မြက်ခင်းစိမ်းတွေနဲ့အပြိုင် စိမ်းစို လတ်ဆတ်နေတဲ့ ၃၃ နှစ်သား မက်ဆီ

23-6-2020-yyl-038.jpg

မက်ဆီက ကမ္ဘာကျော် တော်လှန်ရေးခေါင်းဆောင် ချီဂွေဗားရားနဲ့ မွေးတဲ့လ၊ မွေးတဲ့မြို့ တူတယ်။ ၁၉၈၇ ခုနှစ် ဇွန်လ ၂၄ ရက်က အာဂျင်တီးနား၊ ရိုဆာရီယိုမြို့မှာ သူ့ကို မွေးတယ်။ သူ့အဖေက သံမဏိစက်ရုံဝန်ထမ်း၊ သူ့အမေက သန့်ရှင်းရေးဝန်ထမ်းပါ။ ဘောလုံးမျိုးရိုးမရှိဘူး။ ဒါပေမဲ့ သူက ငယ်ငယ်ကတည်းက ဘောလုံးကန်ကောင်းတယ်။ ပြဿနာက တခြားကလေးတွေလောက် ထွားကျိုင်း ကြံ့ခိုင်မှုမရှိတာပဲ၊ အသက် ၁၀ နှစ်အရွယ်မှာတော့ သူ့မှာ ကြီးထွားဖွံ့ဖြိုးမှုဟော်မုန်း ချို့တဲ့ရောဂါရှိနေမှန်း သိလိုက်ရတယ်။ ဒါဟာ ဘောလုံးသမားဖြစ်ချင်တဲ့ ကလေးတစ်ယောက်ရဲ့ အိပ်မက်တွေကို တစ်စစီ ကျိုးကြေသွားစေတဲ့ ကံကြမ္မာ ထိုးနှက်ချက်ပါ။ ကြီးထွားမှုဟော်မုန်းဆေး အသုံးပြုပြီး ကုသဖို့ကလည်း စရိတ်က ကြီးလွန်းတယ်။

၆ နှစ်သားအရွယ်ကတည်းက သူ ကစားခဲ့တဲ့ နယူးဝဲလ်အိုးဘွိုင်းအသင်းကလည်း ဆေးကုသစရိတ်မပေးချင်ဘူး။ တကယ်တော့ မက်ဆီက နယူးဝဲလ်အိုးဘွိုင်းရဲ့ ၈၇ မျိုးဆက် စက်ယန္တယားများအသင်းမှာ ၆ နှစ်ကစားခဲ့ချိန်အတွင်း ဂိုး ၅၀၀ လောက် သွင်းခဲ့သူပါ။ ကလေးဘဝမှာ မက်ဆီ အကြိုက်ဆုံးက ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုပဲ။ သူ့ရဲ့စံပြကစားသမားကတော့ အာဂျင်တီးနားကွင်းလယ်ဖန်တီးရှင် ပက်ဘလိုအိုင်းမားပါ။ ပက်ဘလိုအိုင်းမား ကစားနေတဲ့ ရေးဗားပလိတ်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမဲ့ ဆေးကုသစရိတ် မပေးချင်လို့ လက်ရှောင်သွားတယ်။ တစ်လ အမေရိကန်ဒေါ်လာ ၉၀၀ ကုန်ကျမယ့် ကုသစရိတ်ကို သူ့မိဘတွေကလည်း မတတ်နိုင်ရှာဘူး။ ဒါဟာ ဘာစီလိုနာနဲ့ မက်ဆီတို့ ဆုံတွေ့စေမယ့် အချိုးအကွေ့တစ်ခုပါပဲ။

