ကိုရီးယားစစ်ပွဲရဲ့ လူသိနည်းသေးတဲ့ အကြောင်းအရာများ

25-6-2020-yyl-025.jpg

(တစ်ချိန်တုန်းက ပြုံယမ်းမြို့ကို သိမ်းပိုက်ခဲ့ဖူးတဲ့ အမေရိကန်စစ်တပ်)

ဒီနေ့ဟာ ကိုရီးယားစစ်ပွဲ စတင်ခဲ့တဲ့ နှစ် ၇၀ မြောက်နေ့ပါ။ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ ၃၈ မျဉ်းပြိုင်(38 parallel)ကို မြောက်ကိုရီးယားစစ်သည် ၁၃၅,၀၀၀ က ဖြတ်ကျော်တိုက်ခိုက်ရာကနေ စစ်ပွဲပေါ်ပေါက်ခဲ့ပြီး လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေက ဒီကနေ့အထိ စွဲမြဲထင်ကျန်နေဆဲပဲ။ ဒုတိယကမ္ဘာစစ်အပြီး ၅ နှစ်အကြာမှာ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်ရဲ့ လောင်းရိပ်အောက်ရောက်ခဲ့ပြီး အမေရိကန်စစ်တပ်ကတောင် ကိုရီးယားစစ်ပွဲကို ”အမေ့လျှော့ခံစစ်ပွဲ”လို့ မှတ်ယူခဲ့ပါတယ်။ တကယ်တော့ ကိုရီးယားစစ်ပွဲမှာ အမေရိကန်စစ်သည် ၃၆၀၀၀ ကျော်တောင် အသက်ဆုံးရှုံးခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ညွှန်ကြားချက်အရ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၆ နိုင်ငံက တောင်ကိုရီးယားဘက်ကနေ ဝင်ကူဖို့ စစ်သည်တွေ စေလွှတ်ခဲ့ပြီး တရုတ်စစ်သည်တွေကတော့ မြောက်ကိုရီးယားဘက်ကနေ ဝင်တိုက်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှာ အပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီး စစ်ပွဲကို ရပ်နားခဲ့ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိလို့ စစ်ပွဲကို တရားဝင်အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ တစ်ရက်ကြာ ထိပ်သီးအစည်းအဝေးမှာ ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်ပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်အောင် ညှိနှိုင်းဆွေးနွေးဖို့ ကတိပြုခဲ့ကြပါတယ်။ အဲဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပါဘူး။ ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်ဖို့၊ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်နိုင်တဲ့ နျူကလီးယားလက်နက်စီမံကိန်းကို မြောက်ကိုရီးယားနိုင်ငံက စွန့်လွှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုတွေ အရာမထင်ခဲ့ပါဘူး။

ဒေါ်နယ်ထရမ့်က ကင်ဂျုံအန်နဲ့ ၃ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း မြောက်ကိုရီးယားနိုင်ငံဘက်ကို ပထမဆုံး ခြေချခွင့်ရတဲ့ အမေရိကန်သမ္မတဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အခြေအနေတွေ ပြန်ဆုတ်ယုတ်လာပြီး ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုတွေ ပြန်မြင့်လာပါတယ်။ ဒီနေ့အချိန်မှာ ကြုံတွေ့နေတဲ့ အမေရိကန် – မြောက်ကိုရီးယားဆက်ဆံရေး အချိုးအကွေ့၊ အလှည့်အပြောင်းတွေက ကိုရီးယားစစ်ပွဲရဲ့ ဆိုးမွေကို မီးမောင်းထိုးပြနေဆဲပါပဲ။ ကိုရီးယားစစ်ပွဲနဲ့ပတ်သက်ပြီး လူသိနည်းသေးတဲ့ အကြောင်းအရာ(၆)ခုကို ဖော်ပြချင်ပါတယ်။

