မှတ်ဉာဏ်အားကောင်းစေမယ့် အထိရောက်ဆုံးနည်းလမ်း (၅) ခု

23-6-2020-yyl-043.jpg

ကျောင်းသားပဲဖြစ်ဖြစ် လုပ်ငန်းရှင်ပဲဖြစ်ဖြစ် လူတန်းစားမရွေး မှတ်ဉာဏ်ထက်မြက်ဖို့ အရေးကြီးလှပါတယ်။ အခုနောက်ပိုင်း လူတိုင်းလိုလိုက တစ်ခုခုဆို အလွယ်တကူ မေ့တက်လာကြပါတယ်။ အထူးသဖြင့် အလုပ်ရှုပ်တဲ့အခါမျိုးမှာ၊ အလျင်လိုနေတဲ့အခါမျိုးမှာပါ။ တချို့ဆိုရင် အိမ်ပြင်ထွက်တာနဲ့ အိမ်မှာ တစ်ခုခုမဟုတ်တစ်ခု မေ့ကျန်နေတတ်ကြပါတယ်။ အမြဲလိုလို မှတ်ဉာဏ်အားနည်းလာတာက ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အလုပ်ခွင်မှာသာ မေ့တတ်လာရင်တော့ သင့်လုပ်ရည်ကိုင်ရည်ကို ထိခိုက်လာစေရုံသာမက သင့်ဘဝမှာလည်း ပြင်းထန်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ မှတ်ဉာဏ်ဆုံးရှုံးတာကို ကာကွယ်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ မှတ်ဉာဏ်အားနည်းမသွားအောင် ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။ သင့်မှတ်ဉာဏ်ကို သဘာဝအတိုင်း အားကောင်းလာစေဖို့အတွက် နည်းလမ်းတချို့ကို လုပ်ကြည့်သင့်ပါတယ်။ ဒါကြောင့် သင့်ဦးနှောက်ကျန်းမာရေးအတွက် အထိရောက်ဆုံးနည်းလမ်း (၅) ခုကို ဖော်ပြပေးလိုက်ရပါတယ်။

အာဟာရပြည့်ဝစွာနဲ့ အချိန်မှန် အစာစားပါ

တချို့လူတွေက အစားအသောက်နဲ့ပတ်သက်ပြီး အာရုံစိုက်မှုနည်းပါတယ်။ တစ်ခါတလေ မနက်ခင်းစာတောင် မစားတော့ဘဲ နေ့ခင်းမှ ပေါင်းစားတာမျိုးရှိကြပါတယ်။ စားသင့်တဲ့အချိန်မှာ အလွတ်မခံဘဲ တစ်နေ့ကို (၃) နပ် မဖြစ်မနေ စားပေးသင့်ပါတယ်။ အဆီများပြီး စပ်တဲ့အစားအစာတွေကို အရမ်းစားတာကလည်း သင့်ရဲ့ဦးနှောက်ကျန်းမာရေးအတွက် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီအချက်တွေလုပ်မိရင် နောက်ပိုင်းမှာ မှတ်ဉာဏ်ချို့ယွင်းတာတွေဖြစ်လာနိုင်ပါတယ်။ တစ်နေ့ (၃) နပ်ပြည့်အောင် မစားဖြစ်တာက ကိစ္စအသေးအမွှားဖြစ်တဲ့ပုံပေါ်ပေမယ့် သင့်စိတ်ကျန်းမာရေးအတွက်လည်း သက်ရောက်မှုရှိပါတယ်။ တစ်နေ့တာအစားအစာမှာ အရောင်သွေးစုံလင်လှတဲ့ အသီး၊ ဟင်းသီးဟင်းရွက်တို့ ပါဝင်သင့်ပါတယ်။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေက အာဟာရဓာတ်နဲ့ အန်တီအောက်ဆီဒန့်ဓာတ်တွေ ပါဝင်စွာ ပါဝင်တာကြောင့် သင့်ဦးနှောက်ကျန်းမာရေးအတွက် ကောင်းပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ

လှုပ်လှုပ်ရှားရှားနေပါဆိုတာနဲ့ Gym သွားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ Gym သွားစရာမလိုဘဲ ကိုယ့်ကိုယ်ကိုယ် ကိုယ်လက်လှုပ်ရှားလုပ်အောင် ထိန်းပေးဖို့လိုပါတယ်။ အားကစားတစ်ခုခုကစားတာ၊ လမ်းလျှောက်တာ၊ ကတာ စတဲ့ ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှား ဖြစ်မယ့်အရာတွေကို လုပ်ကြည့်ပါ။ ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှားနေတာကလည်း သွေးလည်ပတ်မှုနဲ့ ဇီဝဖြစ်စဉ်အားကောင်းစေတဲ့အပြင် ဦးနှောက်ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားကောင်းစေတဲ့အတွက် ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ်ပါပဲ။

လေ့လာပါ..စာများများဖတ်ပါ

တချို့လူတွေက စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ပိုပြီးအလေးထားကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သွက်လက်ဖို့ရော စိတ်ပိုင်းဆိုင်ရာ နိုးကြဖို့ပါ နှစ်ခုလုံးက သင့်အတွက် အရေးကြီးပါတယ် သင့်ဦးနှောက်အားစိုက်ရတဲ့အရာတွေကို ကြိုးစားကြည့်ပါ။ စာများများဖတ်ပေးတာက သင့်မှတ်ဉာဏ်ကို အားကောင်းစေတဲ့အပြင် ဗဟုသုတလည်း ကြွယ်ဝစေပါတယ်။ မှတ်ဉာဏ်အားကောင်းစေဖို့ဆိုရင် ဦးနှောက်ကို လှုပ်ဆော်ပေးဖို့ လိုအပ်တာကြောင့် ဉာဏ်စမ်းမေးခွန်းတွေဖြေတာ၊ ဂဏာန်းသင်္ချာတွက်ချက်တာ (ဒါမှမဟုတ်) တူရိယာတစ်ခုခု သင်ယူတာတွေ လုပ်ကြည့်သင့်ပါတယ်။

အပေါင်းအသင်းဝင်ဆံ့ပါစေ

မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံတာ၊ အပြန်အလှန်စကားပြောတာတွေက စိတ်ပိုင်းဆိုင်ရာအရ သင့်အတွက် ကောင်းရုံသာမက သင့်ဦးနှောက်ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တာကလည်း စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာတွေကို လျော့ချပေးနိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် မှတ်ဉာဏ်အားကောင်းလာစေနိုင်သလို မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ တစ်ယောက်တည်း တစ်နေ့လုံး ထိုင်နေမယ့်အစား သင့်ချစ်ခင်တဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး အချိန်ယူကြည့်သင့်ပါတယ်။

ကောင်းကောင်းအိပ်စက်ပါ

သင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကောင်းကောင်းအနားယူဖို့လည်း အရေးကြီးပါတယ်။ အနားယူတယ်ဆိုတာက ရုပ်ပိုင်းရော၊ စိတ်ပိုင်းရောနှစ်ခုလုံးအနားယူတာကို ဆိုလိုတာပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးအောင်မနေပါနဲ့။ စိတ်ဖိစီးမှုဟော်မုန်းက ဦးနှောက်မှာရှိတဲ့ အဓိက မှတ်ဉာဏ် Hippocampus ကို ပျက်စီးစေပြီး မှတ်ဉာဏ်ချို့ယွင်းသွားစေနိုင်ပါတယ်။ (၇) နာရီ (၈) နာရီလောက် ကောင်းကောင်းအိပ်စက်တာက ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ မှတ်ဉာဏ်အားကောင်းဖို့နဲ့ စိတ်ဖိစီးမှုကင်းဝေးဖို့အတွက် တရားထိုင်ပေးလို့လည်းရပါတယ်။

Ref: 5 most effective ways to keep your memory sharp

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top