ယင်ကောင်တွေကို လှမ်းရိုက်ဖို့ ဘာကြောင့် ခက်ခဲလွန်းနေရတာလဲ

97824076_c0069493-housefly-spl.jpg

စာဖတ်သူတို့ ယင်ကောင်တွေကို လက်နဲ့လှမ်းရိုက်ဖူးပါသလား။ လှမ်းရိုက်ဖူးတယ်ဆိုရင်တော့ ယင်ကောင်တွေက ကျွန်တော်တို့ထက်မြန်တယ်ဆိုတာ သင်တို့သိထားကြမှာပါ။

ဒါပေမဲ့ ဒီလောက် ဦးနှောက်သေးသေးလေးနဲ့ အကောင်လေးက ကျွန်တော်တို့ကို တစ်ပတ်ရိုက်နိုင်ရတာလဲ။ ခြင်တွေကျတော့ လှမ်းရိုက်ရတာလွယ်သလောက် ယင်ကောင်တွေကျတော့ ဘာကြောင့် အရမ်းမြန်နေရတာလဲ။ ယင်ကောင်တွေက ကျွန်တော်တို့ ဘယ်ကို လှမ်းရိုက်မလဲဆိုတာ သိနေလို့များလား။ ရိုးရာလေးပရိသတ်တွေလည်း သိချင်ကြမှာပါ။ ဒါကြောင့် ယင်ကောင်တွေရဲ့ စွမ်းအား ဘာလဲဆိုတာ BBC World Service Crowd Science အဖွဲ့ရဲ့ လေ့လာထားမှုကို ဖော်ပြလိုက်ပါတယ်။

အဖြေကတော့ လူသားတွေနဲ့ယှဉ်ရင် ယင်ကောင်တွေဟာ နှေးနှေးလေးနဲ့မြင်နိုင်လို့ပါ။ မျက်လုံးထဲမြင်အောင်ပြောမယ်ဆိုရင် နာရီလက်တံတွေပါတဲ့ နာရီတစ်လုံးကို ယူပြီးကြည့်လိုက်ပါ။ စက္ကန့်လက်တံက သူနှုန်းနဲ့ တစ်ချက်ချက်မြည်သွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ လိပ်တစ်ကောင်အတွက်ကတော့ ဒီစက္ကန့်လက်တံတစ်ချက်ချက်မြည်နေတာက လူတွေမြင်တာထက် ၂ ဆ မြန်နေပါလိမ့်မယ်။ ယင်ကောင်မျိုးစိတ်တွေအတွက်ကတော့ ဒီစက္ကန့်လက်တံ တစ်ချက်ချက်မြည်နေတာက လူတွေမြင်တာထက် ၄ ဆ လောက်ပိုနှေးနေပါလိမ့်မယ်။ ဒီလို ဘယ်လောက်အမြန်နှုန်းနဲ့ မြင်နိုင်လဲဆိုတာကလဲ မျိုးစိတ်တွေနဲ့ဆိုင်ပါတယ်။

ဘာကြောင့်လဲဆိုတာ လူတွေ၊ တိရစ္ဆာန်တွေ ပတ်ဝန်းကျင်ကို မြင်ရတယ်ဆိုတာ ဗီဒီယိုတစ်ခုကြည့်နေသလိုပါပဲ။ မျက်လုံးကနေ ပုံရိပ်တွေကို ဦးနှောက်သို့ တစ်စက္ကန့်မှာ အလင်းရောင်နဲ့ ဘယ်နှစ်ချက်မြင်နိုင်သလဲဆိုတဲ့ အမြန်နှုန်းတစ်ခုနဲ့ ပို့ကြတာပါ။ ပျှမ်းမျှအားဖြင့် လူတွေကတော့ တစ်စက္ကန့်မှာ အကြည့် ၆၀ ခန့်နှုန်းနဲ့မြင်နိုင်ပါတယ်။ လိပ်တွေကတော့ ၁၅ သာရှိပြီး ယင်ကောင်တွေကတော့ ၂၅၀ အထိရှိပါတယ်။