(၁) ကမ္ဘာ့အလျှို့ဝှက်ဆုံး ပြုံယမ်းမြို့ကို ထိန်းချုပ်ခဲ့ဖူးတဲ့ အမေရိကန်စစ်တပ်

အခုချိန်မှာ အမေရိကန်နိုင်ငံသားတွေ မြောက်ကိုရီးယားနိုင်ငံကိုသွားဖို့ မဖြစ်နိုင်သလောက်နီးပါးပါပဲ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးခွင့်ပြုချက်မရရင် အမေရိကန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို မြောက်ကိုရီးယားနိုင်ငံထံ သွားခွင့်မပေးပါဘူး။ ဒါပေမဲ့ ၁၉၅၀ ပြည့်နှစ်မှာတော့ အမေရိကန်စစ်တပ်က ပြုံယမ်းမြို့ကို ၈ ပတ်ကြာ ထိန်းချုပ်ခဲ့ဖူးပါတယ်။ ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၁၉ ရက်မှာ အမေရိကန်စစ်တပ်ရဲ့ အမှတ်(၁) မြင်းစီးတပ်နဲ့ တောင်ကိုရီးယားတပ်ရင်းတစ်ရင်းက ပြုံယမ်းမြို့ကို သိမ်းပိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ရဲ့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အချိန်တိုအတွင်းမှာပဲ အမေရိကန်တပ်ဖွဲ့တွေက ပြုံယမ်းမြို့မှာ နေသားကျသွားတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၂၂ ရက်မှာ အမေရိကန် အမှတ်(၈)တပ်ဖွဲ့က ‌မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းအတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံကို သူတို့ရဲ့အဆင့်မြင့်ဌာနချုပ်အဖြစ် တည်ထောင်ခဲ့ပါတယ်။ အဲဒီတုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံမှာ အမေရိကန်ထောက်လှမ်းရေးအရာရှိတစ်ယောက်က ကင်အီဆွန်းရဲ့စားပွဲမှာ ထိုင်နေပြီး သူ့ရဲ့အနောက်ဘက်နံရံမှာတော့ ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင် ဂျိုးဆက်စတာလင်ရဲ့ ပုံတူပန်းချီကားကြီး ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြုံယမ်းမြို့ကို အမေရိကန်စစ်တပ် သိမ်းပိုက်ခဲ့တဲ့ကာလက တိုတောင်းပါတယ်။ ၁၉၅၀ နိုဝင်ဘာလနှောင်းပိုင်းမှာတော့ တရုတ်စစ်တပ်က မြောက်ကိုရီးယားဘက်ကနေ ဝင်ကူပြီး ဒီဇင်ဘာလ ၅ ရက်မှာတော့ အမေရိကန်တပ်ဖွဲ့တွေကို ပြုံယမ်းမြို့ကနေ အပြီးတိုင်တိုက်ထုတ်နိုင်ခဲ့ပါတယ်။

(၂) ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်ဒေသတစ်ခုလုံးမှာ အမေရိကန်စစ်တပ် ကြဲချခဲ့တဲ့ဗုံးအရေအတွက်ထက် မြောက်ကိုရီးယားနိုင်ငံပေါ် ကြဲချခဲ့တဲ့ ဗုံးအရေအတွက်က ပိုများ

