အကယ်၍သာ အမေဇုန် မိုးသစ်တောကြီး မရှိတော့ဘူးဆိုလျှင်

yyl-013-6.jpg

အမေဇုန် မိုးသစ်တောကြီး တောမီးလောင်မှု ဖြစ်စဉ်သည် စာဖတ်ပရိတ်သတ် တော်တော်များများ သိရှိပြီး ဖြစ်ပါသည်။ ယခုတစ်ခါ လူသားတို့ အသက်ရှင် နေထိုင်မှုအပေါ်တွင် အမေဇုန် မိုးသစ်တောကြီး၏အရေးပါပုံနှင့် ယခုကဲ့သို့ မကြာခဏ တောမီးလောင်မှုများ ဖြစ်ပွားနေ၍ နောက်ဆုံး သစ်တောကြီးသာ မရှိတော့လျှင် လူသားတို့ အသက်ရှင်နေထိုင်မှုအပေါ် မည်သည့်အန္တရာယ်ဆိုးများ ကျရောက်မည်ကို ဗဟုသုတ ရစေရန် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေဇုန် မိုးသစ်တောကြီးကို အမေဇိုးနီးယား (Amazonia) သို့ အမေဇုန် သစ်တော (Amazon Jungle) ဟုလဲ ခေါ်ဆိုကြသည်။

မိုးသစ်တောကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၆ သန်း မှ ၃၃.၉ သန်း တွင် စတင် ဖြစ်ပေါ်လာသည်ဟု သမိုင်းမှတ်တမ်းများက ဖော်ပြသည်။ ထို့ကြောင့် အမေဇုန်မိုးသစ်တောကြီး၏ သက်တမ်းမှာ အနည်းဆုံး နှစ်ပေါင်း ၅၅သန်း ရှိပြီဖြစ်သည်။ အမေဇုန် မိုးသစ်တောသည် ယခုအခါ တောင်အမေရိကတိုက်တွင် တည်ရှိသော ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးလဲ ဖြစ်ပါသည်။ အမေဇုန် မိုးသစ်တောသည် တောင်အမေရိကရှိ နိုင်ငံကိုးနိုင်ငံနှင့် နယ်နမိတ် ထိစပ်နေသည်။ သစ်တောကြီး၏ ၅၈.၄% ကို ဘရာဇီးနိုင်ငံ၊ ၁၂.၈% ကို ပီရူးနိုင်ငံ၊ ၇.၇% ကို ဘိုလစ်ဗီးယားနိုင်ငံ၊ ၇.၁% ကို ကိုလံဘီယာနိုင်ငံ၊ ၆.၁% သည် ဗင်နီဇွဲလား နိုင်ငံ အစရှိသည်ဖြင့် ခွဲဝေပိုင်ဆိုင် ကြသည်။ ကြီးမားသည့် မိုးသစ်တောကြီး တွင် သစ်ပင်မျိုးစိတ်ပေါင်း ၃၉၀ ဘီလီယံနှင့် သက်ရှိမျိုးစိတ်ပေါင်း ၁၆,၀၀၀ မှီတင်းရှင်သန် နေထိုင်ကြပါသည်။ ထို့အပြင် အမေဇုန် မိုးသစ်တောကြီးသည် တစ်ကမ္ဘာလုံးအတွက် အောက်စီဂျင်၂၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသော အရင်းအမြစ်တစ်ခုလည်း ဖြစ်သည်။

လူသားတို့အတွက် ထိုမျှအကျိုးပြုသည့် ကမ္ဘာ့ အရင်းအမြစ် သစ်တောကြီးသည် မသမာသူတို့၏ သစ်ခိုးထုတ်ယူမှု၊ ရှားပါ ကျေးဌက် တိရစ္ဆာန်များနှင့် သစ်ပင်မျိုးစိတ်များအား တရားမဝင် ခိုးယူရောင်းချခြင်း၊ ရာသီဥတု ခြောက်သွေ့မှု ကြောင့် သဘာဝ တောမီးများလောင်ကျွမ်းခြင်း၊ လူတို့၏ ပေါ့ဆမှု၊ မသမာမှု တို့ကြောင့် တောမီးလောင်ကျွမ်းခြင်းများ နှစ်စဉ်ရင်ဆိုင် ကြုံတွေ့ နေရသည်။

