အခြေခံပြီး ထုတ်လုပ်ကြတာ များပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် အပြည့်အဝ ရနိုင်တာမို့ အရသာရော အာဟာရပါ အသားအစားထိုး ဖြည့်ဆည်းပေးနိုင်ပါတယ်။
ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ

(၁) နှလုံးကျန်းမာရေး ကောင်းစေတယ်

ပဲပုပ်ပဲ ရဲ့ ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှု အတွက် မရှိမဖြစ် အရေးပါပါတယ်။ ပရိုတင်း ဆိုတာ နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones ပါဝင်မှုကြောင့် မကောင်းတဲ့ ကိုလက်စထရော တွေကို လျော့ကျစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေး ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

(၂) သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေတယ်

ပဲပုပ်ပဲမှာ ပါတဲ့ Isoflavones ကြောင့်ပဲ သွေးဆုံးတဲ့အရွယ် အမျိုးသမီးတွေမှာ အက်စထရိုဂျင်ဟော်မုန်း ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေ အနေနဲ့ ပဲနို့၊ ပဲပြား၊ အသားတု အပါအဝင် ပဲပုပ်ပဲ နဲ့ ပြုလုပ်တဲ့ အစားအသောက်တွေ စားသုံးခြင်းအားဖြင့် အက်စထရိုဂျင်လျော့နည်းမှု နဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။

(၃) အရိုးပွရောဂါ ကို ကာကွယ်ပေးတယ်၊ သက်သာစေတယ်

ပဲပုပ်ပဲ က သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွခြင်းကိုသက်သာစေတဲ့ ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်း တို့ကြောင့် ဒီအန္တရာယ်ကို များစေတာပါ။ အသားက ရတဲ့ ပရိုတင်းက ပဲပုပ် ကရတဲ့ ပရိုတင်းထက် ဆီးအတွင်း ကယ်လ်စီယမ်ရောပါဆုံးရှုံးမှု ပိုများတယ် လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှု ကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှု အန္တရာယ်ကို လျော့နည်းစေပါတယ်။

(၄) အစာခြေစနစ် ကို ကောင်းမွန်စေပါတယ်

ပဲပုပ်ပဲ မှာ ကြွယ်ဝတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းက အဆိပ်အတောက် တွေကို စွန့်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းလျှောတဲ့သူ ဖြစ်ဖြစ် ၊ ဝမ်းချုပ်တတ်တဲ့သူ ဖြစ်ဖြစ် လေထိုးလေအောင့် ဖြစ်တတ်တဲ့သူ ဖြစ်ဖြစ် အစာခြေစနစ် ပြန်ကောင်းအောင်လို့ ပဲပုပ်ပဲကို စားပေးလို့ ရပါတယ်။

(၅) ကင်ဆာ ကာကွယ်တယ်

ပဲပုပ်ပဲ က ရင်သားကင်ဆာ ကာကွယ်ပေးတယ် လို့ ဆိုပါတယ်။ ဒါတင် မကဘဲ ပဲနို့ များများသောက်တတ်တဲ့၊ ပဲပုပ်ပဲ ထုတ်ကုန်တွေ စားသုံးလေ့ရှိတဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုပါ လျော့နည်းစေတယ်လို့သိရပါတယ်။

(၆) ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိတယ်

ပဲပုပ်ပဲ မှာပါတဲ့ isoflavones ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက နာတာရှည်ရောဂါတွေ အတွက် အကျိုးထူးပါတယ်တဲ့။ ဓာတ်တိုးခြင်းကို လျော့ကျစေပြီး ထိခိုက်မှု နည်းစေတဲ့ အတွက် အသည်းထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။

(၇) သွေးအား ကောင်းစေပါတယ်

ပဲပုပ်ပဲဟာ သံဓာတ်နဲ့ ကော်ပါးဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥ ထုတ်လုပ်မှုကို အားပေးပြီး သွေးအားကောင်းစေပါတယ်။ ဒါ့အပြင် haemoglobin လို့ခေါ်တဲ့ အောက်ဆီဂျင် သယ်ပေးတဲ့ သွေးနီဥဆဲလ် ထုတ်လုပ်မှု ကိုလည်း အားပေးတာကြောင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်ရစေပါတယ်။

(၈) အိပ်ပျော်စေပါတယ်

ပဲပုပ်ပဲမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ သင့်ကို ညဘက် ကောင်းကောင်း အိပ်ပျော်စေမှာ ဖြစ်လို့ ညည အိပ်မပျော်တဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုနော် ။

(၉) အဝမလွန်အောင် ထိန်းပေးပြီး ကိုလက်စထရောကို ကျစေတယ်

ပဲပုပ်ပဲက အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာလည်း ခါးပတ်လည် အဆီကျစေဖို့ အထောက်အကူ ပြုတယ်လို့ သိရပါတယ်။ လိုအပ်တဲ့ ပရိုတင်း ပမာဏကို ဖြည့်တင်းပေးနိုင်လို့ Diet လုပ်နေသူတွေ အတွက် အသုံးဝင်တဲ့ အာဟာရ ဖြစ်ပါတယ်။

(၁၀) ခုခံအားကို ကောင်းမွန်စေပါတယ်

ပဲပုပ်ပဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် တို့ဟာ ခုခံအားကို အားပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

ဒီလို ကောင်းကျိုးတွေ ရှိနေတာမို့ အသားတု စားလို့ အားရှိစေနိုင်တာပေါ့။ ဒါပေမယ့် အရည်အသွေး ပြည့်မီတဲ့ အသားတု ဖြစ်ဖို့တော့ အရေးကြီးပါတယ်။ တာရှည်ခံဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေ ပါဝင်နေတာ၊ လတ်ဆတ်မှု မရှိတာ၊ မှို တက်နေတာ စတဲ့ အချက်တွေရှိနေတဲ့ အသားတု တွေကိုတော့ သတိထား ရှောင်ရှားသင့်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top