ကိုရီးယားစစ်ပွဲမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံအများစုက ချိုဆင်ရေလှောင်တမံနဲ့ အင်ချွန်းမြို့လို နေရာတွေမှာဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲတွေရဲ့ ဓာတ်ပုံတွေပါ။ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံမှာ အမေရိကန်စစ်တပ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပြိုလဲပျက်စီးမှုတော်တော်များများက လေကြောင်းကနေ မနားတမ်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖြစ်ခဲ့တာပါ။ ၃ နှစ်ကြာမြင့်တဲ့ ကိုရီးယားစစ်ပွဲမှာ အမေရိကန်လေတပ်က မြောက်ကိုရီးယားနိုင်ငံပေါ်ကို ဗုံးတန်ချိန် ၆၃၅၀၀၀ ( ပေါက်ကွဲအားပြင်းတဲ့ဗုံးနဲ့ မီးလောင်ဗုံး) ကြဲချခဲ့ပါတယ်။ အဲဒီပမာဏဟာ ဒုတိယကမ္ဘာစစ်အတွင်း ပစဖိတ်ဒေသမှာ အမေရိကန်တပ်ဖွဲ့ကြဲချခဲ့တဲ့ ဗုံးတန်ချိန်( တန်ချိန် ၅၀၀၀၀၀ ရှိသည်)ထက် ပိုများခဲ့တယ်လို့ သမိုင်းပညာရှင် ချားစ်အမ်းစထရောင်းက အာရှ-ပစိဖိတ်ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ကိုရီးယားစစ်ပွဲဖြစ်ပွားချိန်မှာ မြောက်ကိုရီးယားနိုင်ငံထဲ ရောက်ရှိနေတဲ့ ဂျာနယ်လစ်၊ နိုင်ငံတကာ စောင့်ကြည့်ရေးသမားတွေနဲ့ အမေရိကန်စစ်သုံ့ပန်းတွေရဲ့ ပြောကြားချက်အရဆိုရင် မရှိမဖြစ် အရေးပါတဲ့ အဆောက်အအုံအားလုံးနီးပါး ပြိုလဲပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလမှာ မြောက်ကိုရီးယားနိုင်ငံက သူ့ပြည်သူတွေကို ဗုံးခိုကျင်းတူးပြီး နေထိုင်ကြဖို့ အကြံပေးခဲ့ရပါတယ်။ ဗုံးကြဲခံရလို့ သေဆုံးသူအရေအတွက်ကို မြောက်ကိုရီးယားနိုင်ငံက တရားဝင်ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဝီလ်ဆင်စင်တာ(Wilson Center)ရဲ့ စစ်အေးကာလ နိုင်ငံတကာသမိုင်းမှတ်တမ်းစီမံကိန်းကနေ ရရှိတဲ့ ရုရှားနိုင်ငံရဲ့မှတ်တမ်းတွေအရ လူ ၂၈၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ကာတစ်လီမေက အခုလို ပြောပါတယ်။ (ကာတစ်လီမေမှာ အမေရိကန်နိုင်ငံ ဗျူဟာမြောက်ဗုံးကြဲတိုက်ခိုက်မှုများ၏ ဖခင်၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၏မြို့များကို မီးလောင်တိုက်သွင်းပြီး စီးနင်းတိုက်ခိုက်မှု ဗိသုကာဟု တင်စားခံရသူဖြစ်သည်)။ ” ကျွန်တော်တို့ မြောက်ကိုရီးယားနိုင်ငံကိုသွားပြီး စစ်တိုက်ခဲ့တယ်။ နောက်ဆုံးမှာ မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တိုင်းကို တစ်နည်းနည်းနဲ့ မီးလောင်တိုက်သွင်းခဲ့တယ်”လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုက ဒီနေ့အချိန်အထိ သက်ရောက်မှုရှိနေဆဲပဲလို့ ချားစ်အမ်းစထရောင်းက မှတ်ချက်ပေးပါတယ်။ ” အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အထိနာခဲ့တဲ့ သင်ခန်းစာကို မြောက်ကိုရီးယားအစိုးရက ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုပြီး ရာစုနှစ်တစ်ဝက်ကြာမြင့်ချိန်အထိ လေယာဉ်ပစ်ဒုံးကျည် ကာကွယ်ရေးစနစ်၊ မြေအောက်ခိုလှုံရေးစနစ်တွေ အားကောင်းအောင် လုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အရင်ကလို အခြေအနေမျိုး ပြန်မဖြစ်အောင်လို့ နျူကလီးယားလက်နက်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပါတယ်”လို့ ချားစ်အမ်းစထရောင်းက ရေးသားခဲ့ပါတယ်။

(၃) မြောက်ကိုရီးယားက တောင်ပိုင်းကို ကျူးကျော်စစ်ဆင်နွှဲဖို့ ဆိုဗီယက်ခေါင်းဆောင်စတာလင်ကို သိမ်းသွင်းခဲ့တဲ့

