ONE: Masters of Destiny ပြိုင်ပွဲ၏ စိတ်ဝင်စားဖွယ်ထူးခြားချက် (၄) ချက်

ONE-MASTERS-OF-DESTINY0.jpg

လာမည့် ဇူလိုင်လ (၁၂) ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ONE Championship ၏ (၉၈) ပွဲမြောက်ပြိုင်ပွဲဖြစ်သော ONE: Masters of Destiny ပြိုင်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်သည်။ စုစုပေါင်း တွဲဆိုင်း (၁၅) တွဲယှဉ်ပြိုင်ကြမည့်အဆိုပါပြိုင်ပွဲတွင် ထိပ်တန်းကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမားများ၊ Kickboxing နှင့် မွေထိုင်းကစားသမားများ ပါဝင်ထိုးသတ်ကြမည်ဖြစ်သည်။ ထို့ကြောင့် ယင်းပြိုင်ပွဲကြီးနှင့် ပတ်သက်သောထူးခြားချက်များကို စုစည်းတင်ပြလိုက်ရပါသည်။

၁။ Kickboxing လောက၏ အကြီးကျယ်ဆုံးပြန်ထိုးပွဲ

ONE: Masters of Destiny ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ်သတ်မှတ်ထားသည့်ပွဲမှာ မွေထိုင်းကမ္ဘာ့ချန်ပီယံ (၃) ကြိမ်ဖြစ်ဖူးသည့် Petchmorakot Petchyindee Academy နှင့် Kickboxing ကမ္ဘာ့ချန်ပီယံ (၅) ကြိမ် ဖြစ်ဖူးသည့် Giorgio “The Doctor” Petrosyan တို့၏ ONE ဖယ်သာဝိတ်တန်း World Grand Prix ကွာတားဖိုင်နယ် ပြန်ထိုးပွဲဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်မေလအတွင်းက တစ်ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး ထိုစဉ်က Petchmorakot အနိုင်ရခဲ့သော်လည်း အငြင်းပွားဖွယ်ရာ အခြေအနေများကြောင့် ရလဒ်ကိုပြန်ပယ်ဖျက်ခဲ့သည်။ အဆိုပါဖြစ်ရပ်ကို Kickboxing လောက၏ အကြီးကျယ်ဆုံးအငြင်းပွားမှုဟုပင် မီဒီယာများကဖော်ပြကြသဖြင့် ယခုပြန်ထိုးပွဲကို Kickboxing လောက၏ အကြီးကျယ်ဆုံးပြန်ထိုးပွဲဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

ယင်းပွဲတွင် အနိုင်ရသူသည် Lion Fight ၏ မွေထိုင်းဝိတ်တန်းနှစ်ခု ချန်ပီယံ “Smokin” Jo Nattawut နှင့် ဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ရမည်ဖြစ်ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သန်းချီးမြှင့်မည့် World Grand Prix ချန်ပီယံဆုနှင့် ခြေတစ်လှမ်းပိုနီးသွားမည် ဖြစ်သည်။ ၎င်း၏ဝိတ်တန်းတွင် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသည့် Petrosyan ကို Petchmorakot က နောက်တစ်ကြိမ် အံ့သြဖွယ်ရာများ လုပ်ပြနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

၂။ အမျိုးသမီးတွဲဆိုင်း အများဆုံးပွဲ

ယခုပြိုင်ပွဲတွင် တွဲဆိုင်း (၁၅) တွဲ ရှိသည့်အနက် (၄) ပွဲမှာ အမျိုးသမီးတွဲဆိုင်းများဖြစ်ကြသဖြင့် ONE Championship သမိုင်းတစ်လျှောက်တွင် အမျိုးသမီးတွဲဆိုင်းအများဆုံး ထည့်သွင်းကျင်းပသည့် ပြိုင်ပွဲတစ်ပွဲဟုပင်ဆိုနိုင်သည်။ တွဲဆိုင်းအသီးသီးမှာလည်း စိတ်ဝင်စားဖွယ်ရာများပြည့်နှက်နေသည်။

ONE ၏ အက်တမ်ဝိတ်တန်းချန်ပီယံ Angela “Unstoppable” Lee နှင့် ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ (၈) ကြိမ် ဖြစ်ဖူးသည့် ဘရာဇီးသူ Michelle Nicolini တို့၏ပွဲမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဖြစ်သည်။ စတောဝိတ်တန်းသို့တန်းတက်လာပြီး ချန်ပီယံ Xiong Jing Nan အားစိန်ခေါ်ခဲ့ဖူးသူ Lee ကို Nicolini က မည်ကဲ့သို့ယှဉ်ပြိုင်ထိုးသတ်သွားမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ အလားတူ ဝူရှူးကမ္ဘာ့ချန်ပီယံ မလေးရှား လူငယ်ခြေတက်အားကစားမယ် Jihin “Shadow Cat” Radzuan နှင့် ဖိလစ်ပိုင်အားကစားမယ် Jomary “The Zamboanginian Fighter” Torres တို့၏ အက်တမ်ဝိတ်တန်းပွဲကလည်း အကြိတ်အနယ်ရှိမည့်ပွဲ တစ်ပွဲဖြစ်သည်။

