မိမိတို့ရဲ့ ကလေးတွေကို ဒီတစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထတွေ သင်ကြားပေးလိုက်ပါ

11-8-2020-yyl-019.jpg

ကျွန်တော်တို့အများစုဟာ လက်မကြာခဏဆေးရတဲ့၊ Mask ဝတ်ရတဲ့ လူနေမှုပုံစံနဲ့ လိုက်လျောညီထွေအောင် နေထိုင်နေကြရပါတယ်။ မိမိတို့ရဲ့ကျန်းမာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရသလိုပဲ ကလေးတွေကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိအောင် သင်ကြားပေးဖို့အရေးကြီးပါတယ်။ အခုလိုကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထတွေက အရင်တုန်းကနဲ့မတူဘဲ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေကို အခုလိုအချိန်အခါမှာ သေချာပေါက်လိုက်နာရမယ့် အခြေခံတစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထတွေကို သေချာပေါက်သင်ကြားပေးရမှာပဲ ဖြစ်ပါတယ်။ မိဘတွေက ကလေးတွေရဲ့ စံပြနမူနာဖြစ်တဲ့အတွက် သင်ကိုယ်တိုင်က တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထတွေကို လိုက်နာမယ်ဆိုရင် သူတို့ကလည်း သင့်အတိုင်း အတုခိုးပြီး လိုက်လုပ်ကြမှာဖြစ်ပါတယ်။ ကလေးတွေကို ဒီတစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထတွေကို သင်ကြားပေးလိုက်ပါ။

လက်တွေကို သန့်စင်ခိုင်းပါ

လက်ဆေးတဲ့ အလေ့အထကတော့ ဟိုအရင်ကတည်းကရှိခဲ့တဲ့ စည်းမျဉ်းတွေထဲကတစ်ခုပါပဲ။ အခုလိုကပ်ရောဂါ ဖြစ်လာတဲ့အတွက် အဲဒီစည်းမျဉ်းကို မဖြစ်မနေလိုက်နာကြရမှာ ဖြစ်ပါတယ်။ ကလေးတွေကို ရေ၊ ဆပ်ပြာတို့နဲ့ လက်တွေကို စက္ကန့် (၂၀) လောက် သေချာဆေးကြောဖို့ သင်ကြားပေးပါ။ သူတို့ အချိန်မှတ်သားထားနိုင်ဖို့အတွက် လက်ဆေးတဲ့အခါ မွေးနေ့သီချင်း နှစ်ခေါက်ဆိုခိုင်းလိုက်ပါ။ ထမင်းမစားခင်နဲ့ စားပြီးနောက်၊ အိမ်သာသွားပြီးနောက်၊ အရုပ်တွေနဲ့ကစားပြီးတဲ့ နောက်မှာလည်း လက်ဆေးရမယ်ဆိုတာကိုလည်း သင်ပေးရမှာဖြစ်ပါတယ်။

ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပုဝါ၊ တစ်ရှုးတို့ကို အသုံးပြုခိုင်းပါ

သင့်ကလေးကို နှာချေ၊ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပုဝါ (သို့) တစ်ရှုးတို့နဲ့ ပါးစပ်ကို အုပ်ထားဖို့ သင်ပေးပါ။ ကလေးတွေကို တစ်ရှုး၊ လက်ကိုင်ပုဝါမရှိရင် လက်တစ်တောင်ဆစ်ကွေးကို အသုံးပြုပြီး ပါးစပ်ကို အုပ်ထားဖို့လည်း သင်ပေးလို့ရပါတယ်။ သင့်ကလေးက ချောင်းဆိုး၊ နှာချေရင် လက်ကို အသုံးပြုမယ်ဆိုရင် ရေ၊ ဆပ်ပြာတို့နဲ့ ချက်ချင်းလက်ဆေးခိုင်းသင့်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့လက်ကိုင်ပုဝါကို အခြားသူတွေနဲ့ မျှဝေမသုံးစွဲသင့်ကြောင့်လည်း သိထားသင့်ပါတယ်။

Mask ဝတ်တတ်ပါစေ

Mask ဝတ်တဲ့အကျင့်ကိုလည်း ကလေးတွေကို သင်ကြားပေးသင့်ပါတယ်။ ကလေးတွေအတွက် Mask ဝတ်ရတာက သက်တောင့်သက်သာ မဖြစ်နိုင်တဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ Mask တွေကို ရွေးချယ်ပေးသင့်ပါတယ်။ ကလေးတွေ Mask ဝတ်ဖို့အတွက် လူတိုင်းကို မမြင်နိုင်တဲ့ပိုးမွှားတွေက တိုက်ခိုက်နေတယ်ဆိုတဲ့ အကြောင်းကို ကလေးတွေကို ပြောပြလို့ရပါတယ်။ Mask ဝတ်ရတာစိတ်ဝင်စားဖို့အတွက် ကလေးတွေ ကြိုက်နှစ်သက်တဲ့ Mask တွေကို ရွေးချယ်ခိုင်းသင့်ပါတယ်။

မျက်နှာကို လက်တွေနဲ့ မထိခိုင်းပါနဲ့

ဒီအချက်ကတော့ ကလေးတွေအတွက် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ဘာလို့ မထိသင့်လဲဆိုတာကို သင်ပေးဖို့လိုပါတယ်။ လက်မှာရှိနေတဲ့ ဘတ်တီးရီးယားပိုးတွေက မျက်နှာကနေ ဘယ်လိုကူးစက်နိုင်တယ်ဆိုတာကို ရှင်းပြပေးလို့ရပါတယ်။

ရေချိုးပေးခြင်းရဲ့ အရေးကြီးမှုကို သိပါစေ

တချို့ကလေးတွေက ရေချိုးရမှာကြောက်ကြပါတယ်။ ကလေးတွေက မကြာခဏဆိုသလို ရေမချိုးချင်ဘူးဆိုရင် ရေချိုးလိုက်မယ်ဆိုရင် ဘတ်တီးရီးယားပိုးမွှားတွေက ဘယ်လိုပျောက်သွားတယ်ဆိုတာကို သိအောင်သင်ကြားပေးသင့်ပါတယ်။ ရေချိုးတာက လန်းဆန်းပြီး ကိုယ်လက်ပေါ့ပါး သွားစေတယ်ဆိုတာကိုလည်း သင့်ကလေးသိအောင် သင်ကြားပေးသင့်ပါတယ်။

Ref: Living during the pandemic: 5 personal hygiene habits your child should learn before the age of 5

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top