ဒီပို့လိုက်တဲ ပုံရိပ်တွေကို ဦးနှောက်က ဆောင်ရွက်ပြီး မြင်တယ်ဆိုတဲ့ အမြင်ဖြစ်လာတာကို “ဖျတ်ခနဲဖြစ်လာသော ပုံရိပ်များကို ပေါင်းစပ်နှုန်း” ( “flicker fusion rate”) လို့ခေါ်ပါတယ်။ ယင်ကောင်မှာက ဒီနှုန်းလည်း လူသားတွေထက် ပိုများနေပါသေးတယ်။

ကိန်းဗရစ်တက္ကသိုလ်က ပရောဖက်ဆာ ရော်ဂျာဟာဒီ (Roger Hardie) ယင်ကောင်တွေရဲ့ မျက်လုံး ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို လေ့လာနေသူတစ်ယောက်ဖြစ်ပြီး ယင်ကောင်တွေရဲ့ flicker fusion rate ကို စစ်ဆေးဖို့ စမ်းသပ်ချက်တစ်ခုလုပ်ခဲ့ပါတယ်။ စမ်းသပ်ဖို့အတွက် ယင်ကောင်တွေရဲ့ မျက်လုံးထဲကို အရွယ်အစားသေးငယ်တဲ့ ဖန်သား လျှပ်ခေါင်းလေးတစ်ခုကို ထည့်သွင်းခဲ့ပြီး အလင်းရောင် လျှပ်ပျက်ချက်တွေ မျက်လုံးထဲဝင်လာတဲ့အခါမှာ ဖန်သားလျှပ်ခေါင်းလေးက သေးငယ်တဲ့ လျှပ်စီးကြောင်းတစ်ခုကို ထုတ်လွှတ်ပြီး ဒီလျှပ်စီးကြောင်းတွေက ကွန်ပျုတာပေါ်မှာ ဇယားတစ်ခုပေါ်လာစေပါတယ်။ လေ့လာချက်အရတော့ စမ်းသပ်ခဲ့သမျှထဲမှာ အမြန်ဆုံး ယင်ကောင်တစ်ကောင်ရဲ့ “ဖျတ်ခနဲဖြစ်လာတဲ့ ပုံရိပ်များကို ပေါင်းစပ်နှုန်း” က တစ်စက္ကန့်မှာ အကြိမ် ၄၀၀ ရှိပြီး ဒီမြင်နိုင်စွမ်းဟာ ကျွန်တော်တို့ လူတွေထက် ၆ ဆ လောက်ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ယင်ကောင်တွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်သမျှ အရာအားလုံးကို Slow motion နဲ့မြင်နေရတာပါပဲ။

ယင်ကောင်တွေထဲမှာ အမြင်စွမ်းအား အကောင်းဆုံးကတော့ ဥရောပမှာ ပေါက်ဖွားပြီး တခြားယင်ကောင်တွေကို အရမ်းလျင်မြန်တဲ့နှုန်းနဲ့ ဖမ်းဆီးစားသောက်တတ်တဲ့ Killer fly ဆိုတဲ့ ယင်ကောင်ပါပဲ။ လေ့လာချက်အရ ဒီ Killer flyနဲ့ သူ့ရဲ့သားကောင်ဖြစ်တဲ့ fruit fly တစ်ကောင်ကို ဗီဒီယို အနှေးရိုက်ကူးနိုင်တဲ့ ပုံးတစ်ပုံးတည်းမှာ လွှတ်ပေးလိုက်ပြီး မှတ်တမ်းတင်ထားပါတယ်။

