အဖြူတုံ့ အနက်တုံ့

bw_large.jpg

မိုက်လိုက်တာ၊ မိုက်မဲလိုက်တာ ဆိုတဲ့စကားတွေကို စာရေးသူတို့ ပတ်ဝန်းကျင်မှာ မကြာခဏကြားရလေ့ရှိပါတယ်။ မိုက်တယ် ဆိုတဲ့စကားကို ဘန်းစကားအနေနဲ့သုံးတာကိုလည်း ကြားရပေါင်းများလှပါပြီ။ အချို့သောလူကြီးတွေကတော့ မိုက်တယ်ဆိုတာကို နိမိတ်မကောင်းဆိုပြီး ဘန်းစကားအနေနဲ့သုံးတာကိုတောင် ကန့်သတ်ခဲ့ကြတာ စာရေးသူတို့ ငယ်စဉ်ဘဝကလည်း ကြုံခဲ့ရဖူးပါပြီ။ ဘာကြောင့် နိမိတ်မကောင်းဟု ဆိုကြတာတဲ့လဲ။ မေးလိုက်ရင် ပြန်ဖြေစရာတော့ ရှိပါတယ်။ လူဆိုးလူမိုက်နဲ့ အသုံးတူနေလို့ပေါ့။ မှန်တာပေါ့.. ဒါပေမဲ့ လူမိုက်ဆိုတဲ့စကားကို ရှေးက လက်ပန်းသတ်တဲ့နေရာမှာ သုံးခဲ့ကြတယ်ဆိုရင်ရော စာဖတ်သူတို့ လက်ခံနိုင်ပါ့မလား… ရှင်းပါမည်။

ရှေးရိုးရာ ထုံးတမ်းအစဉ်အလာအရ လူ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြမယ်ဆိုရင် ခုခေတ်လို မင်းဘာကောင်လဲ။ ငါဘာကောင်လဲ။ ဘယ်သူဘာကောင်လဲဆိုပြီး လက်သီးနဲ့ ပြေးထိုးလို့ မရပါဘူး။ အရင်ဆုံးစတင် စိန်ခေါ်တဲ့သူက လက်ပေါ်တံတွေးထွေးချလို့ တံတွေးပေနေတဲ့လက်နဲ့ စိန်ခေါ်ချင်တဲ့သူ နားရွက်ကို တံတွေးပေအောင် ကိုင်ရပါတယ်။ ဒါဟာ ရန်စ၊ စိန်ခေါ်တဲ့သဘောပါ။ (ဒီကနေပဲ.. မင်းကနားရွက်တံတွေးဆွတ်တုန်းကဆွတ်ပြီး ခုမှ တောင်းပန်လို့ရမလားဘာညာဆိုတာ ဆင်းသက်လာတယ်ထင်ပါတယ်.. ရိုးရာရှိခဲ့တာကတော့ တိမ်မြှုပ်သွားပြီး စကားအဖြစ်သာ ကျန်ခဲ့တယ်လို့ ယူဆရပါတယ်.. ဤကား စာရေးသူ၏ အမြင်သာ) ဒီလို စိန်ခေါ်ခဲ့ပြီးပြီဆိုရင်တော့ စိန်ခေါ်ခံရသူဘက်က ပြန်လည် တုံ့ပြန်ဖို့အတွက ္အဖြူတုံ့ ၊ အနက်တုံ့ဆိုပြီး နည်း (၂) နည်းနဲ့ တုံ့ပြန်ရပါတယ်။

