အသက် ၂၀ အရွယ်လေးနဲ့ ၃ နှစ်အတွင်း ဒေါ်လာ သန်း ၉၀၀ ရှာနိုင်တဲ့ ကိုင်လီဂျန်နာ

1920x0.jpg

ဩဂုတ်လမှာ အသက် ၂၁နှစ်ပြည့်ပြီဖြစ်တဲ့ မော်ဒယ် ကိုင်လီဂျန်နာ  (Kylie Jenner) က မိတ်ကပ်ကုမ္ပဏီ တစ်ခုကို တည်ထောင်ထားတဲ့ လုပ်ငန်းရှင်ဖြစ်သလို ကလေးတစ်ယောက် မိခင်လည်း ဖြစ်ပါတယ်။

lip-stick နဲ့ lip-liner တစ်စုံပါဝင်တဲ့ ပါကင်တစ်ခုကို (၂၉) ဒေါ်လာနဲ့ ၂၀၁၆မှာ စတင်ရောင်းချခဲ့ပြီး အဲဒီအချိန်တည်းက စရောင်းခဲ့တာ ၂၀၁၇ အရောက်မှာမှာ ရတဲ့ ခန့်မှန်းငွေ ဒေါ်လာသန်း ၃၃၀ အပါအဝင် ဒေါ်လာသန်း ၆၃ဝ ဖိုး မိတ်ကပ်ပစ္စည်းတွေ ရောင်းရသလို eyeshadow နဲ့ concealer တို့လို အလှကုန်ပစ္စည်းတွေလည်း ရောင်းခဲ့ရတာ ဖြစ်ပါတယ်။

Forbes ကထုတ်ပြန်တဲ့ တန်ဖိုးသတ်မှတ်ချက်မှာ ကိုင်လီတို့ကုမ္ပဏီက ဒေါ်လာ သန်း ၈၀၀ တန်နေတာဖြစ်ပြီး ကိုင်လီရဲ့ ပိုင်ဆိုင်မှုက ၁၀၀ ရာခိုင်နှုန်းအပြည့် ဖြစ်ပါတယ်။

Puma ဖိနပ်နဲ့ PacSun အဝတ်အစား ထုတ်ကုန်ကြော်ငြာတဲ့ တီဗွီအစီအစဉ်တွေကရတဲ့ ဒေါ်လာသန်းချီ ထည့်ပေါင်းပြီး ကုမ္ပဏီထဲကနေ သူထုတ်သုံးထားတဲ့ အခွန်နှုတ်ပြီးသား သူ့ရဲ့ဝေစုသန်း ၆၀ ပါ ထည့်ပေါင်းတွက်လိုက်ရင် သူ့ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းက ဒေါ်လာသန်း ၉၀၀ ဖြစ်ပြီး အမေရိကန်ရဲ့ နှစ်အလိုက် အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီးစာရင်းမှာ လေးယောက်မြောက်လည်း ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေက ကိုင်လီရဲ့ပရိသတ်တွေနဲ့ ဖောက်သည်တွေကို လွယ်လွယ်ကူကူ ချိတ်ဆက်ပေးပြီး သူ့ရဲ့ချမ်းသာကြွယ်ဝမှုကို ဖန်တီးပေးနေပါတယ်။ ဒေါ်လာသန်းချီ ဝင်နေတဲ့ သူ့ရဲ့ လုပ်ငန်းမှာ အချိန်ပြည့်ဝန်ထမ်း ၇ ဦးနဲ့ အချိန်ပိုင်းဝန်ထမ်း ၅ ဦးသာ ရှိပါတယ်။

ထုတ်လုပ်မှုနဲ့ ထုတ်ပိုးမှုအပိုင်းကို ကယ်လီဖိုးနီးယားအနီးက ကိုယ်ပိုင်တံဆိပ် ထုတ်လုပ်တဲ့ SeedBeauty ဆိုင်ကို လွှဲထားပြီး အရောင်းပိုင်းကိုတော့ Shopify မှာရှိတဲ့ အွန်လိုင်းအရောင်းဆိုင်တွေက စီမံပေးပါတယ်။ ငွေရေးကြေးရေးနဲ့ PR ပိုင်းကိုတော့ သူ့ရဲ့အမေ ခရစ်က စီမံခန့်ခွဲပေးခ ၁ဝ ရာခိုင်နှုန်းယူပြီး ကုမ္ပဏီကိစ္စအားလုံးကို ကိုင်တွယ် အုပ်ချုပ်ပါတယ်။ ဒီလိုမျိုးတည်ထောင် စရိတ်နည်းနည်းလေးနဲ့ ကြော်ငြာခ သက်သက်သာသာ လုပ်ငန်းကနေ အမြတ် အများကြီးရတာဆိုတော့ ရသမျှက ဂျန်နာအိတ်ထဲပဲ ရောက်ပါတယ်။

