ဖိုးသော်ပြောသည့် မြန်မာ့လက်ဝှေ့၏ အကောင်းဆုံး ပွဲသိမ်းတိုက်ကွက် (၃) မျိုး

DA-0065.jpg

အာရှ၏ အကြီးကျယ် အခမ်းနားဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ONE Championship သည် အာရှနှင့် ကမ္ဘာ့တလွှားမှ ကိုယ်ခံပညာရပ် မျိုးစုံကို လက်ခံကျင်းပ ပေးနေသည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ ယင်းကိုယ်ခံပညာရပ်များထဲတွင် မြန်မာ့လက်ဝှေ့သည်လည်း တစ်ခု အပါအဝင်ဖြစ်ကာ ONE Championship ၏ ကြိုးဝိုင်းထဲတွင် ရိုးရာလက်ဝှေ့သမား အမြောက်အမြား ပါဝင်ယှဉ်ပြိုင်ခဲ့ကြဖူးသည်။ အဆိုပါ လက်ဝှေ့သမားများထဲတွင်မှ ပွဲအများဆုံး ကစားခွင့်ရထားသူမှာ “ဘူရှီဒို” ဖိုးသော် ဖြစ်ပြီး လက်ဝှေ့အခြေခံကို အခြားကိုယ်ခံပညာ သိုင်းပေါင်းစုံနှင့် ပေါင်းစပ်ကာ ယှဉ်ပြိုင်လျက်ရှိနေသူဖြစ်သည်။

ပြိုင်ဘက်ကို ဘယ်လို အလဲထိုး နိုင်မလဲ

အသက် ၃၅ နှစ်ရှိသူ ဖိုးသော်သည် အဖြူရောင် သွေးသစ်ကလပ်တွင် လက်ဝှေ့ပညာကို အခြေခံမှစတင်ကာ သင်ယူခဲ့သူ ဖြစ်ပြီး ONE Championship ပွဲပေါင်း ၁ဝ ပွဲ ပါဝင် ကစားခဲ့ရာတွင် ၈ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ONE Championship မြန်မာ ဂရင်းပရီ တံခွန်စိုက် ပြိုင်ပွဲတွင်လည်း ချန်ပီယံ ဖြစ်ခဲ့သူ ဖြစ်သည်။ အနိုင်ရသည့် ပွဲတိုင်းလိုလို ပြိုင်ဘက်များကို ပထမအချီ အတွင်းတွင်ပင် အလဲထိုး အနိုင်ယူခဲ့သည့် ဖိုးသော်က သူအဓိက အားထားသည့် လက်ဝှေ့ပညာတွင် ပြိုင်ဘက်ကို အလဲထိုး နိုင်ရန် အဖြစ်နိုင်ဆုံး နည်းဗျူဟာကို အောက်ပါအတိုင်း ပြောပြခဲ့သည်

“ကျွန်တော်က ခေါင်းတိုက်တာရယ်၊ တံတောင်ရိုက် တာရယ်၊ ဒူးတိုက်တာရယ် ကြိုက်တယ်။ ခေါင်းကတော့ အနီးကပ် တိုက်တာတွေ ကြိုက်တယ်။ တံတောင်ဆိုလည်း အတိုလေးတွေ ကစားရတာ ကြိုက်တယ်။ ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ ပွဲသိမ်း နိုင်တာမျိုးပေါ့။ လက်ဝှေ့မှာက အကြမ်းခံတဲ့ ကစားသမားက များတယ်။ ဒူးတို့ တံတောင်တို့နဲ့ ဆိုရင် ကွဲနိုင်တယ်၊ ကျိုးနိုင်တယ်။ တော်ရုံလူ မခံနိုင်ဘူး။ ဘယ်လောက် ခံနိုင်ရည် ရှိရှိ။ ဒါကြောင့် ပွဲသိမ်း တိုက်ကွက်လို့ ပြောလို့ရတယ်။ တော်ရုံ လက်သီးထိုးတာ ကန်တာ ကျတော့ ခံနိုင်တဲ့သူ များတယ်။ တံတောင်တို့ ဘာတို့ ကျတော့ ခံနိုင်တဲ့သူ ရှားတယ်။ အရိုးအချွန်နဲ့ ဆိုတော့ ပြင်းတယ်”ဟု ဖိုးသော်က ပြောပြခဲ့သည်။

