မြန်မာ့ပညာရေးအောင်ပွဲအဖြစ် အောင်မြင်စွာဆောင်ရွက်ဖို့ မှာကြား မကြာခင် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ် ဖြစ်လာမည်

yyl-027.jpg

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်သဘင်ကို စတင်လိုက်ပြီဖြစ်တယ်လို့ ဒီဇင်ဘာ ၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတဲ့ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို တစ်နှစ်ကြာမယ့် ရာပြည့်သဘင်ကြီးကို မြန်မာ့ပညာရေးအောင်ပွဲအဖြစ် စည်ကား သိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ဖို့ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာမှာ ထည့်သွင်းမှာကြားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်သဘင်ကြီးဟာ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်ဆက်နွယ်သူတွေအတွက် သာမဟုတ်ဘဲ မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူစရာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်စေဖို့ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းနေပြီး မကြာမီကာလမှာပဲ ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာမယ်လို့လည်း သိရပါတယ်။

အခုလို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်လာစေဖို့ ကြိုးပမ်းနေတာဟာ ၂၀၁၅ ခုနှစ် အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ ဆောင်ရွက်နေတာဖြစ်ပြီးတော့ သင်ရိုးညွှန်းတမ်းတွေ ပြန်လည်မွမ်းမံပြင်ဆင်တာ၊ ပြန်လည်ရေးဆွဲတာ စတဲ့လုပ်ငန်းတွေကိုလည်း စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်ကို စတင်ကြေညာတဲ့ရက်ကနေ ၂၀၂၀ ဒီဇင်ဘာလ ၁ ရက်ထိ ကျင်းပ သွားမှာဖြစ်တဲ့အပြင် ရာပြည့်ကာလအတွင်းမှာပဲ တက္ကသိုလ်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာအဆင့် မြှင့်တင်တာ၊ ရုပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်တာတွေကို မဟာစီမံကိန်းတစ်ခု ရေးဆွဲပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးတော့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလို နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပွဲတွေကို တစ်နှစ်တာပတ်လုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ဟာ စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေအတိုင်း စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပညာရပ်နယ်ပယ်မှာ တချိန်က အရှေ့တောင်အာရှရဲ့ အကောင်းဆုံး တက္ကသိုလ် ဖြစ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ အင်းလျားကန်၊ ဘွဲ့နှင်းသဘင် အဆောက်အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ ကျယ်ဝန်းတဲ့ တက္ကသိုလ်နယ်မြေတွေကြောင့် အရှေ့တောင်အာရှမှာ အလှပဆုံး တက္ကသိုလ်တစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top