ကမ္ဘာ့ဖလားဆုတံဆိပ်ကို ဘယ်လိုပြုလုပ်ထားသလဲ

yyl-019.jpg

လက်ရှိအသုံးပြုနေတဲ့ ကမ္ဘာ့ဖလားဆုတံဆိပ်ကို ၁၈ ကာရက် ရွှေ နဲ့ ပြုလုပ်ထားပြီး အီတလီနိုင်ငံ မီလန်မြို့နားရှိ ပက်ဒါနို ဒူနာနို (Paderno Dugnano) ဒေသက ဖလားနဲ့ ဆုတံဆိပ်တွေ ပြုလုပ်တဲ့ GDE Bertoni က ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

လေးနှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိတဲ့ ကမ္ဘာ့ဖလားမှာ အနိုင်ရအသင်းကိုပေးအပ်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွက် ကြေးဝါနဲ့ ပုံတူဆုတံဆိပ်တစ်ခု ဖန်တီးပေးရပါတယ်။။

လက်ရှိအသုံးပြုနေတဲ့ ကမ္ဘာ့ဖလားဆုတံဆိပ် ဒီဇိုင်းဟာ အမြင့် ၃၆.၈ စင်တီမီတာနဲ့ ၆.၁ ကီလိုဂရမ်ရှိပြီး ပထမဆုံး မူရင်းကိုတော့ ဒီဇိုင်းပညာရှင် ဆီဗီယို ဂါဇာနီဂါ (Silvio Gazzaniga) က ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အနောက်ဂျာမနီအတွက် ဖန်တီးပေးခဲ့တာပါ။

အနိုင်ရအသင်းရဲ့ အမည်ကို မူရင်းဆုတံဆိပ်ရဲ့ အောက်ခြေမှာ ထွင်းပြီး ချန်ပီယံအသင်းကို ပေးအပ်တာဖြစ်ကာ အနိုင်ရအသင်းဟာ သူတို့နိုင်ငံရဲ့ ပြတိုက်မှာ ထိန်းသိမ်းပြသထားခွင့် ရကြပါတယ်။

ဒါပေမဲ့ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားကျင်းပချိန်မှာ ချန်ပီယံအသင်းသစ်ဆီ ဆုတံဆိပ်ကို ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ပြန်မပေးမီ GDE Bertoni က မူလအတိုင်း ပြန်လည်ပြင်ဆင်ပေးရလေ့ရှိပါတယ်။ အကြောင်းကတော့ ချန်ပီယံဖြစ်ပြီးနောက် ကစားသမားတွေက နေရာဒေသအသီးသီးမှာ အောင်ပွဲခံရင်း ပျက်စီးယိုယွင်းလာမှုတွေကို ပြန်လည်ထိန်းသိမ်းပေးဖို့ ဖြစ်ပါတယ်။

မူရင်းဆုတံဆိပ်ကို ပြန်လည်ပေးအပ်ရပေမဲ့ တစ်ထပ်တည်းတူတဲ့ ပုံပွား ဆုတံဆိပ်ကို ချန်ပီယံဟောင်းတိုင်းကို ပေးအပ်ဖို့ GDE က တာဝန်ယူ ပြုလုပ်ပေးရလေ့ရှိပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် ၃ လလောက်ကြိုတင် ပြုလုပ်ထားရတယ်လို့လည်း ဆိုပါတယ်။

GDE Bertoni ဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ဥရောပစူပါဖလား ဆုတံဆိပ်တွေကိုလည်း တာဝန်ယူပြုလုပ်ပေးရသလို တခြားအရေးပါတဲ့ ဆုတံဆိပ်တွေကို တစ်နှစ်ပတ်လုံး ပြုလုပ်ပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ပထမဆုံး မူရင်း ကမ္ဘာ့ဖလားဆုတံဆိပ်ကို ရွှေ ၇၅ ရာခိုင်နှုန်း ထည့်သွင်းပြုလုပ်ထားပြီး ပေါင် ၁၀ သန်းဝန်းကျင်လောက်တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ဒီ မူရင်း ဆုတံဆိပ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြတိုက်တည်ရှိရာဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ဖီဖာက ထိန်းသိန်းပြသထားပါတယ်။

 

Ref : The Sun “How much the original World Cup trophy is worth”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top