ယင်းပြိုင်ပွဲကြီးတွင် မြန်မာအားကစားမယ် ဘိုဇီနာ “တိုတို” အန်တိုနီယာ ကလည်း အတွေ့အကြုံများသည့် ဗီယက်နမ်/အမေရိကန် အားကစားမယ် Bi “Killer Bee” Nguyen နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ပရိသတ်များ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပွဲကောင်းတစ်ပွဲကို ကြည့်ရှုကြရမည်ဖြစ်သည်။ နောက်ဆုံးကျန်သည့် အမျိုးသမီး တွဲဆိုင်းမှာ တရုတ်/တိုင်ပေအားကစားမယ် “Killer Bee” Kai Ting Chaung နှင့် အမေရိကန်အားကစားမယ် Janet “JT” Todd တို့၏ Kickboxing တွဲဆိုင်းဖြစ်သည်။

၃။ ယခုနှစ်၏ပထမဆုံး ကွာလာလမ်ပူပြိုင်ပွဲ

ယခု ၂ဝ၁၉ ခုနှစ်၏ ပထမနှစ်ဝက်အတွင်းတွင် ONE Championship ပြိုင်ပွဲကြီး (၁၁) ပွဲကို နိုင်ငံပေါင်း (၇) နိုင်ငံတွင် လှည့်လည်ကျင်းပခဲ့သည်။ ထို့ပြင် စင်ကာပူတွင် ONE Warrior Series ပြိုင်ပွဲကြီး (၃) ပွဲ၊ တရုတ်တွင် ONE Hero Series ပြိုင်ပွဲကြီး (၆) ပွဲကိုလည်းကျင်းပခဲ့ရာ စုစုပေါင်း ပြိုင်ပွဲ (၂ဝ) ကျင်းပနိုင်ခဲ့သည်။ သို့သော် အဆိုပါပြိုင်ပွဲကျင်းပခဲ့သည့်နိုင်ငံများထဲတွင် မလေးရှားနိုင်ငံ လုံးဝမပါဝင်သေးဘဲ ယခုပြိုင်ပွဲတွင်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်း ဖြစ်သည်။

ထို့ကြောင့် မလေးရှားပရိသတ်များအတွက် ၂ဝ၁၈ ဒီဇင်ဘာကကျင်းပခဲ့သော ONE: Destiny of Champions ပြိုင်ပွဲနောက်ပိုင်း အိမ်ကွင်းတွင် ONE Championship ပြိုင်ပွဲကို ပထမဆုံးပြန်လည်ကြည့်ရှုခွင့်ရကြခြင်း ဖြစ်သည်။ ONE Championship သမိုင်းတစ်လျှောက်တွင် မလေးရှားနိုင်ငံ၌ ပြိုင်ပွဲပေါင်း (၁၄) ပွဲကို ကျင်းပခဲ့ဖူးပြီး ယခုပြိုင်ပွဲက (၁၅) ပွဲမြောက် ဖြစ်သည်။ လာမည့် ဒီဇင်ဘာလအတွင်းတွင်လည်း မလေးရှားနိုင်ငံတွင် ONE: Mark of Greatness ပြိုင်ပွဲကို ကျင်းပရန်လျာထားသည်။

၄။ မလေးရှားကိုယ်ခံပညာရှင်များအစွမ်းပြမည့်ပွဲ

ယခုပြိုင်ပွဲသည် ONE Championship သမိုင်းတွင် မလေးရှားကစားသမား အများဆုံးပါဝင်သည့်ပြိုင်ပွဲ မဟုတ်သော်လည်း ယခုနှစ်အတွင်းတွင်တော့ အများဆုံးပွဲဖြစ်သည်။ ပြိုင်ပွဲတွင် အိမ်ရှင် မလေးရှားကစားသမား (၄) ဦးအထိပါဝင်နေပြီး နှစ်ဦးမှာ ထိပ်တိုက်တွေ့နေသည်ကိုတွေ့ရသည်။ နာမည်ကြီး မလေးရှား/ နယူးဇီလန် ကစားသမား Ev “ET” Ting သည် ဂျပန် Pancrase ပြိုင်ပွဲမှ ဝယ်တာဝိတ်တန်းချန်ပီယံ Daichi Abe နှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ယင်းပြိုင်ပွဲသည် Ev Ting ကို လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်နိုင်ခွင့်အတွက် အရည်အချင်းစစ်ပေးမည့်ပွဲလည်းဖြစ်သည်။

ထို့ပြင် မလေးရှား၏ အလားအလာအရှိဆုံး အမျိုးသမီးကစားသမား Jihin Radzuan ကလည်း ဖိလစ်ပိုင် အားကစားမယ် Jomary Torres နှင့် ရင်ဆိုင်ကာ အက်တမ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအတွက် အရည်အချင်း မီကြောင်း သက်သေပြရမည်ဖြစ်သည်။ မလေးရှားနိုင်ငံတူကစားသမားနှစ်ဦး ထိပ်တိုက်တွေ့သည့်ပွဲမှာ ဘင်တန်ဝိတ်တန်းမှကစားသမားများဖြစ်ကြသည့် Saiful “The Vampire” Merican နှင့် Mohammed “Jordan Boy” Bin Mahmoud တို့ မွေထိုင်းစည်းမျဉ်းစည်းကမ်းများဖြင့် ယှဉ်ပြိုင်ရမည့်ပွဲဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top