မြန်မာ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားနေရာကို သိမ်းပိုက်ရန် ဘူဇီနာ အန်တိုနီရာ (Bozhena Antoniyar) မျှော်မှန်း

212.jpeg

မြန်မာနိုင်ငံဒေသတွင်း ကိုယ်ခံပညာသိုင်းပေါင်းစုံကဏ္ဍသည် မဖွံ့ဖြိုးသေးသော အခြေအနေတွင်ရှိနေသော်လည်း နိုင်ငံတကာပြိုင်ပွဲစင်မြင့်ထက်တွင် နာမည်ကြီးကစားသမား အကျော်အမော် (၂) ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ဘရာဇီးကစားသမား Alexandre Machado ကို အနိုင်ရယူလိုက်ကာ လစ်လပ်နေသော ONE လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုသိမ်းပိုက်ခြင်း မတိုင်ခင် ပြီးခဲ့သော ၂၀၁၇ ခုနှစ် ဇွန်လက ရုရှားကစားသမား Vitaly Bigdash ကို အနိုင်ရရှိကာ ONE မစ်ဒယ်ဝိတ်ချန်ပီယံကိုရယူခဲ့ပြီးနောက် အားကစားလောကတွင် ရှားပါးသောဝိတ်တန်း ၂ ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖိုးသော်သည် ပြိုင်ပွဲပေါင်း ၆ ပွဲ ကို လှပသေသပ်စွာအနိုင်ရရှိခဲ့ကာ ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် ထူးချွန်သောကစားသမားအဖြစ် ထိပ်တန်းသို့ရောက်ရှိနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အောင်လအန်ဆန်နှင့် ဖိုးသော်တို့က ဦးဆောင်ပြီး မြန်မာ့ကိုယ်ခံပညာအားကစားလောကကို အဓွန့်ရှည်တည်တံ့စေရန် ထိုးဖောက်ကြိုးပမ်းနေချိန်တွင် အန်တိုနီရာ သည်လည်း ၎င်းတို့၏ ခြေရာကို နင်းကာ အားကစားလောကတွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းလျက်ရှိသည်။

“ကျွန်မ သူတို့ကို လေးစားတယ်။ အထူးသဖြင့် ကိုအောင်လအန်ဆန်ကိုပါ။ ကျွန်မ ONE Championship မှာ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားအဖြစ် ဆက်လက်လျှောက်လှမ်းသွားမှာပါ။ အောင်လအန်ဆန်နဲ့ ဖိုးသော်တို့လို ပြိုင်ပွဲများနဲ့ ပိုမိုထိတွေ့ယှဉ်ပြိုင်သွားဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

နှစ်ထပ်ကွမ်း National Boxing ချန်ပီယံ အန်တိုနီရာ သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ONE: QUEST FOR GOLD ပြိုင်ပွဲကြီးတွင် နာမည်ကြီးခဲ့သော နိုင်ငံတူကစားသမား ရွှေစင်ကို အနိုင်ရယူကာ အောင်မြင်သောပွဲဦးထွက်ပြိုင်ပွဲကို ရယူနိုင်ခဲ့သည်။

အန်တိုနီရာသည် ONE Championship ၏ ပြိုင်ပွဲဝင်တစ်ယောက်အနေဖြင့် ၎င်း၏ ပထမဆုံးပြိုင်ပွဲညတွင် မှတ်တမ်းကောင်းရယူနိုင်ခဲ့သည်။ ၎င်းသည် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွင် ယှဉ်ပြိုင်သော ပထမဆုံးကစားသမား ၂ ဦးမှ တစ်ဦးအပါအဝင်ဖြစ်သည့်အပြင် ONE ၏ အက်တမ်ဝိတ်တန်းပြိုင်ပွဲသမိုင်းတွင် ပွဲချိန်အတိုဆုံး ဒိုင်ပွဲရပ်အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

“ကျွန်မရဲ့ ONE Championship ပွဲဦးထွက်ပြိုင်ပွဲညက ကျွန်မအတွက် အမှတ်တရညပါပဲ။ ဘာလို့လဲဆိုတော့ ဒီလိုခမ်းနားတဲ့ ပြိုင်ပွဲကြီးမှာ ကျွန်မအရည်အချင်းတွေကို ဖော်ပြခွင့်ရခဲ့တယ်။ တစ်သက်မှာ တစ်ခါသာရတဲ့အခွင့်အရေးပါ။ ဒါက ကျွန်မ ပထမဆုံးပွဲဦးထွက်ညမှာ မရမက အနိုင်ရယူလိုခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်တယ်” ဟု အန်တိုနီယာ မျှဝေခဲ့သည်။