အဖြူတုံ့ဆိုတာကတော့ အရွယ်မရောက်သေး၊ ထိုးကွင်းမထိုးရသေးတဲ့ ကလေးငယ်တွေ လက်ခံတဲ့နည်းပါ။ ကိုယ့်ကို နားရွက်တံတွေးလာဆွတ်သူကို ပြန်လည်တံတွေးဆွတ်ခြင်းအားဖြင့် လက်ခံရပါတယ်။ ပြီးရင်တော့ ဒိုင်လူကြီးတစ်ယောက်ထားပြီး စိန်ခေါ်ခံရသူရဲ့ သဘောအတိုင်း နပန်းသတ်ခြင်း၊ လွန်ဆွဲခြင်း စသဖြင့် အားပြိုင်မှုတစ်ခုကို စိန်ခေါ်သူက လိုက်ပြီး ယှဉ်ပြိုင်ရပါတယ်။
အနက်တုံ့ဆိုတာကတော့ အရွယ်ရောက်၊ ရှင်လူထွက်ပြီးတဲ့ ကာလသားပေါက်တွေကစလို့ လူကြီးတွေထိ ထိုးကွင်းထိုးပြီးသူတို့ရဲ့ တုံ့ပြန်နည်းအတိုင်း တုံ့ပြန်တာပါ။ အနက်တုံ့မှာမှ လက်ခံနည်း (၃)နည်းရှိပါတယ်။

ပထမတစ်မျိုးကတော့ အမှောင်ပါ။ စိန်ခေါ်လာသူကို ကိုယ်လုံးချင်းပြန်တိုက်လို့ လက်ခံရပါတယ်။ ဒီနည်းနဲ့ လက်ခံမယ်ဆိုရင်တော့ ယှဉ်ပြိုင်သူ နှစ်ယောက်လုံးက အရှုံးအနိုင်ပေါ်တဲ့ထိ လက်ဝှေ့ယှဉ်ထိုးရပါတယ်။ သဘောကောင်းပြီး ကြံ့ခိုင်တဲ့သူ ခွင့်လွှတ်တတ်သူတွေကိုမှ အချို့သောလူကြီးတွေနဲ့ သက်တူရွယ်တူတွေက “ တော်တော်မှောင်တဲ့သူ” ရယ်လို့ ချီးကျူးပြောဆိုတတ်ပါတယ်။ (ဒီစကားကတော့ ဒီဘက်ခေတ်မှာ ပျောက်ကွယ်သွားပါပြီ)

ဒုတိယတစ်မျိုးကတော့ အမဲ ပါ။ စိန်ခေါ်ရန်စလာတဲ့သူကို ခြေနဲ့ထကန်ခြင်းအားဖြင့် လက်ခံရပါတယ်။ ဒီနည်းလမ်းနဲ့ လက်ခံရင်တော့ လက်ခံသူရဲ့အလိုအတိုင်း တုတ်ကိုတုတ်ချင်း၊ ဓားကိုဓားချင်း၊ လှံကိုလှံချင်း စွဲကိုင်သတ်ပုတ်ရပါတယ်။ ယှဉ်ပြိုင်နေစဉ် သေသည်ထိ ထိုးခုတ်ရိုက်နှက်နိုင်ပါတယ်။ ရှုံးသူက “ငါ့မသတ်နဲ့” လို့ဆိုရင်တော့ ရှုံးသူကို ခြေနဲ့တစ်ချက်ကန်ပြီး “ ကျွန်ယုတ်၊ နောင် ငါ့ကိုဘယ်တော့မှ မလှန်နဲ့” လို့ဆိုပြီး ခွင့်လွှတ်ရပါတယ်။ ဘေးအန္တရာယ်ရှိတဲ့အလုပ်ကိုလုပ်ပြီး မထိမခိုက် အောင်မြင်လာသူတို့ကို လူကြီးတွေက ဒီအဖြစ်ကို နမူနာယူလို့ တင်စားပြီး “တော်တော်မဲသောသူ” ဒါမှမဟုတ် ပိုပြီး လေးနက်စေဖို့အတွက် “ တော်တော် မိုက်မဲတဲ့သူ” လို့ ဆိုတတ်ကြပါတယ်။
တတိယနည်းလမ်းကတော့ အမိုက် လို့ခေါ်ပါတယ်။