(၁) အန္တရာယ် များလွန်းသည့် ခေါင်းတိုက်ချက်

ကမ္ဘာတလွှားရှိ ကိုယ်ခံပညာကို အသုံးပြုသည့် တရားဝင် အားကစား ပြိုင်ပွဲများတွင် ခေါင်းတိုက်ခြင်းကို အသုံးပြုခွင့် ပေးသည့် အားကစား နည်းမှာ မြန်မာ့လက်ဝှေ့ တစ်မျိုးသာ ရှိသည်။ ထို့ကြောင့် မြန်မာ့ လက်ဝှေ့ကို သတ်ကိုးသတ် အားကစားဟု ခေါ်ကြခြင်း ဖြစ်ပြီး ခေါင်းတိုက်သည့် နည်းစနစ်မှာလည်း အမျိုးမျိုးရှိသည်။
ခေါင်းတိုက်ခြင်းသည် အတိုက်ခံရသည့် သူရော၊ တိုက်သည့်သူ အတွက်ပါ အန္တရာယ် များလွန်းသဖြင့် အခြား အားကစားများတွင် ခွင့်မပြုခြင်း ဖြစ်သည်။ သို့သော် တစ်ဘက်က ကြည့်လျှင် ခေါင်းတိုက်ခြင်းသည် ပြိုင်ဘက်ကို အလဲထိုး နိုင်သည့် အကောင်းဆုံး တိုက်ကွက် တစ်ခု ဖြစ်ပြီး ထိထိမိမိ ခေါင်းတိုက် နိုင်ရန် အတွက် လေ့ကျင့်မှု များစွာ လိုသည်ဟု ဖိုးသော်ကသုံးသပ်သည်။

“ ခေါင်းတိုက်တာက လေ့ကျင့်မှုနဲ့ ဆိုင်တယ်။ သုံးသင့်တဲ့ အချိန်မှာမှ သုံးရမယ်။ သုံးလိုက်တဲ့ အခါမှာ လောပြီး သုံးမိတာမျိုးတို့၊ တစ်ဘက်လူက အရမ်းပါးနပ်တာ မျိုးတို့ဆိုရင် ကိုယ်လည်း ဒဏ်ရာ ရနိုင်တယ်။ အချိန်အခါကို ကြည့်ပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချ နိုင်ဖို့ လေ့ကျင့်မှုက အရေးကြီးတယ်။ အဓိကကတော့ မျက်နှာကို တိုက်ရတာပေါ့”ဟု ဖိုးသော်က ခေါင်းတိုက်သည့် နည်းစနစ် အကြောင်း ရှင်းပြသည်။

(၂) ချန်ပီယံ ဖြစ်စေသည့် တံတောင် ရိုက်ချက်

“တံတောင်တို့ ဘာတို့ ဆိုရင် မျက်နှာတို့ လက်မောင်း ဆုံတို့ကို အဓိက တိုက်ရတာပေါ့။ ထိချက်မှန်ရင် ဆုံပြုတ်တာတို့၊ လက်နာပြီး မထိုးနိုင် တော့တာတို့ ဖြစ်တတ်တယ်။ မျက်နှာတို့၊ ခေါင်းကွဲအောင်တို့၊ မူးအောင်တို့ ထောင်းတာတွေ ရှိတယ်။ တံတောင် မှာတော့ ရိုက်တံတောင် ရှိမယ်၊ ပတ်တံတောင် ရှိမယ်၊ ထောင်းတံတောင် ရှိမယ်။ ထိုးတံတောင် ရှိမယ်။ ခုန်ထောင်း တံတောင် ရှိမယ်။ အများကြီးပေါ့”ဟု ဖိုးသော်က တံတောင် ရိုက်ခြင်း အကြောင်းကို ပြောပြသည်။

