လူကြိုက်များလာတဲ့ ကော်ဖီနဲ့ သံပရာရည် ရောသောက်ခြင်း ပြဿနာ

9-4-2020-yyl-038.jpg

ခေတ်ရေစီးကြောင်းတွေ တိုးတက်လာတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့ အသစ်အဆန်းဆိုတဲ့ အရာတွေကို လူတွေက တီထွင်ဖို့ ကြိုးစားလာကြတယ်။ တချို့တွေကျတော့လည်း နဂိုရှိပြီးသား အရာတွေကို ရောစပ်ပြီး လူစိတ်ဝင်စားလောက်စရာ trend လိုမျိုးတွေ လုပ်လာကြတယ်။ ဒီဆောင်းပါးမှာတော့ လူတော်တော်များများ စွဲလမ်းနှစ်သက်ကြတဲ့ ကော်ဖီကို သံပရာရည် ရောစပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ကော်ဖီနဲ့ သံပရာရည် trend

ကော်ဖီမှာလည်း ကျန်းမာရေးအရ ကောင်းတဲ့အချက်တွေလည်း ရှိနိုင်သလို မကောင်းတဲ့ အချက်တွေလည်း ရှိနိုင်တယ်။ သံပရာရည်လည်း ထိုနည်းတူပါပဲ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျား၊ မ အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ကော်ဖီ ခါးခါး အရသာကို သံပရာရည်ရဲ့ ချဉ်စိမ့်စိမ့် အရသာနဲ့ ရောစပ်လိုက်တဲ့အခါ ပုံမှန်ထက် ပိုထူးကဲတဲ့ အရသာ၊ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရမယ်လို့ လူတွေက ထင်ထားကြတယ်။

ဒီ trend ကို စလုပ်ခဲ့တဲ့ သူတွေကိုယ်တိုင်က ကော်ဖီနဲ့ သံပရာရည် ရောစပ်သောက်သုံးခြင်းဟာ အဆီကျစေတယ်၊ ခေါင်းကိုက်တာကို သက်သာစေတယ်၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန် သောက်ပေးခြင်းဖြင့် ဝမ်းပုံမှန် ပြန်ကောင်းစေတယ်၊ အသားအရေကို ကြည်လင် လှပစေတယ် အစရှိသဖြင့် ကြေငြာကြတာပေါ့။ နဂိုကတည်းက လူ့စိတ်သဘာဝက အသစ်အဆန်းဆိုရင် သူ့ထက်ငါ ဦးအောင် လက်တွေ့စမ်းချင်ကြတာဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ တစ်ယောက်က စလိုက်တာနဲ့ ကျန်တဲ့သူတွေ အကုန်လုံးက လိုက်လုပ်ကြတော့တာပါပဲ။

တကယ်ရော ကျန်းမာရေးအရ အကျိုးထူးရှိလား။

ကော်ဖီ သို့မဟုတ် သံပရာရည် တစ်မျိုးချင်းစီမှာ သူ့ဟာနဲ့သူ ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတာတွေ ပါဝင်ပါတယ်။ ဒီ ၂ မျိုးကို ရောသောက်လိုက်လို့ ပိုကောင်းသွားမယ် ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။

ဥပမာ ပြောရမယ်ဆိုရင်

ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ စိတ်ကို နိုးကြားတက်ကြွစေပြီး ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်စေဖို့ လှုံ့ဆော်ပေးတယ်။ လေ့ကျင့်ခန်း လုပ်ရာမှာ အားအင် ပိုစိုက်ထုတ်နိုင်စေသလို တစ်နေ့တာလုံး ကုန်ဆုံးသွားတဲ့ အားအင်တွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ ကယ်လိုရီ လောင်ကျွမ်းနှုန်းကို အနည်းငယ် မြှင့်တင်ပေးနိုင်တယ်။

သံပရာရည်ဆိုရင်လည်း ဗီတာမင် စီ ပါဝင်မှုများခြင်းကြောင့် ကိုယ်ခံအားကို ကောင်းစေတယ်။ ကိုယ်ခန္ဓာထဲ ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တယ်။ အသားအရေကို စိုပြေဝင်းပလာစေတယ်။ ဆံပင်သန်စေတယ်။ တချို့သော ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အလွဲတွေနဲ့ ဂျင်းတွေကို ဖော်ထုတ်ကြမယ်။

အပေါ်မှာ ပြောထားခဲ့တဲ့ ကော်ဖီနဲ့ သံပရာရည် ရောသောက်လို့ ရနိုင်ပါတယ်လို့ ကြေငြာထားတဲ့ ကောင်းကျိုးတွေက တကယ်ဟုတ်မဟုတ် ဒီမှာ ကြည့်ကြရအောင်။

