အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး

shutterstock-527744647-700x467-1.png

အဆုတ်ကျန်းမာရေးက ဘယ်လောက်အရေးကြီးလဲဆိုတာ အသက်ရှူတိုင်းသတိရနေသင့်တာပါ။ အသက်ကောင်းကောင်းရှူနိုင်မှ အဆုတ်က ကျန်းမာမှာဖြစ်သလိုလေထုညစ်ညမ်းစေတဲ့အရာမှန်သမျှ အဆုတ်ရဲ့ရန်သူပါပဲ။ လေရှူသွင်းလိုက်တိုင်း ကိုယ့်ပတ်ဝန်းကျင်လေထုထဲက အန္တရာယ်ရှိတဲ့အရာဝတ္တုတွေကို အဆုတ်က လက်ခံရရှိနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆုတ်ကိုသန့်စင်စေမယ့် အစားအသောက်တွေကိုရွေးချယ်ဖို့အရေးကြီးပါတယ်။ ဒါမှ အဖြစ်များတဲ့ရောဂါတွေကိုကာကွယ်နိုင်မယ်၊ အဆုတ်ကိုအားကောင်းစေမယ်။

ပန်းနာရင်ကျပ်၊လေပြွန်ရောင်၊ အဆုတ်ရောင်တို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဟာ မဖြစ်အောင်ရှောင်လို့ရတဲ့ရောဂါတွေဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုရှိမယ်၊လေထုညစ်ညမ်းတာတွေမရှူရှိုက်မိအောင်သတိထားမယ်၊ဆေးလိပ်မသောက်ဘူးဆိုရင် အများစုက ဒီရောဂါတွေကိုရှောင်နိုင်ပါလိမ့်မယ်။ ဒီအချက်တွေကို လိုက်နာနိုင်ဖို့က ကျန်းမာပြည့်စုံတဲ့ အာဟာရအထောက်အပံ့ကို ရရှိနိုင်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့အစားအစာတချို့ကို အကြံပေးလိုက်မယ်နော်။

အဆုတ်ကို သဘာဝအလျောက် သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးအစားအစာ(၁၀)မျိုး

(၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကallicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကရောဂါပိုးတွေကိုခုခံတိုက်ဖျက်ပေးပြီးရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကိုသက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။

(၂) ချင်း

ချင်း(ဂျင်း)ကလည်း အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆုတ်ကိုသန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကိုနည်းနည်းထည့်ချက်တာကောင်းပါတယ်။ သံပရာသီးနဲ့ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်းရှင်းစေနိုင်တယ်။

(၃) နနွင်း

ချင်းနဲ့ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။

(၄) ပန်းသီး

ပန်းသီးမှာ ဗီတာမင်ဓါတ်တွေအစုံအလင်ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့flavonoidsတွေပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသောအဆုတ်ရောဂါတွေကိုဖြစ်မလာအောင်ကာကွယ်နိုင်ပါတယ်။

(၅) ဘယ်ရီသီး

ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီအသီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့ရောဂါတွေကိုဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

(၆) ကမ္ဗလာသီး

ကမ္ဗလာသီးဟာ အဆုတ်ကိုပံ့ပိုးတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအများကြီးပါဝင်ပါတယ်။ အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေ ထိတွေ့လာတဲ့အခါကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။

(၇) သလဲသီး

သလဲသီးမှာ သဘာဝအစွမ်းအာနိသင်တွေအများကြီးပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပွားမှုကိုနှေးစေပြီးမြန်မြန်သက်သာစေနိုင်ပါတယ်။

(၈) အခွံမာသီး၊အစေ့အဆန်တွေနဲ့ ပဲအမျိုးမျိုး

သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီးပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။ ဥပမာPistachiosဆိုရင် အဆုတ်ကင်ဆာကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။

(၉)ဂေါ်ဖီထုပ်မျိုးနွယ်တွေ

ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့လို မျိုးနွယ်တူအုပ်စုက ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။

(၁၀)carotenoidsကြွယ်ဝတဲ့အစားအစာ

carotenoidsဆိုတာ အဆုတ်ကင်ဆာကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့တတ်တယ်။ သူက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ ပန်းနာရင်ကျပ်အတွက် အကျိုးထိရောက်တဲ့ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပါတယ်။carotenoids ပါဝင်တဲ့အစားအစာတွေက မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဖရုံသီးတို့ပါဝင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကရေသောက်ပါ။ အဆိပ်အတောက်ဖယ်ရှားသန့်စင်တဲ့နေရာမှာရေက အသုံးဝင်ဆုံးပါပဲ။ ဖျော်ရည်၊ အချိုရည်တွေထက် ရိုးရိုးရေကိုပဲရွေးချယ်သင့်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့အစားအစာတွေကိုပေါင်းစပ်စားသုံးမယ်၊နေ့စဉ်အာဟာရမှာ ထည့်သွင်းမယ်ဆိုရင် အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာနိုင်ဖို့ မဝေးတော့ပါဘူး။

Ref : hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top