Apollo Mission များပေါ်မှာ အိမ်သာများမရှိတဲ့အတွက် အာကာသယာဉ်မှူးတွေ ဘယ်လိုအပေါ့အလေးစွန့်ကြသလဲ

ap1-67-hc-21.jpg

အာကာသယာဉ်မှူးများဖြစ်တဲ့ Neil Armstrong နဲ့ Buzz Aldrin တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ခန့်၊ ဂျူလိုင် (၂၀) ၁၉၆၉ ခုနှစ်မှာ လရဲ့ မျက်နှာပြင်ပေါ်ကို ပထမဆုံးခြေချပြီး လူသားတို့ရဲ့ အာကာသအတွင်းခရီးဆန့်ခြင်းကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ လပေါ်ကို ပထမဆုံးခြေချစဉ်မှာ Neil Armstrong ပြောခဲ့သလိုပဲ ဒါဟာ လတစ်ယောက်အတွက် သေးငယ်တဲ့ခြေလှမ်းလေးဖြစ်ပေမယ့် လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ မဟာခုန်ပျံကျော်လွှားမှု ကြီးပါပဲ။

သူတို့ဟာ ဒီလိုပြုလုပ်နိုင်ဖို့အတွက် ကမ္ဘာပေါ်မှာ စိမ်ပြေနပြေလုပ်နိုင်တဲ့အရာအချို့ကို စွန့်လွှတ်ခဲ့ရပါတယ် နာဆာက အင်ဂျင်နီယာများဟာ သူတို့ရဲ့ အမေရိကန်နိုင်ငံသားအာကာသယာဉ်မှူးများကို လပေါ်လွှတ်တင်ဖို့အတွက်လုံးပမ်းခဲ့ကြခဲ့ပြီး ၁၉၆၀ နဲ့ ၁၉၇၀ နှစ်များက သူတို့ရဲ့ Apollo mission များမှာ အိမ်သာများထည့်သွင်း တည်ဆောက်မသွားခဲ့ကြပါဘူး။

တကယ်တော့ အမေရိကန်အာကာသယာဉ်ပေါ်မှာ ပထမဆုံးအိမ်သာဟာ ၁၉၈၀ ခုနှစ်ကျော်မှ စတင်ပါရှိလာတာဖြစ်

တကယ်တော့ အမေရိကန်အာကာသယာဉ်ပေါ်မှာ ပထမဆုံးအိမ်သာဟာ ၁၉၈၀ ခုနှစ်ကျော်မှ စတင်ပါရှိလာတာဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်များက Skylab ဆိုတဲ့ အာကာသစခန်းပေါ်မှာ အိမ်သာအငယ်စားလေးတစ်ခုပါရှိပေမယ့် သေသေသပ်သပ်တည်ဆောက်ထားတဲ့အရာတော့မဟုတ်ခဲ့ပါဘူး။ နံရံမှာ အပေါက်လေးတစ်ခုသဖွယ်သာဖြစ်ပြီး အာကာသယာဉ်မှူးများဟာ သူတို့ရဲ့ မစင်များကို အထူးပြုလုပ်ထားတဲ့အခန်းငယ်တစ်ခုအတွင်း ခြောက်ကပ်စေခြင်းဖြင့် ထုပ်ပိုးထားရပါတယ်။

အပေါ့သွားခြင်းနဲ့ အလေးသွားခြင်းတို့ဟာ အာကာသအတွင်း လူသားများလိုက်ပါတဲ့ခရီးစဉ်စကတည်းက အနှောက်အယှက်ပေးတဲ့အရာအချို့ဖြစ်

အပေါ့သွားခြင်းနဲ့ အလေးသွားခြင်းတို့ဟာ အာကာသအတွင်း လူသားများလိုက်ပါတဲ့ခရီးစဉ်စကတည်းက အနှောက်အယှက်ပေးတဲ့ အရာအချို့ ဖြစ်ပါတယ်လို့ Apollo space missions များနဲ့ပတ်သတ်ပြီး နာဆာကထုတ်ပြန်ထားတဲ့ report တစ်ခုမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

Apollo (11) mission အပါအဝင် အခြား Apollo missions များက အာကာသယာဉ်မှူးများဟာ သူတို့ရဲ့ အညစ်အကြေးများကိုစွန့်ထုတ်ဖို့အတွက် ရွံစရာကောင်းတဲ့အိတ်တစ်ခုနဲ့ နှစ်ပါးသွားခဲ့ကြရပါတယ်။ အခုဖော်ပြမှာကတော့ သူတို့ဘယ်လိုပြုလုပ်ခဲ့သလဲဆိုတာပါပဲ။