စိန်ခေါ်လာသူကို ပါးထရိုက်ခြင်းအားဖြင့် လက်ခံရပါတယ်။ ဒီနည်းလမ်းကို ရွေးချယ်ရင်တော့ စိန်ခေါ်သူနဲ့ စိန်ခေါ်ခံရသူတို့ သူတစ်ပြန် ကိုယ်တစ်ပြန် ခံပြ၊ တိုက်ပြရတဲ့ ယှဉ်ပြိုင်မှုပါ။ ဒီယှဉ်ပြိုင်မှုမှာ လက်နက်မသုံးစွဲပါဘူး။ ဖနောင့်နှင့်ပေါက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ တံတောင်နှင့်ထောင်းခြင်း၊ ဒူးဖြင့်တိုက်ခြင်း စတာတွေကို မိမိစိတ်ကြိုက်ပြောင်းလဲလုပ်ဆောင်နိုင်ပြီး သူတစ်လှည့်ကိုယ်တစ်လှည့်ခံယူရပါတယ်။ ဥပမာ- လက်သီးနဲ့ထိုးတဲ့အခါ “ခံလှည့်” သို့ရောက်သူ (ခံရမည့်သူ) က မလှုပ်ရှားဘဲ မျက်နှာပေးလို့ခံရပါတယ်။ (ရှောင်လို့ တိမ်းလို့ မရပါဘူး) ။ ဒူးနဲ့တိုက်မယ်ဆိုရင်လည်း မုဆိုးဒူးထောက်ထိုင်ပြီး ရင်ဘတ်ပေးလို့ မလှုပ်ရှားဘဲခံရပါတယ်။ ဖနောင့်နဲ့ပေါက်ခြင်း၊ တံတောင်နဲ့ထောင်းခြင်းတို့အတွက် မြေပြင်မှာ အကျအန ဒူးတုပ်ဝပ်ပေးလို့ ခံရပါတယ်။ ဒီလို ခံလှည့်မျိုးကို စိန်ခေါ်သူနဲ့ စိန်ခေါ်ခံရသူတို့ တစ်ယောက်တစ်လှည့်ယူရတာပါ။ (ဆိုလိုတာက ဒီတစ်ခါ စိန်ခေါ်သူက ထောင်းမယ်ဆိုရင် နောက်တစ်လှည့်မှာ စိန်ခေါ်ခံရသူက ထောင်းပါ) ခံလှည့်မှာ ကိုယ်ကိုတွန့်ပြီးရှောင်ခဲ့ရင်၊ လှုပ်ရှားပြီး တိမ်းရှောင်ခဲ့ရင်၊ အထိမနာအောင် ကြိုးပမ်းခဲ့ရင်တော့ မသမာသူ၊ သတ္တိမရှိသူစသဖြင့်သတ်မှတ်ပြီး ယောက်ျားပျက်ရယ်လို့ အရပ်က ကြဉ်ပါတယ်။