ထိုကဲ့သို့ ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေမည်ဆိုလျှင် လူသားမျိုးနွယ်စု တစ်ခုလုံးအတွက် ကြီးမားသော ဘေးဒုက္ခဆိုးကျိုးများစွာ ရင်ဆိုင်လာရမည် ဖြစ်သည်။ အကယ်၍သာ အမေဇုန် မိုးသစ်တောကြီးတစ်ခုလုံးတွင် လက်ရှိပုံစံအတိုင်း တောမီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေလျှင် လေထုအတွင်းသို့ အောက်စီဂျင် ထုတ်လုပ်မှု လျော့နည်း၊ ရပ်တန့်စေရုံသာမက ကာဗွန်ဒိုင်အောက်ဆို(ဒ်) ထုတ်လွှတ်မှုများ အလွန်များကာ လက်ရှိ့တွေ့ကြုံနေရသည့် ရာသီဥတု မမျှတမှု ဖြစ်စဉ်ကို အဆိုးရွားဆုံး အခြေအနေသို့ ကူးပြောင်းသွားစေမည် ဖြစ်ပါသည်။

ထို့အပြင် ကမ္ဘာ့ဆေး ပညာရပ်ဆိုင်ရာ သုတေသန အဖွဲ့အစည်းများ ၏ ထုတ်ပြန်ချက်အရ အမေဇုန် သစ်တောကြီးမှ ရှာဖွေတွေ့ရှိသော သဘာဝ ဆေးဖက်ဝင် ဆေးမြစ်၊ သစ်ပင်၊ သစ်ဥများ ကို အသုံးပြု၍ ယခုဆိုလျှင် ကင်ဆာရောဂါကိုပင် ကုသနိုင်သည့် ဆေးဝါးများအား ဖော်ထုတ်စမ်းသပ်နေနိုင်ပြီ ဖြစ်သည်။ အကယ်၍ သစ်တောကြီးသာ မရှိတော့လျှင် ရောဂါဆိုးများမှ ပျောက်ကင်းရန် ဆေးဝါးဖော်ထုတ်မှု နည်းလမ်းများပင် ဆုံးရှုံးရန် ရှိနေသည်။
အမေဇုန် မိုးသစ်တောကြီးတွင် ဤကဲ့သို့ ဘေးအန္တရာယ်သို့ ကျရောက်နေခြင်းသည် မြန်မာပြည်တွင် နေထိုင်သော စာဖတ်ပရိတ်သတ်များနှင့် သက်ဆိုင်မှု မရှိဟု ထင်မြင်ယူဆရန် မသင့်တော်ပေ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန်မှာ ကမ္ဘာပေါ်ရှိ လူသားများအားလုံး ပူးပေါင်းဆောင်ရွက် ရန်လိုအပ်သည့် လုပ်ဆောင်ချက်တစ်ခုပင် ဖြစ်သည်။

မြန်မာပြည်တွင် နေထိုင်သော စာဖတ်ပရိသတ်များ အနေဖြင့်လည်း အမေဇုန် မိုးသစ်တောကြီး တောမီးလောင်မှုတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီရာ ရောက်သည့် အောက်ပါလုပ်ဆောင်ချက် များကို လက်တွဲကူညီ ဆောင်ရွက်ပေးနိုင်ပါသည်။ ဥပမာအားဖြင့်…

၁။ မလိုအပ်သော စက္ကူနှင့် စက္ကူ အခြေခံသည့် ပစ္စည်းများ သုံးစွဲမှုကို လျော့ချခြင်း

၂။ လျှပ်စစ်ပစ္စည်းများကို နေရောင်ခြည် စွမ်းအင်ဖြင့် အသုံးပြုခြင်း

၃။ မလိုအပ်သော လျှပ်စစ်သုံးစွဲမှုကို လျော့ချခြင်း

၄။ မလိုအပ်သော ရေသုံးစွဲမှုကို လျော့ချခြင်း

၅။ တစ်ခါသုံး ပစ္စည်းများ သုံးစွဲမှုကို လျော့ချခြင်း

၆။ ပလပ်စတစ် ပစ္စည်းများ သုံးစွဲမှုကို လျော့ချခြင်း

စသည့် ဆောင်ရွက်ချက်များကို စာဖတ် ပရိသတ်များ စိတ်တူကိုယ်တူ တက်ညီလက်ညီနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အမေဇုန် မိုးသစ်တောကြီး သာမက ချစ်သော ဧရာဝတီနှင့် သဘာဝ ပတ်ဝန်းကျင်အတွက်များစွာ အကျိုးပြုမည် ဖြစ်သည်။

ထို့ကြောင့် မိမိတို့၏ သားသမီး မြေးမြစ်များထံသို့ ကျန်းမာသည့် သဘာဝပတ်ဝန်းကျင်ရှိရာ အနာဂတ် ကမ္ဘာကြီး လက်ဆင့်ကမ်းပေးနိုင်ရန်တက်ညီလက်ညီ ဝိုင်းဝန်းထိန်းသိမ်းရန် ဤဆောင်းပါးလေးမှ တစ်ဆင့် လှုံ့ဆော် တိုက်တွန်းလိုက်ပါသည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top