အညစ်အကြေးများဟာ အိတ်အတွင်းမှာ သိုလှောင်ခံထားရပါတယ်

အပေါ့သွားဖို့အတွက် အာကာသယာဉ်မှုးများဟာ ကွန်ဒုံးသဏ္ဍာန်အရာတစ်ခုကိုအသုံးပြုခဲ့ရပြီး အဆိုပါအရာဟာ အိတ်နဲ့ တစ်ပါတည်းဆက်ထားပါတယ်။ Apollo mission များအတွင်းမှာ အမျိုးသားများသာသွားရောက်ခဲ့တဲ့အတွက် အမျိုးသမီးများအတွက် သီးသန့်ပြုလုပ်ထားတဲ့ စနစ်တစ်ခုကတော့ မတွေ့ရပါဘူး။ ဒီလိုအပေါ့သွားနေစဉ်မှာ ဖိတ်စင်မှုများလဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အလေးစွန့်လွှတ်ခြင်းကတော့ ပိုမိုဆိုးရွားပါတယ်။ သူတို့အသုံးပြုခဲ့တဲ့အရာကတော့ ပလတ်စတစ်အိတ်တစ်လုံးဖြစ်ပြီး စအိုဝကိုတိတ်များနဲ့ကပ်ကာ အလေးစွန့်လွှတ်ရခြင်းဖြစ်ပါတယ်လို့ Apollo report အတွင်းမှာ ဖော်ပြထားပါတယ်။ ဒီအရာကို အာကာသယာဉ်မှူးများက faecal bag လို့လည်း ခေါ်ကြပါတယ်။

အာကာသယာဉ်မှူးများဝတ်ဆင်ရတဲ့ဝတ်စုံများနဲ့ အခုလို အိတ်အတွင်း သေသေချာချာအလေးစွန့်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး

အာကာသယာဉ်မှူးများဝတ်ဆင်ရတဲ့ဝတ်စုံများနဲ့ အခုလို အိတ်အတွင်း သေသေချာချာအလေးစွန့်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ တစ်ယောက်ယောက်အလေးသွားဖို့အတွက်ဆိုရင် ပြင်ဆင်ရတာနဲ့ ဘာနဲ့ ကြာချိန်ဟာ (၄၅) မိနစ်ခန့်ရှိတယ်လို့လဲ သိရပါတယ်။ ဒီလိုကြိုးစားတာတောင်မှ တစ်ခါတစ်ရံ ဖိတ်စင်သွားတာမျိုးရှိပါတယ်။

၁၉၆၉ မေလအတွင်းက Apollo 10 mission မှာဆိုရင် “ငါ့ကို လက်သုတ်ပုဝါတစ်ခုအမြန်ပေးစမ်းပါ၊ ငါ့မျက်နှာရှေ့မှာ အီးတစ်တုံးဝဲနေတယ်” လို့ ပြောနေတဲ့ အာကာသယာဉ်မှူး Tom Stafford ရဲ့ အသံကို ထိန်းချုပ်စခန်းက လက်ခံရရှိခဲ့ကြောင်း NASA transcript တစ်ခုအတွင်းမှာ ဖော်ပြထားပါတယ်။

နာဆာဟာ သူတို့ရဲ့အာကာသယာဉ်မှုးများစွန့်ထုတ်ထားတဲ့ အညစ်အကြေးအကုန်လုံးကို နောက်ပိုင်းစမ်းသပ်မှုများအတွက် ကမ္ဘာပေါ် ပြန်လည်သယ်ဆောင် လာခဲ့ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါကြောင့် အာကာသယာဉ်မှူးများဟာ သူတို့ကိစ္စပြီးပြီဆိုရင် သူတို့ရဲ့ faecal bag များကို လိပ်ကာသိမ်းဆည်းကြရပြီး အခြား အရေးကြီးတဲ့ ဘတ်တီးရီးယားများနဲ့အတူ ကမ္ဘာဆီပြန်လာရတယ်လို့သိရပါတယ်။

လပေါ်ရောက်နေစဉ်မှာဆိုရင် အာကာသယာဉ်မှူးများဟာ အနှီးခံများဝတ်ထားရပါတယ်

အာကာသယာဉ်မှူးများဟာ အာကာသယာဉ်ရဲ့ အပြင်ဘက်ရောက်နေတဲ့အချိန် ဥပမာ လပေါ်ရောက်နေတဲ့အချိန်မျိုးမှာဆိုရင် အဆိုပါအိတ်များကို အသုံးပြုပြီး စွန့်ထုတ်လို့မရပါဘူး။ ဒါကြောင့် သူတို့ဟာ ကလေးငယ်များအတိုင်းပဲ faecal containment system ခေါ် အနှီးခံများကို ဝတ်ဆင်သွား ရပါတယ်။ Neil Armstrong နဲ့ Buzz Aldrin တို့ဟာ လပေါ်မှာ (၂၁) နာရီနဲ့ (၃၆) မိနစ်ခန့်နေခဲ့စဉ်အချိန်အတွင်းမှာ အဲဒီအနှီးခံများကို အသုံးပြုသွားသလား ဆိုတာကတော့ သေသေချာချာမသိရသေးပါဘူး။ ဒါပေမဲ့ Buzz Aldrin ရဲ့ ပြောကြားချက်အရ သူဟာ အာကာသအတွင်းက အခြားအရာတစ်ခု (celestial body) ပေါ်မှာ ပထမဆုံးအပေါ့သွားတဲ့လူဖြစ်တယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ် (၅၀) ခန့်က Armstrong နဲ့ Aldrin တို့ဟာ လပေါ်မှာ “here men from the planet Earth first set foot upon the Moon July 1969” လို့ရေးထားတဲ့ အပြားလေးကိုထားခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါလူများဟာ အနှီးခံများဝတ်ဆင်ပြီး ဒီလိုလုပ်သွားတယ်ဆိုတာကိုတော့ အဲဒီအပြားလေးပေါ်မှာ ရေးသားမထားခဲ့ပါဘူး။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top