ဒုတိယကမ္ဘာစစ် အဆုံးသတ်သွားချိန်မှာ (စစ်ရှုံး ဂျပန်စစ်သည်တွေ သိမ်းပိုက်ခဲ့တဲ့) ကိုရီးယားကျွန်းဆွယ်ကို ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး မြောက်ပိုင်းဘက်မှာရှိတဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ တောင်ပိုင်းဘက်မှာရှိတဲ့ အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲခဲ့ကြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းက ကိုရီးယားနှစ်နိုင်ငံလုံးကို ကွန်မြူနစ်စနစ်အောက်မှာ ပြန်ပြီးပေါင်းစည်းစေချင်တယ်။ အင်အားသုံးပြီး အဲဒီလို ပေါင်းစည်းနိုင်အောင်လုပ်ဖို့ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်စတာလင်ဆီကနေ ခွင့်ပြုချက်တောင်းခဲ့တယ်လို့ ဝီလ်ဆင်စင်တာရဲ့မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ၁၉၄၉ ခုနှစ် မတ်လမှာ ကင်အီဆွန်းက တောင်ပိုင်းကို ကျူးကျော်ဖို့ ပန်ကြားလာတဲ့အပေါ် စတာလင်က စိုးရိမ်မိတယ်။

တောင်ကိုရီးယားမှာ အမေရိကန်စစ်သည်တွေ ရှိနေဆဲဖြစ်လို့ အမေရိကန်နဲ့ ပဋိပက္ခမဖြစ်ချင်ဘူးလို့ အကြောင်းပြန်လိုက်တယ်။ ဒါပေမဲ့ ၁၉၄၉ ခုနှစ် နွေရာသီမှာ တောင်ကိုရီးယားနိုင်ငံကနေ အမေရိကန်စစ်သည်တွေ ဆုတ်ခွာသွားတော့ စတာလင်ရဲ့ ငြင်းဆန်ကန့်ကွက်မှုလည်း ပျော့ပျောင်းလာတယ်။ ၁၉၅၀ ပြည့်နှစ် ဧပြီလမှာ မော်စကိုမြို့ကို ကင်အီဆွန်း အလည်လာချိန်မှာတော့ စတာလင်က အဲဒီကိစ္စကို နားထောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ။ တကယ်လို့ ကင်အီဆွန်းက ကွန်မြူနစ်ဝါဒရှိတဲ့ တရုတ်နိုင်ငံဆီကနေ ကျူးကျော်ဖို့ ခွင့်ပြုချက်ရယူနိုင်ရန် ဆိုဗီယက်ပြည်ထောင်စုကလည်း ကျူးကျော်မှုကို ခွင့်ပြုပေးမယ်လို့ စတာလင်က ပြောလိုက်တယ်။ ၁၉၄၉ ခုနှစ်မှာ အမျိုးသားရေးတပ်ဖွဲ့တွေကို အနိုင်ရခဲ့တဲ့ တရုတ်နိုင်ငံရဲ့ပြည်တွင်းစစ်မှာ အမေရိကန်နိုင်ငံက ကြားဝင်စွက်ဖက်ခဲ့ခြင်းမရှိတာကို ထောက်ပြီး တရုတ်နိုင်ငံခေါင်းဆောင် မော်စီတုံးက ကင်အီဆွန်းရဲ့ ပန်ကြားမှုကို သဘောတူလိုက်လျောခဲ့တယ်။ တကယ်လို့ အမေရိကန်စစ်တပ်က ကြားဝင်စွက်ဖက်လာရင် တရုတ်တပ်ဖွဲ့တွေက မြောက်ကိုရီးယားဘက်ကနေ ဝင်ကူပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီလိုနဲ့ ကင်အီဆွန်းက တောင်ပိုင်းဘက်ကို ကျူးကျော်ဖို့ ခွင့်ပြုချက်ရသွားခဲ့တာပါ။

(၄) ကိုရီးယားစစ်ပွဲကြောင့် ကွန်မြူနစ်လက်အောက် ကျရောက်မယ့်ဘေးက ကင်းလွတ်ခဲ့တဲ့ တရုတ်(တိုင်ပေ)