ဒီလိုယှဉ်ပြိုင်ရင်း နာကျင်လွန်း၊ မခံနိုင်လွန်း၍ “တော်ပြီ” လို့ဆိုသူက အရှုံးပေးသူပါ။ ရှုံးသူကို နိုင်သူက “အမျိုးယုတ်၊ ငါ့ကို ဘယ်တော့မှ မတုပြိုင်နဲ့” လို့ဆိုပြီး ပါးတစ်ချက်ရိုက်လို့ ကြေအေးပေးရပါတယ်။ နိုင်သူက သွေးကြွနေသေးရင်လည်း “ဘယ်သူမိုက်ရဲသေးလဲ” လို့ဆိုကာ ကြုံးဝါးပြီး သတ်မယ့်သူ ရှာနိုင်ပါသေးတယ်။ တကယ်လို့များ “တော်ပြီ” လို့မဆိုခဲ့ရင် တစ်ယောက်ယောက်သေသည်ထိ တစ်လှည့်စီထောင်းကြရပါတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်ယောက်ကများ သေသွားခဲ့ရင်လည်း ဒီသေလူက မရှုံးသေးပါဘူး။ သေသူရဲ့ မိဘ၊ ဆရာ၊ တပည့်၊ ငယ်သူငယ်ချင်း၊ ညီ၊သား၊မယား၊တူ၊ ဦးလေး စတဲ့အရင်းအချာတစ်ယောက်က အရှုံးအနိုင်ပေါ်သည်ထိ ဆက်လက်ယှဉ်ပြိုင်ရပါတယ်။ မပြိုင်လိုဘူးဆိုရင်တော့ ဒီအမျိုးအရင်းအချာထဲက တစ်ယောက်ယောက်က သေသူနာမည်ကိုခေါ်လို့ “ငါ နင့်အမျိုးကိုဖျက်ပြီ”လို့ သုံးကြိမ်သုံးခါ အော်ပြီး သေသူကို ပါးတစ်ချက်ရိုက်ရပါတယ်။ ဒီလိုလုပ်ခြင်းဟာ သေသူအတွက် ဂုဏ်မငယ်သော်လည်း ရှင်ကျန်ရစ်သူ မိသားစုတို့အတွက်ကတော့ ရှက်ဖွယ်အတိပါ။ အနည်းငယ်သော လူကြီးတို့က ချီးကျူးကြပေမယ့်လည်း ရပ်ရွာကတော့ အပေါင်းအသင်းမလုပ်တော့ပါဘူး။ ဒီနည်းနဲ့ လက်ခံသူတို့ကိုလည်း “လူမိုက်”ရယ်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဒီအစဉ်အလာတွေကြောင့် ရှေးလူတို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မုန်းတီးပါစေ၊ အဖြူတုံ့နဲ့သာတုံ့ပြန်လေ့ရှိကြပါတယ်။ စိတ်ဆိုးနာကျည်းလွန်းပြီး သည်းမခံနိုင်လွန်းမှသာအနက်တုံ့မှာ “မှောင်”ရုံလောက်သာ တုံ့ပြန်ကြပါတယ်။ ဘယ်သောအခါမှ အမိုက်မခံကြပေ။ ဒါကြောင့် လူတစ်ယောက်က ဒေါသ၊ မာန၊ အချစ် စသဖြင့်သော အကြောင်းအရာတစ်ခုခုကြောင့် အသက်စွန့်သွားတဲ့အခါ လူကြီးတွေက “မိုက်မဲသူ” “အမိုက်ကောင်” စသဖြင့် တင်စားခေါ်ဝေါ်ကြပါတယ်။

ဒီလောက်ဆိုရင်တော့ မိုက်မဲတယ်၊ မိုက်တယ် ဆိုတဲ့စကားတွေရဲ့ ရာဇဝင်ကို သိနိုင်ကြပါပြီ။ ရိုးရာအစဉ်အလာတွေဟာ အခြားသောယဉ်ကျေးမှုတွေနဲ့ ရောယှက်လို့ တိမ်မြှုပ်တဲ့အရာတွေ မြှုပ်ပြီး ပျောက်ကွယ်တဲ့အရာတွေလည်း ပျောက်ကွယ်ကုန်ကြပါပြီ။ ယနေ့ခေတ်ထိ ကျန်ရှိနေသေးတဲ့ မြန်မာ့ရိုးရာ အစဉ်အလာတွေကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဖို့က စာရေးသူတို့ တာဝန်တွေ မဟုတ်ပါလား.. အထက်မှာဖော်ပြခဲ့တဲ့ အစဉ်အလာတွေကို ပြန်ပြီးထိန်းသိမ်းသင့်တယ်လို့ မဆိုသော်ငြား သိဖူး၊ ကြားဖူးလိုက်လျှင်ပဲ အမြတ်ရယ်လို့ စေတနာ အရင်းခံပြီး တင်ပြလိုက်ရပါတယ်။

ကိုးကား ။ ။ ရန်ကုန်ဘဆွေ ၏ “မြန်မာပြည်သား”

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top