ပူပူလေးမှ စားတတ် သောက်တတ်တယ်ဆိုသူတွေ သတိထား!

A2P1-5.jpg

ကော်ဖီသောက်ရင် ပူပူလေးမှကြိုက်တယ်၊ လက်ဖက်ရည်ပူပူချိုချိုလေး ခံတွင်းတွေ့လိုက်တာဆိုတဲ့သူလေးတွေ သတိထားနော်။ အစားအစာကို ပူပူနွေးနွေးစားပါဆိုပေမယ့် အရမ်းပူ နေရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးရှိလာဖို့ ရှိနေပါတယ်။ အရမ်းပူတုန်းမှာစားလိုက်တာက လျှာကျက်သွားလို့ အရသာခံရတာ အနှောင့်အယှက် ဖြစ်သွားရုံလောက်ပေါ့ ဘာတွေများ ဖြစ်လာမှာမို့လို့လဲလို့ တွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါနော်။

အရမ်းပူတာတွေစားတဲ့အခါ

အရမ်းပူတဲ့အစားအစာတွေ၊ လက်ဖက်ရည်ပူပူ၊ ရေနွေးပူပူသောက်တတ်သူတွေက အစာရေမျိုကင်ဆာ ဖြစ်နိုင်ခြေပိုများနေပါတယ်နော်။ အမေရိကန်ကင်ဆာအဖွဲ့ကြီးရဲ့  ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့စစ်တမ်းအရ အစာရေမျိုကင်ဆာခံစားရသူအရေအတွက်က (၁၇၆၅၀) ဦးတိုးလာခဲ့ပြီး အစာရေမျိုကင်ဆာကြောင့် အခုနှစ်ကုန်ပိုင်းမှာ လူဦးရေ (၁၆၀၀၀) လောက် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

အစာရေမျိုကင်ဆာရှိသူတွေရဲ့ (၂၀) ရာခိုင်နှုန်းခန့်ဟာ ရောဂါရှိတယ်လို့သိရှိရပြီးနောက် (၅) နှစ်အကြာမှာ သေဆုံးခဲ့ကြရပါတယ်။ အစာရေမျိုကင်ဆာဖြစ်စေနိုင်တဲ့အချက်တွေကတော့ အများကြီးပါ။ အစာခြေရည် ပြန်ဆန်တက်တာကြောင့် အစာရေမျိုကင်ဆာဖြစ်နိုင်သလို ပြုပြင်ထားတဲ့အသားတွေအစားများပြီး သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အစားနည်း တာကြောင့် အစာရေမျိုကင်ဆာဖြစ်ရတာပါ။

သုတေသီတွေ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရကတော့ အမြဲလိုလို ခပ်ပူပူအရာတွေကို စားတာ ရေနွေးပူပူ၊ ဟင်းရည်ပူပူတွေသောက်တာကလည်း အစာရေမျိုကင်ဆာ ဖြစ်နိုင်ချေကို တိုးစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအတွင်း အသက် (၄၀) ကနေ (၇၅) နှစ်အရွယ် လူအယောက် (၅၀၀၀၀) ကျော်ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ (၁၀) နှစ်နဲ့ တစ်လကြာလေ့လာခဲ့ပါတယ်။ လေ့လာမှု အတွင်း လေ့လာမှုမှာပါဝင်သူ (၃၁၇) ဦးက အစာရေမျိုကင်ဆာကို ခံစားခဲ့ကြရပါတယ်။

သုတေသီတွေက အပူချိန် (၆၀) ဒီဂရီ စင်တီဂရိတ်အထက်ရှိနေတဲ့ အရမ်းပူတဲ့သောက်စရာတွေကို သောက်သုံးတာက အစာရေမျိုကိုထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်ကတော့ အပူချိန် (၆၀) ဒီဂရီစင်တီဂရိတ်အောင် ခပ်နွေးနွေးအနေအထားမှာသာ စားသုံးသင့်တာပါ။ အရမ်းပူတယ်လို့သတ်မှတ်ထားတဲ့ အပူချိန် (၆၀) ဒီဂရီအထက်ရှိ သောက်စရာတွေကို တစ်နေ့ကို (၇၀၀) မီလီလီတာ သောက်သုံးသူတွေက အခြားသူတွေထက် အစာရေမျိုကင်ဆာဖြစ်နိုင်ချေ (၉၀) ရာခိုင်နှုန်းပိုများနေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိထားရကြောင်း သုတေသီတွေက ပြောခဲ့ပါတယ်။

အကောင်းဆုံးကတော့ အရမ်းပူတဲ့အစားအစာတွေကိုမစားသုံးခင်မှာ အပူချိန်ကို (၆၀) ဒီဂရီစင်တီဂရိတ်အောက်ဖြစ်အောင် အရင်ဆုံးအအေးခံပေးပါ။ ဖြစ်နိုင်ရင် အစားအစာတွေကို ပူပူလောလောမစားပါနဲ့။ ရေနွေးကြမ်းကစလို့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဟင်းရည်အဆုံး အကုန်လုံးကို အအေးခံပြီးမှသောက်ပါ။ အအေးခံဆိုလို့ လုံးဝ အေးစက်သွားတဲ့အထိတော့ မဟုတ်ဘူးပေါ့။ ခပ်နွေးနွေးလေးဆိုလည်း အဆင်ပြေပါတယ်။

အစားတစ်လုတ်ကြောင့် ခန္ဓာကိုယ်မှာထိခိုက်တာတွေမဖြစ်လာဖို့ အရမ်းပူတာတွေမစားဘဲ သင့်တင့်တဲ့အပူချိန်မှာပဲ အရသာရှိရှိလေးစားလိုက်ပါ။ အရမ်းပူတာမှ ကြိုက်တယ်ဆိုရင်တောင် သတိလေးနဲ့ယှဉ်လို့ စားသုံးပေးပါ။ စာဖတ်ပရိသတ်တွေအနေနဲ့ ပူတာမှကြိုက်တယ်ဆိုရင်တောင် အရမ်းမပူစေဖို့သတိထားပေးပါနော်။ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူလေးက အရမ်းပူရင် အစာရေမျိုကိုထိခိုက်နိုင်ပါကြောင်း…။

Ref: Hello ဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top