တံတောင်သည် မြန်မာ့ လက်ဝှေ့၏ အရေးပါသည့် တိုက်ကွက် တစ်မျိုးဖြစ်ပြီး ခံစစ်အတွက်ပါ အသုံးချ နိုင်သည့် နည်းစနစ်လည်း ဖြစ်သည်။ ထို့ပြင် ONE Championship အပါအဝင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ အားလုံးတွင်လည်း တံတောင် ရိုက်သည့် နည်းစနစ် အများစုကို ခွင့်ပြုထား သဖြင့် ယင်းပြိုင်ပွဲများ တွင်ပါ အသုံးဝင်သည့် တိုက်ကွက်ဟုဆိုနိုင်သည်။ ဖိုးသော် ကိုယ်တိုင် အဆိုပါ တံတောင် ရိုက်ချက်များ အသုံးချနိုင်ခဲ့သဖြင့် ONE Championship ၏ မြန်မာပြည် တံခွန်စိုက် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။
“တံတောင်ကတော့ နိုင်ငံခြားသားနဲ့ ထိုးတဲ့ပွဲတွေမှာ အသုံးဝင်တယ်။ ကျွန်တော် မြန်မာပြည် ချန်ပီယံ ဖြစ်တဲ့ပွဲမှာ နှစ်ပွဲစလုံးကို တံတောင်နဲ့ နိုင်ခဲ့တယ်။ ကြမ်းပြင်ပေါ် လှဲချပြီး ထိုးတဲ့ Ground and Pound မှာ လက်သီးထိုးရင် သိပ်မထိရောက်လို့ တံတောင် သုံးတဲ့ အခါ သူတို့ ကွဲသွားတယ်။ အဲဒီမှာ ဒိုင်လူကြီးက ပွဲကို ရပ်လိုက်ပြီး အနိုင်ပေးတယ်။ လက်သီးနဲ့ ဆိုရင် လက်အိတ် ပါတဲ့အတွက် အဲဒီလို ကွဲခဲတယ်။ တံတောင်နဲ့ ဆိုရင် ကွဲတယ်။ တော်ရုံ အားရှိသေးတဲ့ အချိန်မှာတောင် ကွဲပြီး ရှုံးတာမျိုး ရှိလို့ တံတောင်ကို သုံးပြီး ချန်ပီယံ ဖြစ်ခဲ့တယ်”ဟု ဖိုးသော်က ဖွင့်ဟခဲ့သည်။

(၃) ထိရောက်မှု အရှိဆုံး ဒူးတိုက်ချက်

နောက်ထပ် အရေးပါသည့် တိုက်ကွက် တစ်မျိုး ဖြစ်သော ဒူးတိုက်ချက် များနှင့် ပတ်သက်၍လည်း ဖိုးသော်က “ဒူးဆိုရင်လည်း အရိုက်ဒူး၊ ဝိုက်ဒူး၊ တဲ့ဒူး၊ ခုန်ဒူး အဲဒီလိုမျိုး အများကြီး ရှိတာပေါ့နော်။ ဒါက လက်လှမ်းမီ သလောက်၊ သိသလောက်ပေါ့။ ဒီထက် အများကြီး ပိုနက်နဲတဲ့ နည်းစနစ်တွေလည်း ရှိလိမ့်မယ်။ ကျွန်တော်တို့ မသင်ခဲ့ရတာပေါ့။ ဒီလို နည်းစနစ်တွေ အများကြီး ရှိတော့ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာပြီး လိုအပ်မယ့် နည်းစနစ်ကို သုံးရတာပေါ့”ဟု ပြောပြခဲ့သည်။

ခန္ဓာကိုယ်၏ အမာဆုံး နေရာတစ်ခု ဖြစ်သော ဒူးသည် ပြိုင်ဘက်ကို အလဲထိုးရန် အကောင်းဆုံး လက်နက်ကြီး တစ်ခုဖြစ်ပြီး အလဲမထိုး နိုင်လျှင်ပင် ထိရောက်သည့် ဒူးတိုက်ချက်များကြောင့် ပြိုင်ဘက် အင်အားချိနဲ့ခြင်း၊ ဒဏ်ရာ အနာတရ ဖြစ်ခြင်းများ ဖြစ်နိုင်သည်။ ဒူးတိုက်ခြင်းကိုလည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ခွင့်ပြုထားပြီး ဖိုးသော်၏ ပထမဆုံး ပွဲဦးထွက် ONE Championship ပွဲတွင် ပြိုင်ဘက် ကြယ်စင်ထူးကို ဒူးတိုက်ချက်ကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ONE Championship မှာ ကျွန်တော့်ရဲ့ ပထမဆုံး ပွဲက ဒူးနဲ့ အနိုင်ရခဲ့တာပေါ့။ ပြိုင်ဘက်ကို ဒူးနဲ့တိုက်လိုက်တဲ့ အတွက် ဆက်ပြီး ယှဉ်ပြိုင်ရတာ အဆင်ပြေသွားတယ်။ သူက ကျွန်တော့်ထက် သက်လုံကောင်းတယ်၊ အားသန်တယ်။ ကျွန်တော်သာ သူ့ကို ဒူးနဲ့ မတိုက်နိုင် လိုက်ဘူးဆိုရင် ကျွန်တော်ရှုံးဖို့ များတယ်။ သူ့ကို တိုက်လိုက်နိုင်တဲ့ အတွက် ပြိုင်ဘက်ရဲ့ သက်လုံ တစ်ဝက်လောက် ကျသွားအောင်လုပ်နိုင်ခဲ့တယ်”ဟု ဖိုးသော်က ပြောပြသွားခဲ့သည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top