တိတ်ဆိတ်ခြောက်သွေ့လွန်းနေတဲ့ မြို့ငယ်လေးကို အနုပညာအစွမ်းနဲ့ စည်ကားစေခဲ့သူ

itaily.jpg

အီတလီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စတိုနာရာမြို့ငယ်လေးဟာ နေထိုင်သူ နည်းပါးပြီး တိတ်ဆိတ်ခြောက်သွေ့လွန်းတဲ့ အခြေအနေကနေ အခုဆိုရင် နှစ်စဉ်နှစ်တိုင်း ခရီးသည်သောင်းချီ လာရောက်ရာ အရပ်ဒေသ ဖြစ်လာခဲ့ပါပြီ။

လူနေမှုစရိတ် ကြီးမားပြီး ကလေးမွေးဖွားနှုန်း ကျဆင်းခဲ့သလို အခြားဒေသထံ ပြောင်းရွှေ့နေထိုင်သူ များပြားလွန်းတာကြောင့် စတိုနာရာမြို့ငယ်လေးဟာ ခြောက်ကပ်ခဲ့ပါတယ်။ အဲဒီအခြေအနေကို ပြောင်းလဲဖို့ စတင်ကြိုးပမ်းခဲ့သူကတော့ ပန်းချီဆရာ လွန်ဘာဒီပါပဲ။

သူဟာ ၂၀၁၇ ခုနှစ်ကစပြီး စထရာမူရယ် (Stramurales) နှစ်စဉ်အနုပညာပွဲတော်ကို စတင်ကျင်းပခဲ့တာပါ။ ဒီပွဲတော်ကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အနုပညာရှင်တွေက စတိုနာရာမြို့ငယ်လေးဆီလာပြီး နေအိမ်နံရံတွေ၊ ဈေးဆိုင်တွေမှာ နံရံပန်းချီကားတွေ ရေးဆွဲခဲ့ကြပါတယ်။

ပထမဆုံး အနုပညာပွဲတော်မှာ နံရံပန်းချီ ၆ ခုပဲ ရေးဆွဲခဲ့ပေမဲ့ အခုချိန်မှာတော့ နံရံပန်းချီပေါင်း ၁၄၀ ရေးဆွဲဖန်တီးခဲ့ပြီးပါပြီ။ ဒီပွဲတော်ကြောင့် စတိုနာရာမြို့ရဲ့ ခရီးသွားလုပ်ငန်းဝင်ငွေကလည်း ၂၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး စားသောက်ဆိုင် ၂ ဆိုင်၊ ပန်းချီပစ္စည်း အရောင်းဆိုင်၊ ဧည့်ရိပ်မွန်တွေအပါအဝင် စီးပွားရေးလုပ်ငန်း ၈ ခု ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒီထက် ပိုအရေးကြီးတဲ့ အချက်ကတော့ အခြားဒေသကို ပြောင်းရွှေ့သွားကြတဲ့ လူငယ်တွေက စတိုနာရာမြို့ထံ ပြန်လည်အခြေချလာကြတာပါပဲ။

စတိုနာရာမြို့မှာ နေထိုင်သူတွေဟာ အနုပညာပွဲတော်မစခင် ရေးဆွဲဖို့ တင်ပြထားတဲ့ အကြောင်းအရာတွေကို မဲပေးရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အခုနှစ် အနုပညာပွဲတော်ကို ဇူလိုင်လအတွင်း ကျင်းပမှာဖြစ်ပြီး ဥရောပတိုက်ပြင်ပမှ အနုပညာရှင်တွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

Ref: Italian ‘Ghost Town’ Rescued by Instagramable Street Art Which Attracts Thousands

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top