ICJ ပထမနေ့ ကြားနာမှုအနှစ်ချုပ်နဲ့ ဆက်စပ်ပြောကြားချက်များ

yyl-053.jpg

မြန်မာနိုင်ငံအပေါ် အမှုစွဲဆိုထားတာနဲ့ပတ်သက်ပြီး ဟော်လန်နိုင်ငံ သည်ဟိဂျ်မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး(ICJ)မှာ ပထမဆုံးရက် ကြားနာမှုအဖြစ် ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ပေးခဲ့ပါတယ်။ မြန်မာစစ်တပ်က ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်း)နေအိမ်တွေကို မီးရှို့တာ၊ ကလေးငယ်ဒါဇင်ပေါင်းများစွာကို ဓားနဲ့ထိုးသတ်တာ၊ အစုလိုက်အပြုံလိုက် အဓမ္မကျင့်တာတွေ လုပ်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံ ဥပဒေရေးရာအဖွဲ့က လျှောက်လဲခဲ့ပါတယ်။

”ဒီလိုအဓိပ္ပာယ်မဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံကို ပြောပေးပါလို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုပါတယ်”လို့ ဂမ်ဘီယာတရားရေးဝန်ကြီး အဘူဘာကာတမ်ဘာဒူက အဖွင့်လျှောက်လဲချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ”လူ့အဖွဲ့အစည်းရဲ့ကျင့်ဝတ်စံနှုန်းတွေကို တုန်လှုပ်စေခဲ့တဲ့၊ တုန်လှုပ်နေရဆဲဖြစ်တဲ့ ရိုင်းစိုင်းရက်စက်တဲ့လုပ်ရပ်တွေကို ရပ်တန့်ပေးပါ။ ကိုယ့်ပြည်သူတွေကို ဂျီနိုဆိုက်လုပ်တာ ရပ်တန့်ပေးပါ”လို့ တမ်ဘာဒူက ပြောပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ သက်သေတွေရဲ့ ထွက်ဆိုမှုကို ကောက်နုတ်ပြီး ဂမ်ဘီယာဥပဒေရေးရာအဖွဲ့ရဲ့ ရှေ့နေ အန်ဒရူးလိုဝမ်စတိန်းက မင်းကြီးရွာဖြစ်စဉ်ကို အသေးစိတ်လျှောက်လဲခဲ့ပါတယ်။ မင်းကြီးရွာမှာ အသက် ၆ နှစ်အောက် ကလေးငယ် ၁၀၀ ကျော် အပါအဝင် လူ ၇၅၀ အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက ခန့်မှန်းဖော်ပြပါတယ်။
”ကျွန်မအိမ်နီးချင်း ၄ ယောက်နဲ့ အိမ်တစ်လုံးထဲကို ဝင်သွားခဲ့တယ်။ ကျွန်မတို့ ၃ ယောက်မှာ ကလေးတွေပါတယ်။ အိမ်ကြမ်းပြင်ပေါ်မှာ အလောင်းတွေတွေ့တယ်။ ကျွန်မတို့ရွာက လူငယ်လေးတွေ သေနေတာပါ။ ကျွန်မတို့ အိမ်ထဲရောက်တာနဲ့ စစ်သားတွေက တံခါးပိတ်လိုက်တယ်။ စစ်သားတစ်ယောက်က ကျွန်မကို အဓမ္မကျင့်တယ်။ သူက ကျွန်မ ဂုတ်ပိုးနဲ့ ဗိုက်ကို ဓားနဲ့ထိုးတယ်။ ကျွန်မကတော့ ၂၈ ရက်သားပဲရှိသေးတဲ့ ကျွန်မကလေးကို ကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူတို့က ကလေးကို မြေကြီးပေါ်ပစ်ချလိုက်လို့ ကလေး သေသွားတယ်”လို့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်က ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ထွက်ဆိုခဲ့တဲ့အကြောင်း လိုဝမ်စတိန်းက ဖော်ပြခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်ပေးနေချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသွင်ပြင်ဟာ ပကတိ တည်ငြိမ်နေပြီး စိတ်ခံစားချက် တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ချိန်အတွင်း ဘင်္ဂါလီ ၇၃၀၀၀၀ ကျော်က နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုလှုံရေးစခန်းတွေကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဖော်ပြပါတယ်။