၁၉၄၉ ခုနှစ်မှာ တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)ကျွန်းကို သိမ်းပိုက်ဖို့ ကမ်းရိုးတန်းတစ်လျှောက်မှာ တပ်ဖွဲ့တွေကို နေရာချထားခဲ့တာပါ။ တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်တပ်ဖွဲ့တွေကို ရှုံးနိမ့်ခဲ့တဲ့ ချန်ကေရှိတ်နဲ့ အမျိုးသားရေးတပ်ဖွဲ့တွေက တရုတ်(တိုင်ပေ)ကျွန်းကို ထွက်ပြေးတိမ်းရှောင်ခဲ့လို့ ကွန်မြူနစ်တွေက အဲဒီကျွန်းကို သိမ်းပိုက်ဖို့လုပ်နေတာပါ။ ဒါပေမဲ့ ကိုရီးယားစစ်ပွဲ ပေါ်ပေါက်လာချိန်မှာတော့ အမေရိကန်ရေတပ်က တရုတ်ကွန်မြူနစ်တွေရဲ့ အစီအစဉ်အတွက် ကြီးမားတဲ့ အတားအဆီးဖြစ်လာခဲ့တယ်။ ကိုရီးယားကျွန်းဆွယ်မှာ တောက်လောင်နေတဲ့ စစ်မီးက အာရှတိုက် အရှေ့ပိုင်းတစ်ခွင် ပျံ့နှံ့သွားမှာစိုးရိမ်တဲ့ အမေရိကန်သမ္မတ ဟယ်ရီထရူးမန်းက အမေရိကန်စစ်သင်္ဘောတွေကို တရုတ်နိုင်ငံနဲ့ တရုတ်(တိုင်ပေ)ကြား ရေပိုင်နက်ထဲ ဖြန့်ကျက်ခဲ့တယ်။ အခုချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ( တရုတ်အစိုးရကတော့ သူတို့ရဲ့ပိုင်နက်နယ်မြေလို့ သတ်မှတ်ထားဆဲ) ဖြစ်နေတဲ့ တရုတ်(တိုင်ပေ)က ကွန်မြူနစ်လက်အောက် ကျရောက်ဖို့ ဘယ်လောက်နီးစပ်ခဲ့လဲဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုပြောပါတယ်။

” ၁၉၄၉ ခုနှစ်နှောင်းပိုင်းနဲ့ ၁၉၅၀ ပြည့်နှစ် အစောပိုင်းမှာ ရေလက်ကြားကို ကျော်ဖြတ်ပြီး ချန်ကေရှိတ်ကို အမြစ်ပြတ်တိုက်ထုတ်မယ့် တရုတ်တပ်ဖွဲ့တွေရဲ့အစီအစဉ်ကို အမေရိကန်အရာရှိတွေက လက်ပိုက်ကြည့်နေဖို့ ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမဲ့ ၁၉၅၀ ပြည့်နှစ် ဇွန်လမှာ ကိုရီးယားစစ်ပွဲ ပေါ်ပေါက်လာချိန်မှာတော့ အမေရိကန်က ကိုရီးယားကျွန်းဆွယ်စစ်မီးကို တောင်ပိုင်းအထိ ပျံ့မလာအောင် တားဆီးဖို့ အမှတ်(၇) ရေယာဉ်တပ်စုကို ထိုင်ဝမ်ရေလက်ကြားထံ စေလွှတ်ခဲ့ပါတယ်။ အမှတ်(၇) ရေယာဉ်စု ရောက်ရှိလာတာက တရုတ်ကွန်မြူနစ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်တွေက တရုတ်(တိုင်ပေ)ကို သိမ်းပိုက်ဖို့ ဖြန့်ကျက်မယ့် သူတို့ရဲ့စစ်သည်တွေကို ကိုရီးယားစစ်မျက်နှာပြင်ဆီ ရွှေ့ပြောင်းခဲ့ရလို့ပါပဲ”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သမိုင်းမှတ်တမ်းရုံးက စာတစ်စောင်မှာ ရေးသားထားပါတယ်။

၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၁၉ ရက်မှာ စစ်သည် ၂၅၀၀၀၀ ကျော် ပါဝင်တဲ့ တရုတ်နိုင်ငံရဲ့ အမှတ်(၁၂)တပ်မက မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ ဘရွတ်ကလင်းအင်စတီကျူ့စ်က ဖော်ပြပါတယ်။ တရုတ်စစ်သည်တွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်သည်တွေ အထိနာခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကနေ လုံးဝဆုတ်ခွာခဲ့ရပါတယ်။ ဒါပေမဲ့ ကိုရီးယားစစ်ပွဲမှာ တရုတ်စစ်တပ်လည်း အထိနာခဲ့ရပြီး တရုတ်စစ်သည် ၁၈၀၀၀၀ ကျော် ကျဆုံးခဲ့ပါတယ်။

(၅) တိုက်လေယာဉ်တွေရဲ့ ပထမဆုံးအနီးကပ်တိုက်ပွဲ

ဒုတိယကမ္ဘာစစ်တုန်းက စစ်ထဲဝင်လာတဲ့ တိုက်လေယာဉ်မှူးတွေဟာ ဂျာမန်နိုင်ငံထုတ် ကမ္ဘာ့ပထဆုံးတိုက်လေယာဉ်ဖြစ်တဲ့ Messerschmidt 262 တိုက်လေယာဉ်တွေနဲ့ ကြုံခဲ့ရပေမဲ့ Top Gun ဇာတ်ကားထဲကလို တိုက်လေယာဉ်ချင်း အနီးကပ်တိုက်ရတဲ့ တိုက်ပွဲမျိုးကိုတော့ ကိုရီးယားစစ်ပွဲကျမှ ပထမဆုံး ကြုံတွေ့ခဲ့ရတာပါ။ မှတ်တမ်းမှတ်ရာတွေအရဆိုရင် ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်က မြောက်ကိုရီးယားနိုင်ငံ ဆင်ဝီဂျူမြို့ပေါ်မှာ တိုက်လေယာဉ်ချင်း အနီးကပ်တိုက်ခိုက်တဲ့ ပထမဆုံးတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်တဲ့နေရာက ယာလူမြစ်နဲ့ရော၊ တရုတ်နယ်စပ်နဲ့ပါ နီးပါတယ်။ F-80 Shooting Star တိုက်လေယာဉ်ကို မောင်းနှင်နေတဲ့ အမေရိကန် တိုက်လေယာဉ်မှူးတွေကို ဆိုဗီယက်နိုင်ငံထုတ် MiG-15s တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တာပါ။ (အဲဒီလေယာဉ်တွေကို မောင်းနှင်ခဲ့သူတွေက တရုတ်အခြေစိုက်စခန်းတွေမှာရှိတဲ့ ဆိုဗီယက်လေယာဉ်မှူးတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်)။ အဲဒီနေ့က အမေရိကန်လေတပ်ရဲ့ F-80 တိုက်လေယာဉ်လေးစင်းကို ဝင်တိုက်တဲ့ MiG တိုက်လေယာဉ်တွေက ၈ စင်းကနေ ၁၂ စင်းကြား ရှိတယ်လို့ သမိုင်းပညာရှင်တစ်ယောက်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ စက္ကန့် ၆၀ ကြာမြင့်တဲ့ တိုက်လေယာဉ်အနီးကပ်တိုက်ပွဲမှာ အမေရိကန်လေတပ်ရဲ့ ဒု-ဗိုလ် ရပ်ဆဲလ်ဘရောင်းက MiG-15 လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။