၁။ အဆီကျစေတယ် ဆိုတာ မဟုတ်ပါ။

ကော်ဖီနဲ့ သံပရာရည် ရောသောက်လို့ ထူးထူးခြားခြား အဆီအများကြီး ကျပြီး ပိန်သွယ်သွားတယ် ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။ အဆီကျဖို့အတွက် ကယ်လိုရီပမာဏ လျှော့စားတာ၊ လောင်ကျွမ်းမှု နှုန်းမြင့်အောင် အားကစား၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မှသာ ဖြစ်မှာပါ။

၂။ ခေါင်းကိုက်တာ သက်သာစေတယ်ဆိုတာ လူတိုင်းအတွက် မဟုတ်ပါ။

ကော်ဖီက စိတ်ကိုကြည်လင် လန်းဆန်းစေသလို သံပရာရည်ဟာလည်း ခေါင်းကိုက်တာကို သက်သာစေတာ မှန်ပါတယ်။ ဒီတော့ ၂ မျိုးကို ရောသောက်လိုက်တဲ့အခါ ဦးနှောက်ထဲသို့ သွေးစီးဆင်းနှုန်းကို အနည်းငယ် နှေးကွေးသွားစေလို့ ခေါင်းကိုက် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ တချို့လူတွေမှာ ကဖင်းဓာတ် သို့မဟုတ် အချဉ်ဓာတ်ပါတဲ့ အအေး၊ စားစရာတွေကို စားသုံးမိလိုက်ကာမှ ခေါင်းကိုက်လာတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဒီအချက်ဟာ မှန်တယ်၊ မှားတယ်လို့ ပုံသေ ယူဆလို့ မရပါဘူး။

၃။ ဝမ်းပျက်ဝမ်းလျှောကို သက်သာစေတယ် ဆိုတာ မဟုတ်ပါ။

ဘာအကြောင်းကြောင့်ပဲ ဝမ်းပျက်ဝမ်းလျှောပါစေ၊ ဒီလို အခြေအနေမျိုးမှာ ရှောင်ကြဉ်ဖို့ လိုအပ်တဲ့ အစားအစာ၊ ဖျော်ရည်တွေထဲမှာ ကော်ဖီဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်းလျှောနေရင် လူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှု ဖြစ်ပေါ်ပါတယ်။ ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ရေဓာတ်ကို ပိုမိုကုန်ခမ်းသွားစေတဲ့အတွက်ကြောင့် ဒီအချက်ဟာ လုံးဝ ဖြစ်နိုင်ခြေ မရှိပါဘူး။

၄။ အသားအရေကို ကြည်လင်စေတယ် ဆိုတာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ကော်ဖီမှာရော၊ သံပရာရည်မှာပါ အသားအရေကို အကျိုးထူး ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း (Anti-oxidant) တွေ အများအပြား ပါဝင်တာကြောင့် အသားအရေကို တင်းတင်းရင်းရင်း ဖြစ်စေသလို ကြည်လင်ဝင်းပလာစေတယ် ဆိုတာလည်း မှန်ပါတယ်။ ကော်ဖီနဲ့ သံပရာကို ရောသောက်မှ မဟုတ်ဘဲ သီးသန့်စီ ခွဲသောက်မယ်ဆိုရင်လည်း ဒီအကျိုးထူးကို ရနိုင်ပါတယ်။

နောက်ထပ် ဘာဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။

ကော်ဖီကို စွဲစွဲလမ်းလမ်း သောက်တဲ့သူတွေမှာ ညအိပ်ချိန် မမှန်တာ၊ ညဘက်ကို ကောင်းစွာ အိပ်ပျော်နိုင်ဖို့ ခဲယဉ်းတာ၊ နေ့နဲ့ ည အိပ်ချိန် မှားယွင်းတာ၊ ကိုယ်ဝန် ပျက်ကျနိုင်ခြေ ပိုများတာ၊ ဓာတ်မတည့်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။

အဲ့တော့ trend အများစုက လူစိတ်ဝင်စားဖို့ သက်သက်သာ ဖြစ်ပြီး နေရာတိုင်းမှာ အကျိုးမရှိနိုင်ဘူးဆိုတာတော့ အားလုံးပဲ လက်ခံထားဖို့ လိုအပ်ပါတယ်။ ဒါဆို ကော်ဖီခါးခါးနဲ့ သံပရာရည် ချဉ်ပြုံးပြုံးလေး ရောသောက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတယ်ဆိုတဲ့ ကိုကို၊ မမတွေလည်း ကိုယ် ဘာတွေ မှားသိထားလဲဆိုတာ နားလည်လောက်ပြီလို့ မျှော်လင့်မိပါတယ်နော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Ref : Hellosayarwon

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top