Relationship တစ်ခုကို ဘယ်အရာတွေက ပျက်စီးစေနိုင်သလဲ

relationship-P86TEPB-e1566120186359.jpg

Relationship သက်တမ်းကြာမြင့်လာတာနဲ့အမျှ ပြဿနာများစွာ ကြုံတွေ့လာနိုင်ပြီး နားလည်မှုအပြည့်နဲ့ ခရီးဆက်နိုင်မှသာ ပန်းတိုင်ဆိုတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦး အရမ်းချစ်ကြပေမဲ့လည်း စိတ်သဘောထားခြင်း မတိုက်ဆိုင်တဲ့အတွက်ကြောင့် ဝေးကွာသွားခဲ့ရတဲ့ အဖြစ်အပျက်များစွာလည်း ရှိပါတယ်။

သင့်ချစ်သူကို သင်တကယ်ချစ်တယ်ဆိုရင် သူ့ရဲ့အမှားတွေကိုပဲ လိုက်ထောက်နေလို့လည်း မဖြစ်သေးပါဘူး။ သူ့အပေါ်ထားတဲ့ သင့်ရဲ့သဘောထားကလည်း ကောင်းမွန်နေဖို့ လိုအပ်ပါသေးတယ်။ အခုဖော်ပြထားတဲ့အချက်လေးတွေကတော့ Relationship တစ်ခုကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အကြောင်းအရာများပဲ ဖြစ်ပါတယ်။

အယုံအကြည် ကင်းမဲ့ခြင်း

ချစ်သူနှစ်ဦး ရေရှည်လက်တွဲနိုင်ဖို့ အရေးကြီးဆုံး တစ်ချက်ကတော့ ယုံကြည်မှုပါပဲ။ တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမ ကူကူညီညီမရှိဘဲ သံသယစိတ်တွေထားပြီး ယုံကြည်မှု ကင်းမဲ့နေမယ်ဆိုရင်တော့ ရှေ့ဆက်လက်တွဲမယ့်ခရီးက မှုန်ဝါးဝါးဖြစ်နေမှာပါ။

လိမ်ညာခြင်း

ဒီအချက်ကတော့ စုံတွဲတော်တော်များများ ပြတ်စဲရတဲ့ အဓိကအကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဘဝတစ်ခု တည်ဆောက်မယ့် ချစ်သူနှစ်ဦးဟာ ဘယ်အရာကိုမဆို ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင်ပဲ နေသင့်ပါတယ်။ လိမ်ညာထိမ်ချန်ထားတဲ့ အကြောင်းတွေကို သင့်ရဲ့ ချစ်သူက သိသွားတဲ့အခါ “အမှိုက်ကစ ပြဿဒ်မီးလောင်” ဆိုသလို မလိုလားအပ်တဲ့ ပြဿနာတေါ ဖြစ်လာနိုင်ပါတယ်။

လိုတာထက်ပိုပြီး သဝန်တိုတတ်ခြင်း

ဒီအချက်ကတော့ သဝန်တိုတတ်တဲ့ မိန်းကလေးတွေ အထူးဂရုပြုသင့်တဲ့ အချက်ပါပဲ။ သဝန်တိုနိုင်ပါတယ်။ ဒါပေမဲ့ သဝန်မကြောင်မိပါစေနဲ့။ လုပ်ငန်းကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းအရာတစ်ခုကြောင့်ပဲဖြစ်ဖြစ် သင့်ရဲ့လက်တွဲဖော်က အခြားတစ်ယောက်နဲ့ မဖြစ်မနေ ပတ်သတ်မိလိုက်ရတဲ့ အခါမျိုး ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အဲ့ဒီလိုအချိန်မျိုးမှာ သင်သဝန်တိုနေမိမယ်ဆိုရင် နားလည်မှုမရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ်သွားနိုင်သလို ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ သဝန်တိုတော့မယ့်ဆိုရင်တော့ အခြေအနေအရပ်ရပ်ကို အရင်ဦးဆုံး သုံးသပ်သင့်ပါတယ်။