မြန်မာစစ်သားတွေက သူတို့ကို အစုလိုက်အပြုံလိုက် အဓမ္မကျင့်တာ၊ လူသတ်တာ၊ မီးရှို့တာလုပ်ခဲ့တယ်ဆိုတဲ့ ဘင်္ဂါလီတွေရဲ့ စွဲချက်တွေကို မြန်မာအစိုးရဘက်က ငြင်းဆန်ခဲ့ပြီး သီးခြားဖြစ်ရပ်တွေမှာ အပြစ်ကျူးလွန်မိတဲ့ စစ်သည်တစ်ယောက်ယောက်ရှိခဲ့ရင် အရေးယူပေးမယ်လို့ ကတိပြုထားပါတယ်။ တရားရုံးအပြင်ဘက်မှာတော့ ဘင်္ဂါလီဒါဇင်ပေါင်းများစွာက သားကောင်ဖြစ်ခဲ့ရတယ်ဆိုသူတွေအတွက် တရားမျှတအောင် ဆောင်ရွက်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ICJ မှာ ကြားနာမှုမစတင်ခင် နာရီပိုင်းအလိုက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ”နိုင်ငံ့ဂုဏ်သိက္ခာကာကွယ်ဖို့ အမေစုနှင့် ရပ်တည်စို့”ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ လုပ်ခဲ့ရာမှာ လူသောင်းချီတက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေမှာ သတင်းမှားတွေပဲ ရရှိနေတယ်လို့ ဟော်လန်နိုင်ငံ သည်ဟိဂျ်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ဝိုင်းရံခဲ့တဲ့ မိုးမိုးနှင်းက ပြောပါတယ်။ အခုတစ်ပတ် ကြားနာမှုမှာ ဂျီနိုဆိုက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကိုင်တွယ်ဖြေရှင်းဦးမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်လုပ်နေတယ်ဆိုတဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့အတွက် တရားရုံးက ကာလတိုတားမြစ်မိန့် ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ပန်ကြားထားပါတယ်။

”ဂမ်ဘီယာတရားရေးဝန်ကြီးကတော့ ခံစားချက်အပြည့်နဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေကို ပြောသွားတယ်။ ICJ ရဲ့ သိမ်မွေ့တဲ့ဝန်းကျင်မှာ သူ့ရဲ့ပြောပုံဆိုပုံမျိုး မြင်ရလေ့မရှိပါဘူး။ ICJ မှာ အမှုတင်ခံရတာကို ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်တစ်ယောက် ဦးဆောင်ဦးရွက်လာရောက်ဖြေရှင်းတာမျိုးကို လုံးဝမကြုံဖူးပါဘူး။ သူက ဒီကိစ္စကို နိုင်ငံရေးနဲ့ဆက်နွှယ်အောင် လုပ်နေပုံပါပဲ။ ဥပဒေရေးရာအရဆိုရင် ဒီလိုအခန်းကဏ္ဍကနေ ပါဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တန်ပြန်ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်။ ICJ က ထုံးတမ်းစဉ်လာနဲ့ သံတမန်ရေးရာကျင့်ဝတ်တွေကို အလေးထားပါတယ်။ မြန်မာအစိုးရကို ထောက်ခံဖို့ မြန်မာနိုင်ငံကနေ ရောက်လာတဲ့ ဝိုင်းရံသူအဖွဲ့တွေက တရားသူကြီးတွေရဲ့ စိတ်ကိုဆွဲဆောင်နိုင်မလားဆိုတာတော့ ကျွန်တော် မပြောတတ်ပါဘူး”လို့ နိုင်ငံတကာဥပဒေပညာရှင်များ ကော်မရှင်မှာ ကော်မရှင်နာ ရိဒ်ဘရိုဒီက ပြောပါတယ်။ အမေရိကန်နိုင်ငံသား လူ့အခွင့်အရေးရှေ့နေတစ်ယောက်ဖြစ်တဲ့ ရိဒ်ဘရိုဒီဟာ ချက်ဒ်သမ္မတဟာဘရီကို စွဲချက်တင်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။

မြန်မာနိုင်ငံ ကိုယ်စားပြု ဥပဒေပညာရှင်အဖွဲ့ကတော့ မနက်ဖြန် မွန်းလွဲ ၃ နာရီ ၃၀ မှာ စတင်ပြီး လျှောက်လဲသွားမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ Reuters၊ Al Jazeera သတင်းဌာနများ၏ ရေးသားချက်ကို ဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်သည်။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top