ဗီယင်နာမြို့လယ်မှာ အကြမ်းဖက်သမားရဲ့ပစ်ခတ်မှုကြောင့် လူ ၄ ယောက် သေဆုံး၊ ထွက်ပြေးလွတ်မြောက်သွားသူကို ရှာဖွေနေ

6-11-2020-yyl-022.jpg

မောင်းပြန်ရိုင်ဖယ်တွေ ကိုင်ထားတဲ့ သေနတ်သမားတွေက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့လယ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး သေနတ်သမားတစ်ယောက် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်လို့ ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိပါတယ်။

နိုဝင်ဘာလ ၂ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီအချိန်မှာ သေနတ်ကိုင်ထားပြီး အသေခံဗုံးခွဲခါးပတ်အတု တပ်ဆင်ထားသူတစ်ယောက်က ဂျူးဘုရားကျောင်းနားမှာရှိတဲ့ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ အခင်းဖြစ်ပွားရာကို အထူးတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး ၈ နာရီ ၉ မိနစ်မှာ သေနတ်သမားကို အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။ သေနတ်သမားကို အသေမဖမ်းဆီးနိုင်ခင် ရဲတပ်ဖွဲ့ဝင်တစ်ယောက် ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့လို့ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

အသေဖမ်းဆီးနိုင်ခဲ့သူဟာ အစ္စလာမ်အကြမ်းဖက် တိုက်ခိုက်ရေးသမားဖြစ်ပြီး ရဲတပ်ဖွဲ့က သူ့အိမ်ကို ဝင်ရောက်ရှာဖွေ သိမ်းဆည်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ သေနတ်သမား ၄ ယောက်အထိ ပါဝင်နေဖွယ်ရှိပြီး သေနတ်ကိုင်ဆောင်ထားတဲ့ အနည်းဆုံး သေနတ်သမားတစ်ယောက် လွတ်မြောက်နေလို့ ရှာဖွေမှုတွေ လုပ်နေပါတယ်။ သေဆုံးသူ ၄ ယောက်ထဲမှာ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး အမျိုးသမီးတစ်ယောက်ကတော့ စားပွဲထိုးအမျိုးသမီး ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၁၇ ယောက်ရှိပြီး တချို့သူတွေရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာစရာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ သြစတြီးယားဝန်ကြီးချုပ် ဆီဘက်ရှန်ကာ့ဇ်က မှတ်ချက်ပေးခဲ့ပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တိုက်ခိုက်မှုလို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး အလံတွေကို တစ်ဝက်ပဲ လွှင့်ထူမှာပါ။ ဒီနေ့ နေ့လယ်အချိန်မှာ သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ဆုတောင်းမှာ ဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာတာကို တားဆီးနိုင်ဖို့ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုသစ်တွေ စတင်အကျုံးမဝင်ခင် နာရီပိုင်းအလိုမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top