သမိုင်းထဲကအမျိုးသမီးစာဆိုတော် သို့မဟုတ် လှိုင်ထိပ်ခေါင်တင်

htkt_large.jpg

လှိုင်ထိပ်ခေါင်တင်ကို သာယာဝတီမင်းသား မဟာသီရိသီဟသူရဓမ္မရာဇာနဲ့ အနောက်နန်းမတော် မမြကလေးတို့မှ ခရစ်နှစ် ၁၈၃၃ခုနှစ်မှာ ဖွားမြင်သန့်စင်ပေးခဲ့တာဖြစ်ပါတယ်။

ငယ်နာမည်ကတော့ မယ်ဖွားလို့ခေါ်ဆိုကြပါတယ်။ မယ်တော်၊ ခမည်းတော်တို့ကတော့ တင်တင် လို့ ခေါ်လေ့ရှိပါတယ်။ သူမအသက်လေးနှစ်အရွယ်မှာ ခမည်းတော်သာယာဝတီမင်းနန်းတက်ပြီး သူမကို “သီရိသုမြတ်စွာရတနာဒေဝီ”ဘွဲ့နဲ့ လှိုင်မြို့ကို အပိုင်စားပေးခဲ့ပါတယ်။ ဒီအချိန်ကစ သူမဟာ လှိုင်ထိပ်ခေါင်တင်ဆိုပြီး နာမည်ရရှိလာခဲ့ပါတယ်။ သူမမယ်တော် အနောက်နန်းမတော် မမြကလေးဟာလည်း စာပေရေးသားရာမှာ ဝါဿနာထုံသူတစ်ဦးဖြစ်ပြီး ချစ်သမျှကို၊ ဘုံလယ်ခွင်၊ မြိုင်တွင်းကသာ အစချီပတ်ပျိုးများအပြင် ပတ်ပျိုးပေါင်းများစွာကို ရေးသားခဲ့ပါတယ်။

လှိုင်ထိပ်ခေါင်တင်ကလေး ၁၂နှစ်သမီးအရွယ်မှာ ပြည်မင်းသားအရေးတော်ပုံဖြစ်ပြီး သူမမယ်တော်ဟာ ကြံရာပါအဖြစ် ကုန်းချောခံခဲ့ရပြီး တစ်မျိုးလုံးကွပ်မျက်ခံခဲ့ရပါတယ်။ လှိုင်ထိပ်ခေါင်တင်လေးကိုတော့ မင်းတုန်းမင်းရဲ့မိဖုရားခေါင်ကြီးဖြစ်လာမယ့် စကြာဒေဝီမင်းသမီးက မွေးစားထားပေးခဲ့ပါတယ်။ လှိုင်ထိပ်ခေါင်တင်အရွယ်ရောက်လာခဲ့အခါမှာ ကဗျာ၊ လကာၤများ ဖွဲ့နွဲ့သီကုံးတတ်မှုကြောင့် လူချစ်လူခင်ပေါပြီး နာမည်ကျော်စောလာပါတယ်။ မင်းတုန်းမင်းနန်းတက်တဲ့အခါ လှိုင်ထိပ်ခေါင်တင်မင်းသမီးလေးကို ညီတော်ကနောင်မင်းသားနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ သူမ အသက် ၂ဝအရွယ်မှာ အိမ်ရှေ့မိဖုရားဖြစ်လာခဲ့ပါတယ်။

အိမ်ရှေ့မိဖုရားတစ်ပါးဖြစ်လာသော်ငြား မောင်တော်ကနောင်မင်းသားက သူမကိုလျစ်လျူရှုပြီး မောင်းမမိဿံတွေဆီသာ သွားနေတာက သူမရဲ့အထီးကျန်မှုကို ကဗျာလင်္ကာအဖြစ် ပြောင်းဖို့ လမ်းညွှန်ပေးလိုက်သလိုပါပဲ။ လှိုင်ထိပ်ခေါင်တင်ဟာ ရုပ်ဆိုးသူတစ်ယောက်မဟုတ်ပါဘူး။ ယဉ်ယဉ်လေးနဲ့ ချောမောလှပသူတစ်ဦးဖြစ်ပြီး မြင်သူတိုင်း ချစ်ခင်စေတဲ့ရုပ်ရည်ရူပကာရှိပါတယ်။ မင်းသားတစ်ပါးအနေနဲ့ မိန်းမသူများများယူခြင်းကို သူမအနေနဲ့ မစိမ်းလှပေမယ့်လည်း မိန်းမသားတစ်ဦးပီပီ မောင်တော်ရဲ့ချစ်ခြင်းမေတ္တာကိုတော့ လိုချင်မိတဲ့စိတ်ရှိပါတယ်။ ဒီတော့လည်း မောင်တော်ကို မျှော်ရင်း ရေးဖွဲ့တဲ့ ဘောလယ်တွေ ပေါ်ပေါက်လာပါတယ်။ လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ်များဟာ နာမည်ကြီးပါတယ်။ တစ်ချို့ကတော့ အလွမ်းအဆွေးအကြောင်းတွေ ဖြစ်ပြီး အလွမ်းအဆွေးချည်းပဲ မဟုတ်တာတွေလည်း ဖွဲ့ဆိုထားပါသေးတယ်။

လှိုင်ထိပ်ခေါင်တင်မတိုင်ခင်က ဘောလယ်တွေ မပေါ်ပေါက်သေးပဲ ဘောလယ်ဖွဲ့နည်းဟာ သူမစတင် တီထွင်လိုက်တယ်ဆိုပါတယ်။ သူမဟာ ဘောလယ်များ၊ ပြဇတ်များ၊ ကဗျာများ၊ ပတ်ပျိုးများ၊ လေးချိုးဒွေးခ်ျိဳးများ၊ တေးထပ်များ အများအပြားရေးသားသီကုံးခဲ့ပါတယ်။ ဘောလယ်တွေထဲမှာ စိန်ခြူးကြာညောင်ချီဘောလယ်က အထင်ရှားဆုံးလို့ဆိုကြပြီး နန်းတွင်းပြဇာတ်တွေကိုလည်း နန်းတွင်းသူတွေအတွက် ရေးသားပေးခဲ့ပါတယ်။ သူမဟာ ကနောင်မင်းနဲ့ သားတော်တစ်ပါးထွန်းကားခဲ့ပါတယ်။ ကနောင်မင်းဟာ မြင်းကွန်းမြင်းခုံတိုင်ပုန်ကန်မှုမှာ အသတ်ခံခဲ့ရပါတယ်။ လှိုင်ထိပ်ခေါင်တင်ဟာ ခရစ်နှစ် ၁၈၇၅ခု သက်တော် ၄၂နှစ်အရွယ်မှာ ဆုံးပါးခဲ့ပါတယ်။

ပန်းချီ – Mann Zar Hein

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top