ဘာစီလိုနာအသင်း အခြေစိုက်တဲ့ ကာလာလန်ဒေသမှာ မက်ဆီတို့ရဲ့ ဆွေမျိုးတွေရှိတယ်။ သူတို့ကတစ်ဆင့် ဆက်သွယ်ရင်းနဲ့ ၂၀၀၀ ပြည့်နှစ်မှာတော့ ဘာစီလိုနာအသင်းက မက်ဆီရဲ့ခြေစွမ်းကို စမ်းသပ်ကြည့်တယ်။ အဲဒီအချိန်မှာ ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ကားစ်ရီဇက်ချ်က မက်ဆီရဲ့ခြေစွမ်းကို သဘောကျသွားပေမဲ့ ဘာစီလိုနာကတော့ သူ့ကိုစာချုပ်ချုပ်ဖို့ ချီတုံချတုံဖြစ်နေတယ်။ အဲဒီကာလတုန်းက ဥရောပအသင်းတွေဟာ အသက်ငယ်လွန်းတဲ့ ပြည်ပကစားသမားတွေကို ခေါ်လေ့မရှိဘူး။ ဒါပေမဲ့ မက်ဆီကို ခေါ်၊ မခေါ် နောက်ဆုံး ဆုံးဖြတ်ပေးရမယ့် ဒီဇင်ဘာလ ၁၄ ရက်မှာတော့ ကားစ်ရီဇက်ချက်က သူ့ကို စာချုပ်ချုပ်ဖို့လုပ်တယ်။ ဒါပေမဲ့ စာရွက်အလွယ်တကူ ရှာမရလို့ လက်ကိုင်ပဝါအဖြူတစ်ထည်ပေါ်မှာပဲ အချက်အလက်တွေရေးပြီး စာချုပ်ချုပ်လိုက်တယ်။ ဒီလိုနဲ့ပဲ အာဂျင်တီးနားချာတိတ်လေး မက်ဆီဟာ မိသားစုကို ခွဲခွာပြီး လာမာစီယာအကယ်ဒမီကို ရောက်ရှိလာခဲ့ပါတယ်။

မက်ဆီ ဘောလုံးကစားတဲ့အခါ ပြိုင်ဘက်တွေကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေပုံက သူ့အတွက် အရမ်းလွယ်ကူနေပုံပါပဲ။ တကယ်တော့ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ပေးဆပ်ခဲ့ရတာတွေ အများကြီးပါ။ ၁၃ နှစ်သားအရွယ်ကတည်းက မိခင်ရင်ငွေ့နဲ့ဝေးရာ ရေမြေခြားမှာ နေထိုင်ခဲ့ရတဲ့ မက်ဆီဟာ ခံစားချက်တွေကို မြိုသိပ်တတ်လာတယ်။ ဒါကြောင့် လူငယ်အသင်းမှာ အသင်းဖော်တချို့က မက်ဆီကို စကားမပြောတတ်ဘူးလားလို့တောင် ထင်ကြသတဲ့။ အစောပိုင်းမှာ မက်ဆီတို့ မိသားစုတစ်စုလုံး စပိန်ကို လိုက်နေခဲ့ပေမဲ့ မက်ဆီရဲ့ညီအစ်မ၊ မောင်နှစ်မတွေက စပိန်မှာ နေသားမကျတဲ့အတွက် သူ့အမေနဲ့အတူ အာဂျင်တီးနားကို ပြန်သွားလို့ မက်ဆီတို့သားအဖနှစ်ယောက်တည်း စပိန်မှာ ကျန်နေခဲ့ကြတာပါ။

အဲဒီအချိန်ကဆိုရင် မိခင်ကို လွမ်းနေတဲ့ မက်ဆီက အိပ်ရာဝင်တိုင်း ငိုရတယ်။ ငိုရင်းနဲ့မောပြီး အိပ်သွားရတဲ့ကာလတွေပေါ့။ ပွဲကစားခွင့်ရရင် ဖြေသာပေမဲ့ ပွဲမကစားရတဲ့အချိန်တွေဆိုရင် အိမ်လွမ်းစိတ်က ပိုသိသာတယ်။ ဒဏ်ရာရလို့ နားနေရတဲ့ကာလဆိုရင် ပိုဆိုးတာပေါ့။ အိမ်ပြန်ချင်စိတ်ကို မြိုသိပ်ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖြစ်ခဲ့တာက သူ့ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲလို့ မက်ဆီက ပြောဖူးပါတယ်။ ၁၄ နှစ်အရွယ်မှာတော့ သူ့ရဲ့ဆေးကုသမှု ပြီးမြောက်အောင်မြင်သွားခဲ့တယ်။ မက်ဆီ ပါဝင်ခဲ့တဲ့ Baby Dream Team အသင်းက ဘာစီလိုနာအသင်းသမိုင်းမှာ အကြီးကျယ်ဆုံး လူငယ်အသင်းပါ။

၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နည်းပြမော်ရင်ဟိုရဲ့ ပေါ်တိုအသင်းနဲ့ ဘာစီလိုနာအသင်း ခြေစမ်းပွဲကစားကြတယ်။ အဲဒီပွဲစဉ်ရဲ့ ပွဲချိန်(၇၅)မိနစ်မှာ မက်ဆီ လူစားဝင်ကစားခွင့်ရပြီး အခွင့်အရေးဖန်တီးမှု ၂ ကြိမ်၊ ဂိုးပေါက်ကန်ချက် တစ်ကြိမ်လုပ်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူ့အသက် ၁၆ နှစ်၊ ၄ လ၊ ၂၃ ရက်ပါ။ သူ့ခြေစွမ်းကို သဘောကျသွားတဲ့ နည်းပြအဖွဲ့ဝင်တွေက တစ်ပတ်တစ်ခါ အသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပေးလိုက်တယ်။ အသင်းကြီးနဲ့အတူ ပထမဆုံး လေ့ကျင့်ခန်းဆင်းချိန်မှာပဲ ရော်နယ်ဒင်ဟိုနဲ့ဆုံတယ်။ အဲဒီအချိန်တုန်းက ရော်နယ်ဒင်ဟို လျှမ်းလျှမ်းတောက်နေချိန်ပေါ့။ မက်ဆီ လေ့ကျင့်ခန်းဆင်းနေတာကို တွေ့သွားတဲ့ ရော်နယ်ဒင်ဟိုက ”တချိန်ကျရင် ဒီကောင်လေးက ငါ့ထက် ပိုကောင်းလာလိမ့်မယ်”လို့ သူ့အသင်းဖော်တွေကို ပြောခဲ့ဖူးတယ်။ ရော်နယ်ဒင်ဟိုက မက်ဆီကို ”ညီလေး”လို့ခေါ်ပြီး ဖော်ဖော်ရွှေရွှေ ဆက်ဆံတယ်။ ဒါကြောင့်လည်း မက်ဆီရဲ့ အသင်းကြီးထံ ကူးပြောင်းမှုက အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကစားချိန် ပိုရဖို့ ဘာစီလိုနာ(C)အသင်းနဲ့ (B)အသင်းတွေမှာပဲ ကျင်လည်ခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာတော့ စီနီယာကစားသမားတွေရဲ့ တိုက်တွန်းချက်အရ နည်းပြ ဖရန့်ရစ်ကတ်က မက်ဆီကို အသင်းကြီးမှာ ခေါ်ယူခဲ့ပြီး ညာတောင်ပံမှာ ကစားခိုင်းတယ်။ မက်ဆီက ပုံမှန်အတိုင်းဆိုရင် ဘယ်တောင်ပံမှာ ကစားပေမဲ့ အဲဒီအချိန်တုန်းက ဘာစီလိုနာအသင်း ဘယ်တောင်ပံမှာ ရော်နယ်ဒင်ဟို ကစားနေလို့ မက်ဆီကို နေရာပြောင်းပြီး ကစားခိုင်းခဲ့တာပါ။ မက်ဆီဟာ သူ့ရဲ့ ၁၈ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ၂၀၀၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှာတော့ ဘာစီလိုနာအသင်းကြီးနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာ ဒီနေ့ဆိုရင် ၁၅ နှစ်တိုင်ခဲ့ပါပြီ။ အဲဒီကာလအတွင်းမှာ မက်ဆီက ဘောလုံးလောကရဲ့ချိုးဖျက်နိုင်ခဲတဲ့စံချိန်ပေါင်း မြောက်များစွာကို ချိုးဖျက်ပြီး စံချိန်မှတ်တမ်းသစ်တွေ စိုက်ထူခဲ့ပါပြီ။ Ballon d’Or ဆုလည်း ၆ ကြိမ်ရခဲ့ပြီးပါပြီ။ သူ့ရဲ့အောင်မြင်မှုတွေ၊ စံချိန်သစ်ကို စာဖွဲ့နေရင် ပြောမဆုံးအောင်ဖြစ်နေမှာပါ။ တချို့တွေက ဘာစီလိုနာအသင်းတည်းမှာပဲ ကစားနေလို့ မက်ဆီကို စိန်ခေါ်မှုသစ်တွေနဲ့ ရင်မဆိုင်ရဲသူလို့ ဆိုကြပေမဲ့ ဒါဟာ ဘာစီလိုနာအပေါ်ထားတဲ့ သူ့ရဲ့သစ္စာတရားဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒီနေ့မှာတော့ မက်ဆီက အသက်(၃၃) နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ဒါဟာ ဘောလုံးသမားဘဝရဲ့ နှောင်းပိုင်းကာလထဲ ချဉ်းနင်းဝင်ရောက်လာပြီလို့ ဆိုနိုင်ပေမဲ့ မက်ဆီရဲ့ခြေစွမ်းကတော့ မြက်ခင်းစိမ်းတွေနဲ့အပြိုင် စိမ်းစိုလတ်ဆတ်နေဆဲပါပဲ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top