သူဟာ တိုက်လေယာဉ်ချင်း အနီးကပ်တိုက်ပွဲမှာ ရန်သူတစ်ဦးကို ပစ်ချနိုင်ခဲ့တဲ့ ပထမဆုံး တိုက်လေယာဉ်မှူးဖြစ်တယ်လို့ အဲဒီမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဆိုဗီယက်မှတ်တမ်းတွေမှာတော့ အဲဒီနေ့က MiG လေယာဉ်တစ်စင်းမှ ဆုံးရှုံးမှုမရှိဘူးလို့ ဖော်ပြထားကြောင်း အမေရိကန်ရေတပ်အင်စတီကျူ့စ် (USNI)ရဲ့ မှတ်တမ်းမှာ ရေးသားထားပါတယ်။ နောက်တစ်နေ့မှာတော့ အမေရိကန်လေယာဉ်တင်သင်္ဘော (USS Philippine Sea)ကနေ ပျံတက်ခဲ့တဲ့ F9F တိုက်လေယာဉ်မှူး ဝီလျံအေမင်က ယာလူမြစ်ပေါ်မှာရှိတဲ့ တံတားတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်နေတုန်း MiG-5 တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပါတယ်။ ဆိုဗီယက်မှတ်တမ်းတွေမှာလည်း အဲဒီနေ့က MiG-15 လေယာဉ်တစ်စင်း ပစ်ချခံရတယ်လို့ အတည်ပြုထားပါတယ်။ ကိုရီးယားစစ်ပွဲရဲ့နှောင်းပိုင်းကာလမှာတော့ အမေရိကန်နိုင်ငံက F-86 တိုက်လေယာဉ်ကို စတင်အသုံးပြုခဲ့ပြီး အဲဒီတိုက်လေယာဉ်တွေက MiG-15 တိုက်လေယာဉ်တွေနဲ့ ရင်ဆိုင်ရတဲ့ MiG လမ်းကြားတိုက်ပွဲမှာ နာမည်ကောင်းရခဲ့ပါတယ်။

MiG လမ်းကြားဆိုတာ တရုတ်နိုင်ငံဘက်ခြမ်း အခြေစိုက်စခန်းတွေကနေ ဆိုဗီယက်လေယာဉ်မှူးတွေ ပျံတက်လာတတ်တဲ့ ကိုရီးယား-တရုတ်နယ်စပ်နဲ့အပြိုင် တည်ရှိပါတယ်။ ” MiG တိုက်လေယာဉ်တွေက မန်ချူးရီးယားနယ်စပ်ဘက်အခြမ်းမှာ အုပ်စုလိုက် အသင့်အနေအထားရှိနေကြပါတယ်။ MiG လမ်းကြားထဲကို ကုလသမဂ္ဂတပ်ဖွဲ့ရဲ့ လေယာဉ်တွေ ဝင်လာတာနဲ့ MiG တိုက်လေယာဉ်တွေက အောက်ကိုထိုးဆင်းလာပြီး တိုက်ခိုက်လေ့ရှိပါတယ်။ တကယ်လို့ MiG တိုက်လေယာဉ်တွေ အခြေအနေမဟန်ရင်တော့ သူတို့က တရုတ်နယ်စပ်ထဲ ပြန်ပြေးကြပါတယ်။ ( ကုလသမဂ္ဂတပ်ဖွဲ့ရဲ့ လေယာဉ်မှူးတွေက စစ်ပွဲ ပိုမကြီးထွားလာအောင် ကာကွယ်ဖို့ မန်ချူးရီးယားပိုင်နက်ထဲမှာရှိတဲ့ ပစ်မှတ်တွေကို မတိုက်ခိုက်ကြပါဘူး)။ အဲဒီလို အားသာချက်ရှိပေမဲ့ ဆိုဗီယက်ပိုင်းလော့တွေက ကောင်းကောင်းလေ့ကျင့်ထားတဲ့ အမေရိကန်လေတပ်ရဲ့ လေယာဉ်မှူးတွေကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ MiG တိုက်လေယာဉ်တွေနဲ့ ရင်ဆိုင်ရာမှာ အမေရိကန်လေယာဉ်မှူးတွေရဲ့ သုတ်သင်နိုင်စွမ်းက ၈ အချိုး၊ ၁ အထိ ရှိခဲ့ပါတယ်။