ဂျန်နာလုပ်ရတာတစ်ခုက ဆိုရှယ်မီဒီယာကနေ ဘယ်လို ရောင်းအားတိုးအောင် ဖန်တီးမလဲ ဆိုတာပါပဲ။ အင်စတာဂရမ်နဲ့ snapchat မှာ သူအသုံးပြုထားတဲ့ ကိုင်လီ အလှကုန်အကြောင်းရေးပြီး ဆယ်ဖီရိုက်တင်တယ်။ နောက်ထပ် အသစ်ထွက်မယ့် အလှကုန်တွေကို ဗီဒီယိုရိုက်တင်ပြီး ထွက်မယ့်ရက်ကို ကြေညာပေးတယ်။ ကိုင်လီရဲ့ အင်စတာဂရမ်မှာ followers သန်း ၁၁၀ ရှိနေပြီး များသောအားဖြင့် အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက် ကောင်မလေးတွေပဲ ဖြစ်ပါတယ်။

ကိုင်လီက အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဟောင်း ဘရုစ်နဲ့ ခရစ်တို့ရဲ့ အငယ်ဆုံးသမီး ဖြစ်ပါတယ်။ စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာနဲ့ ကင်ကော့နေး (Kim Kourtney)၊ ခလိုး (Khloe) နဲ့ ရော့ဘ် ကာဒစ်ရှန် (Rob Kardshian) တို့နဲ့ အမေတူ အဖေကွဲ မောင်နှမတွေ ဖြစ်ပါတယ်။ ကိုင်လီက သူ့အမေရဲ့ အသေးစိတ် ဂရုစိုက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အစ်ကို အစ်မတွေကို အသက် ၁၀နှစ် အရွယ်လောက်တည်းက ပထမဆုံး ရုပ်သံလွှင့်နိုင်ဖို့ မိသားစုက မြေတောင်မြှောက်ပေးခဲ့ပါတယ်။ သူတို့ရဲ့ အမေ ခရစ်ဟာ သားသမီး တစ်ယောက်ချင်းစီအတွက် ငွေရှာဖို့ အစီအစဉ်တွေ ချပေးထားပြီးသား ဖြစ်ပါတယ်။ ကင်က မိုဘိုင်း ဂိမ်းတွေက ပိုက်ဆံရအောင်ရှာသလို ကန်ဒဲလ်က မော်ဒယ်ဘဝနဲ့ ရှာပါတယ်။

ကင်မရာနဲ့ကြီးပြင်းလာတဲ့ ကိုင်လီကတော့ အထူးသဖြင့် ရုပ်သွင်ပြင်က အရွယ်နဲ့မလိုက်တဲ့ မျက်နှာသွင်ပြင် ရှိနေတာပဲ ဖြစ်ပါတယ်။ ခြောက်တန်းလောက်တည်းက အိုင်းရှဲဒိုး ခရမ်းရောင်တွေ ဆိုးသလို ကိုယ့်ကိုယ်ကိုယုံကြည်မှုရအောင် မိတ်ကပ်တွေ လိမ်းခဲ့တာ ဖြစ်ပါတယ်။ နှုတ်ခမ်းနဲ့ပတ်သက်ပြီး ယုံကြည်မှုမရှိခဲ့တဲ့အတွက် နှုတ်ခမ်းကြီးတယ်ထင်ရအောင် နှုတ်ခမ်းသားအပေါ်ကိုတက်ပြီး liner ဆိုးတတ်သူလည်း ဖြစ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းမထူထောင်ခင် အသက် ၁၇ နှစ်အရွယ်မှာတည်းက “နှုတ်ခမ်းဖူးဖူးလေးရဖို့ ကိုင်လီဆိုးတဲ့ နှုတ်ခမ်းနီ” ဆိုပြီး မိန်းကလေးတွေကြား ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Forbes “How20-year-old Kylie Jenner built a $ 900 million fortune in less than 3 years”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top