မြို့တော်ဝန်ဖြစ်လာလို့ အောင်ပွဲခံနေတုန်း အထိုးခံရတဲ့အတွက် သွားတစ်ချောင်း ကျွတ်ခဲ့

101203574_martinhorndpa.jpg

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ဖရိုင်းဘတ်မြို့မှာ မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံရလို့ အောင်ပွဲခံနေတဲ့ အမျိုးသားတစ်ဦး ထိုးကြိတ်ခံရလို့ နှာခေါင်းရိုးကျိုးခဲ့ပြီး သွားတစ်ချောင်း ကျွတ်ခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် မာတင်ဟွန်း (Martin Horn) ဟာ ဖရိုင်းဘတ်မြို့တော်ဝန်အဖြစ် ၁၆ နှစ်ကြာ ဆောင်ရွက်လာတဲ့ ဂရင်းပါတီဝင် ကိုယ်စားလှယ် ဒီတာဆယ်လိုမွန် (Dieter Salomon) ကို အနိုင်ယူပြီး မြို့တော်ဝန် ဖြစ်လာခဲ့တာပါ။

တက္ကသိုလ်မြို့လို့ ခေါ်ဝေါ်ကြတဲ့ ဖရိုင်းဘတ်မြို့ လူဦးရေဟာ ဂျာမနီနိုင်ငံမှာ ပျမ်းမျှအသက်အရွယ် အငယ်ဆုံးဖြစ်ပါတယ်။ ဖရိုင်းဘတ်မြို့မှာ တိုးတက်မှုနဲ့ ကိုက်ညီတဲ့ တန်ဖိုးမျှအိမ်ရာ တည်ဆောက်ပေးမယ်ဆိုတဲ့ မဲဆွယ်စကားနဲ့ မာတင်ဟွန်းက မြို့တော်ဝန် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရလို့ အင်တာဗျူးတွေလုပ်ပြီး ထောက်ခံအားပေးသူ ၃၀၀ နဲ့ အောင်ပွဲခံနေတုန်း မာတင်ဟွန်း အနားကို အမျိုးသားတစ်ဦး ချဉ်းကပ်လာခဲ့ပါတယ်။ ဆယ်ဖီရိုက်မယ့် ပုံစံမျိုးနဲ့ အနားကပ်လာတဲ့ အဲဒီအမျိုးသားဟာ မာတင်ဟွန်း အနားရောက်ချိန်မှာ သူ့မျက်နှာကို ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် မာတင်ဟွန်းဟာ နှာခေါင်းရိုး ကျိုးခဲ့ပြီး သွားတစ်ချောင်း ကျွတ်ခဲ့လို့ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို နိုင်ငံရေးနဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်ထားခြင်း မရှိပါဘူး။ သံသယရှိသူရဲ့
နောက်ကြောင်းရာဇဝင်ကို စုံစမ်းရာမှာ စိတ်ကျန်းမာရေးပြဿနာရှိတယ်လို့ ဒီဖြစ်ရပ်ကို စုံစမ်းနေတဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် စိတ်မပျက်ကြဖို့ မာတင်ဟွန်းက အားပေးထောက်ခံသူတွေကို ပြောခဲ့ပြီး မြို့တော်ဝန်ဟောင်း ဒီတာဆယ်လိုမွန်ကလည်း မာတင်ဟွန်း အမြန်ဆုံး သက်သာလာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

Ref:BBC “German mayor wins Freiburg vote but loses tooth in attack ”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top