(၆) စစ်မကြေညာခဲ့တဲ့ အမေရိကန်

၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်ကြားကာလအတွင်း ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် လူသန်းနဲ့ချီ သေဆုံးခဲ့ပေမဲ့ နည်းစနစ်တကျပြောရင်တော့ Police Action (စစ်မကြေညာဘဲ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှုကြောင့် သေဆုံးမှု) ကြောင့် သေဆုံးရတာလို့ သတ်မှတ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေအရ အမေရိကန်လွှတ်တော်တစ်ခုတည်းကပဲ တခြားနိုင်ငံကို စစ်ကြေညာခွင့်ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စစ်ကြေညာခဲ့ခြင်းမရှိပါဘူး။ ၁၉၅၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုတဲ့ ပူးပေါင်းစစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်သမ္မတ ဟယ်ရီထရူးမန်းက အမေရိကန်စစ်တပ်ကို စေလွှတ်ခဲ့တာပါ။ ” တခြားနိုင်ငံ ၁၅ နိုင်ငံကလည်း ကုလသမဂ္ဂရဲ့ ညွှန်ကြားချက်အရ စစ်သည်တွေ စေလွှတ်ခဲ့တယ်။ ထရူးမန်းက လွှတ်တော်ကို တရားဝင်စစ်ကြေညာပေးဖို့ မတောင်းဆိုခဲ့ဘူး။ ကိုရီးယားစစ်ပွဲမှာ အမေရိကန်နိုင်ငံ ပါဝင်ခဲ့တာက Police Action (အခြေအနေထိန်းသိမ်းပေးတဲ့ လှုပ်ရှားမှု)မျှပါပဲ”လို့ အမေရိကန်အမျိုးသားမော်ကွန်းတိုက်ရဲ့ မှတ်တမ်းတစ်ခုမှာ ရေးသားထားပါတယ်။

အဲဒီနောက်ပိုင်းကတည်းက အခြေအနေထိန်းသိမ်းပေးတဲ့ လှုပ်ရှားမှုဆိုတာ အမေရိကန်စစ်တပ်ရဲ့ ကြားဝင်စွက်ဖက်မှုစံနှုန်းတစ်ရပ်လို ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ လွှတ်တော်ကနေ စစ်တပ် အသုံးပြုခွင့်ပေးဖို့ ခွင့်ပြုချက် (AUMF) တောင်းခံပြီး ဗီယက်နမ်စစ်ပွဲမှာရော၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ကိုဆိုဗိုစစ်ပွဲတွေမှာပါ စစ်သည်တွေ စေလွှတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတနိုင်ငံ စတင်တည်ထောင်ချိန်ကတည်းက AUMF(Authorization for Use of Military Force) တည်ရှိခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်ပြီးချိန်မှာတော့ AUMF က ပိုကျယ်ပြန့်လာပြီး အမေရိကန်စစ်တပ်ကို ကမ္ဘာတစ်ဝန်း ဖြန့်ကျက်စေလွှတ်နိုင်ရေးနဲ့ပတ်သက်လာရင် သမ္မတက အလုံးစုံအာဏာရှိတဲ့ အခြေအနေမျိုး ဖြစ်စေခဲ့တယ်လို့ အမေရိကန်အောက်လွှတ်တော် ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ ” ကိုရီးယားစစ်ပွဲကတော့ စစ်ကြေညာခြင်းမရှိဘဲ အမေရိကန်နိုင်ငံ တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး ရေမြေခြားပဋိပက္ခပါ။ ဒီနေ့ချိန်မှာ ဖြစ်ပေါ်လာတဲ့ သမ္မတရဲ့ တစ်ဖက်သတ်လုပ်ပိုင်ခွင့်အာဏာကို လမ်းဖွင့်ပေးသလို ဖြစ်စေခဲ့ပါတယ်။ ဒီရာစုမှာ ထာဝရစစ်ပွဲတွေဖြစ်အောင် လုပ်ခဲ့တာ ကိုရီးယားစစ်ပွဲပါပဲ” လို့ အမ်မိုရီတက္ကသိုလ်ရဲ့ ဥပဒေပါမောက္ခ မာရီဒက်ဇီယက်က ဝါရှင်တန်ပို့စ်သတင်းစာမှာ ရေးသားခဲ့ဖူးပါတယ်။

CNN သတင်းဌာန၏ The US Army once ruled Pyongyang and 5 other things you might not know about the Korean War ကို ဘာသာပြန်ဆို ဖော်ပြသည်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top