အန်တိုနီရာသည် ပြိုင်ဘက် ရွှေစင်ကို ပွဲသိမ်းရန် (၂၄) စက္ကန့်သာကြာမြင့်ခဲ့ပြီး ပွဲစသည်နှင့် တွန်းလှဲထားသည့်ကစားကွက်မှ အလွယ်တကူပြောင်းလဲကာ ကျည်ဆန်များကဲ့သို့ လျင်မြန်ပြင်းထန်သောလက်သီးချက်များ အဆက်မပြတ်ထိုးသွင်းခဲ့သောကြောင့် ဒိုင်လူကြီးများက ပြိုင်ပွဲကို ရပ်တန့်ခဲ့ရသည်။

အသက် (၂၃) နှစ်အရွယ် ရန်ကုန်တွင်နေထိုင်သူ အန်တိုနီရာ သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သော သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးတွင် မတ်လ ၈ ရက်နေ့၌ ကျင်းပမည့် ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် Audreylaura “Ice Comet” Boniface နှင့် ရင်ဆိုင်ယှဉ်ပြိုင်ကာ ပြိုင်ပွဲကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်သည်။

အန်တိုနီရာသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ် အောက်တိုဘာလက ထိုင်းကစားသမား Rika “Tinydoll” Ishige ပထမဆုံးအချီတွင် ချုပ်ကွက်ဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ခမ်းနားသောအနိုင်ပွဲများကို ရယူရန် မိမိကိုယ်ကို ကတိပြုထားသည်ဟုဆိုသည်။

“တတ်နိုင်သလောက် ပရိသတ်တွေလိုချင်တာကို ပေးချင်ပါတယ်။ သူတို့က လှပသေသပ်တဲ့ ပွဲသိမ်းကို တိုက်ခိုက်နည်းကောင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရဖို့ လာကြတာပါ။ လာမယ့်ပြိုင်ပွဲမှာ ပရိသတ်တွေနဲ့ ဆန္ဒထပ်တူပါပဲ။ ကျွန်မလည်း အဲ့လိုပွဲသိမ်းမျိုးလိုချင်ပါတယ်” ဟု ၎င်းက ကတိပြုခဲ့သည်။

အန်တိုနီရာ သည် Boniface ကဲ့သို့ အတွေ့အကြုံရင့် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားနှင့် ကြိုးဝိုင်းတစ်ခုအတွင်း အတူဝင်ရောက်ချိန်တွင် မိမိကိုယ်ကို ယုံကြည်မှုသည် အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်သည်ဟု ယူဆသည်။

“သူက ကိုယ်ခံပညာနောက်ခံကောင်းတဲ့ ကစားသမားကောင်း ဖြစ်တယ်ဆိုတာ ကျွန်မသိပါတယ်။ ပြီးတော့ သူက ကျွန်မထက်ပိုပြီး အတွေ့အကြုံရှိပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့အတွက် အဓိကအရေးကြီးတဲ့သော့ချက်က မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။ ဒါက ကျွန်မ ဒီလမ်းခရီးတစ်လျှောက်လုံးမှာ အတူရှိနေမှာပါ။ ကျွန်မ အရာအားလုံးကို အကောင်းမြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြိုင်ပွဲသည် အနိုင်ရရန်ခက်ခဲမည်ဆိုသော်လည်း ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံအလံကို အလံတိုင်တွင် လွှင့်ထူနိုင်ရန် အန်တိုနီရာ သည် ယုံကြည်ချက်ရှိနေသည်။

“ကျွန်မ နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ရတဲ့အတွက် အလွန်ပဲဂုဏ်ယူမိပါတယ်။ ကျွန်မ မြန်မာနိုင်ငံအတွက် ဒီပြိုင်ပွဲကို အနိုင်ရအောင်ယှဉ်ပြိုင်သွားမှာပါ”ဟု ၎င်းက ကြွေးကြော်ခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top