စိတ်စွမ်းအားကို ဖျက်ဆီးနေတဲ့ အဆိပ်အတောက် အတွေးများ

26-6-2020-yyl-001.jpg

ဘဝမှာ ဘယ်လိုစမ်းသပ်မှုတွေပဲရှိရှိ ဘယ်လိုစိန်ခေါ်မှုတွေပဲရှိရှိ ဘဝကို ကြံ့ကြံ့ခိုင်ကျော်ဖြတ်ပစ်ကြတဲ့ သူတွေကို တွေ့ဖူးကြတယ်မလား။ သူတို့တွေဟာ သူတို့ ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာ အတားအဆီးတွေရှိနေလဲ ကိစ္စမရှိပါဘူး။ ရှေ့ကို ဆက်လက်ချီတတ်နေကြတာပါ။ အဲဒီလိုလူမျိုးတွေကို တွေ့ရမြင်ရဖို့က ရှိတော့ရှိပေမယ့် ရှားပါတယ်။ သူတို့တွေ ဘာလို့ ရှေ့ဆက်လျှောက်နိုင်ရတာလဲလို့ မေးခွန်း ထုတ်ကြမယ်ထင်ပါတယ်။ သူတို့တွေဟာ စိတ်ကနေဖြစ်နေတဲ့ ဆန့်ကျင်ဘက်အတွေးတွေနဲ့ အဆိပ်တောက်ဖြစ်စေတဲ့ စကားတွေရဲ့သံသရာကနေ ဘယ်လို ရုန်းထွက်ရမလဲဆိုတာ သိကြလို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိဖို့နဲ့ အလွယ်တကူစိတ်ဓာတ်မကျဖို့ဆိုတာက စိတ်စွမ်းအားကောင်းဖို့အရေးကြီးပါတယ်။ စိတ်စွမ်းအားကို ဖျက်စီးနေတာကလည်း မိမိရဲ့စိတ်ထဲက အဆိပ်အတောက်ဖြစ်စေတဲ့အတွေးတွေပါပဲ။ ဘယ်လိုအတွေးတွေက သင့်ရဲ့စိတ်စွမ်းအားကို ဖျက်စီးနေလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်..။

“ငါ….အတိတ်က ဒီစိတ်ဒဏ်ရာကနေ ပြန်ကောင်းလာမှာမဟုတ်ဘူး”

သင်ဟာ အတိတ်က ဖြစ်ပျက်ခဲ့တဲ့အရာကြောင့် စိတ်ဒဏ်ရာရနေတယ်ဆိုရင် အဲဒီကနေ ရုန်းထွက်လိုက်ပါ။ အတိတ်ရဲ့စိတ်ဒဏ်ရာမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေရင်တော့ စိတ်စွမ်းအားကို အားနည်းသွားစေနိုင်ပါတယ်။ သင့်စိတ်ထဲမှာ သင့်ကို ပျက်စီးစေနိုင်မယ့် မကောင်းတဲ့အတွေးတွေ တွေးမိနေရင် စိတ်စွမ်းအားနည်းပြီး စိတ်ဓာတ်ကျရုံကလွဲလို့ အခြားမရှိနိုင်ပါ။ စိတ်ဒဏ်ရာတွေကို အမှန်တရားအတိုင်း လက်ခံလိုက်ပြီး ခွန်အားအဖြစ် ပြောင်းလဲပစ်လိုက်ပါ။ အတိတ်နွံထဲကနေ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဘဝကို ရင်ဆိုင်တွန်းလှန်လိုက်ပါ။ အတိတ်ရဲ့စိတ်ဒဏ်ရာကနေ ရုန်းထွက်ဖို့အတွက် အကူအညီလိုအပ်ရင်လည်း အခြားသူတွေရဲ့အကူအညီကိုယူဖို့ တုံ့ဆိုင်းမနေပါနဲ့။

“အခြားသူတွေက ငါထက် ပိုတော်တယ်”