လူမျက်စိနဲ့ ကြည့်တဲ့အခါ Killer fly ဟာ မလှုပ်ရှားဘဲ ငြိမ်နေတာကို ပထမဆုံးတွေ့ခဲ့ရပြီး Fruit fly က ၇ စင်တီမီတာ လောက်ပျံသွားတဲ့အခါမှာ Killer fly က ရုတ်တရတ်လှုပ်ရှားလိုက်ပြီး ခဏအကြာမှာတော့ Fruit fly ကို စားသောက်နေတာ တွေ့ခဲ့ရပါတယ်။ Slowmotion ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုကို ပြန်ကြည့်တဲ့အခါမှာတော့ လူမျက်လုံးနဲ့ မမြင်နိုင်တဲ့အရာကို မြင်လာရပါတယ်။ ပထမဆုံး Killer fly ဟာ စတင်ပျံသန်းပြီး Fruit fly ကို ၃ ကြိမ် လှည့်လိုက်ကာ နောက်ဆုံးမှာတော့ မိသွားခဲ့ပါတယ်။ မိသွားပြီးတဲ့အခါမှာ ပုံးရဲ့ ကြမ်းပြင်ကို ဆင်းပြီးစားသောက်ပါတယ်။ လူမျက်လုံးဟာ Killer fly ၃ ကြိမ့်လှည့်လိုက်တာနဲ့ ပျံသွားတာကို မမြင်လိုက်ရပါဘူး။ ဖြစ်စဉ်တစ်ခုလုံးက စုစုပေါင်း တစ်စက္ကန့်လောက်ပဲကြာပါတယ်။ ဒီလို သားကောင်ဖမ်းတာကိုတောင် တစ်စက္ကန့်လောက်ပဲ ကြာတယ်ဆိုရင် လူလက်နဲ့ ယင်ကောင်ကို လှမ်းရိုက်တာလောက်က သူ့အတွက် လိပ်တစ်ကောင်လို နှေးနှေးလေးပဲ ရွှေ့နေတာကို မြင်ရမှာပါ။

ဒါတွေအားလုံးရဲ့ အဓိက အကြောင်းရင်းကတော ယင်ကောင်တွေရဲ့ မျက်လုံးတွေမှာပါတဲ့ mitochondria (မိုက်တိုခွန်ဒရီးယား ) လို့ခေါ်တဲ့ ဆဲလ်တွေရဲ့ ဘက်ထရီအဖြစ် လုပ်ဆောင်ပေးတဲ့ အရာတွေ တော်တော်များများပါဝင်နေလို့ပါ။ မြင်ကွင်းအားလုံးကို နှေးနှေးလေးမြင်ဖို့က စွမ်းအင်အများကြီးလိုတဲ့အတွက် မိုက်တိုခွန်ဒရီးယားတွေ အများကြီးပါနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့မျက်လုံးမှာ ဒီလို မိုက်တိုခွန်ဒရီးယားတွေ အများကြီးပါနေရင်လည်း ယင်ကောင်လို မြင်ရမှာတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာ ယင်ကောင်တွေမှာပါတဲ့ အလင်းရောင်ကို တုံ့ပြန်တဲ့ဆဲလ်တွေ လူ့မျက်လုံးမှာ မပါလို့ပါ။

တချို့သော ကျောရိုးရှိသတ္တဝါတွေမှာလည်း လူတွေထက်ပိုပြီး အမြင်အားကောင်းတဲ့အစွမ်းတွေ ပိုင်ဆိုင်ထားပေးမဲ့ ပျံသန်းနိုင်တဲ့ မျိုးစိတ်တွေက အမြင်အာရုံမှာ သိသိသာသာကို အားကောင်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကောင်သေးတွေဟာ အန္တရာယ်နဲ့ ကြုံလာရင် ချက်ခြင်းဆိုသလို တုံ့ပြန်နိုင်ဖို့အတွက် အမြင်အားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒါက သဘာဝတရားကြီးကပေးထားတဲ့ စွမ်းအားတစ်ခုပါ။

ဒါ့ကြောင့် နောက်ခါ ယင်ကောင်တွေကို လက်နဲ့ လိုက်ရိုက်ဖို့ ကြိုးစားမနေပါတော့နဲ့။ ဒေါသလည်း ထွက်မနေပါနဲ့။ ဪ ယင်ကောင်တွေမှာတော့ သဘာဝတရားကြီးကပေးထားတဲ့ စွမ်းအားရှိနေတာပဲ လို့ တွေးပြီး အုန်းတံမြက်စည်းအသေးတွေနဲ့သာ လိုက်ရိုက်ကြည့်ပါတော့။

Ref: BBC ” Why is it so hard to swat a fly?”

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top