စိတ်သဘောထား မတိုက်ခြင်း

ချစ်သူနှစ်ဦး ဘယ်လောက်ပဲချစ်ချစ် အရာခပ်သိမ်းအလုံးစုံ စိတ်သဘောထားခြင်း ထပ်တူကျဖို့ဆိုတာက မလွယ်ပါဘူး။ ဒါပေမဲ့ ဆယ်ခုမှာ ရှစ်ခု၊ ကိုးခုလောက် သဘောထားကွဲလွဲနေတယ်ဆိုရင်တော့ ပြန်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ စိတ်သဘောထား မတိုက်ဆိုင်ခြင်းက သင်တို့ချစ်သူနှစ်ဦးကို အတွင်းစိတ်ဒဏ်ရာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို တစ်ယောက်နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့ စိတ်တူကိုယ်တူ လုပ်ဆောင်သင့်ပါတယ်။

လေးစားမှုမရှိခြင်း

မျက်ကွယ်မှာ ဘယ်လောက်ပဲ ရင်းနီးအောင်နေနေ လူအများရှေ့မှာတော့ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဆက်ဆံသင့်ပါတယ်။ ချစ်လို့လက်တွဲထားတာပဲ။သင့်ချစ်သူကို သူစိမ်းတစ်ယောက်က အထင်သေးတဲ့အကြည့်နဲ့ ကြည့်စေနိင်မယ့် အပြုအမူမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်ဆိုး၊ စိတ်ကောက်ခြင်း

စိတ်ဆိုး၊ စိတ်ကောက်ခြင်းဆိုတာ ချစ်သူစုံတွဲများကြားမှာ မြင်တွေ့နေကြဖြစ်တဲ့ ချစ်စရာ အပြုအမူတစ်ခုပါပဲ။ ဒါပေမဲ့လည်း ဘာမဟုတ်တဲ့ ကိစ္စငယ်လေးများနဲ့ ပတ်သတ်ပြီး ကလေးဆန်ဆန် စိတ်ကောက်နေမယ်ဆိုရင်တော့ သင့်ရဲ့လက်တွဲဖော်က သင့်ကို စိတ်ပျက်လာနိုင်ပါတယ်။

မာနပြိုင်ဆိုင်ခြင်း

တစ်ယောက်နဲ့တစ်ယောက် ဘယ်သူပိုအောင်မြင်တယ်၊ ဘယ်သူကပိုပြီးငွေရှာနိုင်တယ် စသဖြင့် မာနတွေပြိုင်နေကြမယ်ဆိုရင် ရေရှည်လက်တွဲဖို့အတွက် ခက်ခဲပါတယ်။ မလိုလားအပ်တဲ့ မာနတွေကို ခဝါချပြီး အောင်မြင်ဖို့အတွက် နှစ်ဦးသား စိတ်တူကိုယ်တူနဲ့ ကြိုးကြိူးစားစားလုပ်ကိုင်သင့်ပါတယ်။

လမ်းခွဲစကားကို အလွယ်တကူပြောဆိုခြင်း

ပြဿနာတစ်စုံတစ်ရာဖြစ်တယ်ဆိုရင် ပြဿနာကိုရှောင်ရှားမနေဘဲ မျက်နှာချင်းဆိုင်တွေ့ပြိး ရင်ဆိုင်ဖြေရှင်းပါ။ ပြဿနာရဲ့ အရင်းခံအကြောင်းရင်းက ဘယ်အရာလဲဆိုတာကို စိတ်အေးအေးထားပြီး လေ့လာသုံးသပ်ပါ။ နှစ်ဦးသား ဘယ်လောက်ပဲညှိညှိ အဆင်မပြေဖြစ်နေတယ်ဆိုရင်တောင်မှ လမ်းခွဲစကားကို လွယ်လွယ်ကူကူမပြောပါနဲ့။ သင်ပြောလိုက်တဲ့ လမ်းခွဲစကားက သင့်ရဲ့လက်တွဲဖော်ကို စိတ်ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘယ်လောက်ပဲပြဿနာကြီးကြီး၊ အလောတကြီး ဆုံးဖြတ်ချက်မချဘဲ အချိန်တစ်ခုယူပြီး ဖြေရှင်းသင့်ပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top