ဒီစကားကို စိတ်ထဲကနေ လူတိုင်းလိုလိုပြောမိကြမယ်ထင်ပါတယ်။ ဒါကလည်း သင့်စိတ်စွမ်းအားကို ပျက်စီးစေတဲ့အတွေးထဲကတစ်ခုပါပဲ။ အခြားသူတွေက သင်ထက်ပိုတော်တယ်။ ဒါကြောင့်မို့ အောင်မြင်နေကြတာလို့ အဆက်မပြတ်တွေးမိပြောမိနေတဲ့အခါ ဒါက သင့်ရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိမှုကို ဖျက်စီးပစ်နိုင်ပါတယ်။ သင့်ထက် အခြားသူတွေက ပိုတော်တယ်လို့ တွေးနေတာက သင့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဘယ်သူမှ မွေးကတည်းက တော်ကြတာမဟုတ်ပါဘူး။ တစ်ညတည်းနဲ့လည်း အောင်မြင်သွားတဲ့သူမရှိပါဘူး။ တစ်ခါလေ ပထမခြေလှမ်းစတင်လိုက်ခြင်းကလည်း ပြီးမြောက်မှုတစ်ခုပါပဲ။ အခြားသူတွေက ပိုတော်တယ်လို့ တွေးနေမယ့်အစား “ငါက တော်ပါတယ်။ ငါလုပ်နိုင်ပါတယ်”လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ပါ။

“စိတ်ပိုင်းဆိုင်ရာအားနည်းမှုက ငါ့ကို အားနည်းစေတယ်”

တကယ်တော့ စိတ်ပိုင်းဆိုင်ရာအားနည်းမှုက လူတိုင်းလိုလို ကြုံတွေ့နေရတာပါ။ သင့်အနီးနားက အောင်မြင်တဲ့သူတွေကလည်း စိတ်ကျန်းမာရေး အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ အဲဒီအခြေအနေတွေကို တွန်းလှန်ပြီး ကြံ့ကြံ့ခိုင်ကျော်ဖြတ်လိုက်ပါ။ ဒါကြောင့် သင့်ရဲ့စိတ်ကျန်းမာရေးအခြေအနေက သင့်ကို အားနည်းစေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေတာကို ရပ်တန့်လိုက်ပါ။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာလာဖို့ သင်လုပ်နိုင်တဲ့အရာပေါ်မှာ အာရုံစိုက်ပြီး နေ့ရက်တိုင်းကို ဖြတ်ကျော်လိုက်ပါ။

“ငါ…ပိုက်ဆံ/အချိန်/Motivation မရှိဘူး”

ကျွန်တော်တို့တွေအားလုံးက ဆန့်ကျင်ဘက်အတွေးတွေ၊ မကောင်းတဲ့အတွေးတွေကို မစဉ်းစားမိအောင် တွန်းလှန်နေကြရတာပါ။ ဒါပေမဲ့ သင့်စိတ်ကူးထဲကအတိုင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ဖန်တီးချင်ရင် သင့်စိတ်စွမ်းအားကို ဖျက်စီးစေတဲ့ မကောင်းတဲ့အတွေးတွေ ထပ်ခါထပ်ခါမတွေးမိအောင် ရပ်တန့်ပစ်ပါ။ စိတ်စွမ်းအားနည်းသွားတာနဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်သွားတာကြောင့် သင် တကယ်လုပ်ချင်နေတဲ့ အရာကိုလုပ်ဖို့ သင့်ကို အဝေးကိုတွန်းပို့နေမှာပါ။ စိတ်စွမ်းအားကြံ့ခိုင်ချင်ပါသလား။ ‘မလုပ်သင့်တဲ့အရာတွေ”မှာ အာရုံစိုက်နေတာကို ရပ်တန့်ပစ်ပြီး “လုပ်ရမယ့်အရာတွေ”နဲ့ပတ်သက်ပြီး တွေးလိုက်ပါ။

ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ကောင်းတဲ့အရာတွေ၊ ကိုယ့်ကိုယ်ကိုယ်ခွန်အား ဖြစ်စေမယ့်အရာတွေကို တွေးပေးတာကလည်း ကျွန်တော်တို့ရဲ့ဘဝကို ပုံဖော်တဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါကြောင့် မကောင်းတဲ့ အတွေးတွေဖယ်ရှားပြီး အကောင်းမြင်စိတ်နဲ့ ကောင်းတဲ့အရာတွေပဲ များများတွေးပေးသင့်ပါတယ်။

Ref: These toxic lies are damaging your mental strength

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top