လုပ်ငန်းခွင်တွင် အောင်မြင် ပျော်ရွှင်သောသူ တစ်ဦး ဖြစ်လာစေမည့် ကိုယ်ခံပညာအားကစား၏ ကောင်းကျိုး (၅) ခု

slide2.jpg

ကျွန်ုပ်တို့သည် ရက်သတ္တပတ်တစ်ခုတွင် နာရီ (၄၀) နှင့်အထက်ကို အလုပ်ခွင်တွင် ကုန်ဆုံးကြရလေ့ရှိသည်။ ထို့ကြောင့် မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းများထက် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ကုန်ဆုံးရသောအချိန်က ပိုများသည်။ ထို့ကြောင့်လည်း လုပ်ဖော်ကိုင်ဖက်များနှင့် ကောင်းမွန်စွာ ဆက်ဆံသင့်ပေသည်။ ကျွန်ုပ်တို့ ထိုသူများနှင့် ရုံးခန်းတွင် နာရီပေါင်းများစွာ အတူတကွ အချိန်ကုန်ဆုံးရမည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦးကြားတွင် အကောင်းမြင်သော ဆက်ဆံရေးရှိထားရန် လိုအပ်သည်။

ဆက်ဆံရေးများအဆင်ပြေနေလျှင် လုပ်ငန်းတွင် တိုးတက်မှုများရှိလာမည်ဖြစ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာပါ တက်ကြွပျော်ရွှင်ရပါလိမ့်မည်။ ကိုယ်ခံပညာကစားခြင်းဖြင့် ကျွန်ုပ်တို့အား လုပ်ဖော်ကိုင်ဖက်ကောင်းများ ဖြစ်လာစေကာ ကောင်းမွန်သော လုပ်ငန်းခွင် ဆက်ဆံရေးများကို ရရှိစေပါလိမ့်မည်။ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦး ဖြစ်လာရန်နှင့် လုပ်ငန်းခွင်ဘဝ တိုးတက်စေရန် ကိုယ်ခံပညာ အားကစားမှပေးသော ကောင်းကျိုး (၅) ခုကို ဆက်လက်ဖော်ပြသွားပါမည်။

၁။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာသန်စွမ်းလာမည်

ပထမဦးဆုံးအနေဖြင့် တစ်ကိုယ်ရည်လိုအပ်ချက်ဖြစ်သော ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ခြင်းကို ရရှိမည်ဖြစ်သည်။ ထိုမှအစပြု၍ ကျွန်ုပ်တို့ လူနေမှုဘဝ ကဏ္ဍမျိုးစုံကိုပါ ကောင်းကျိုးများရရှိစေသည်။ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက် ဖြစ်လာရန် မည်သို့ထောက်ပံ့ပေးမည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းပေသည်။ ကိုယ်ခံပညာကို စတင်သင်ယူသောသူများအဖို့ ကောင်းကျိုးများကို သိသိသာသာတွေ့မြင်ရပါလိမ့်မည်။ တက်ကြွကြံ့ခိုင်ကာ ကျန်းမာစေပါလိမ့်မည်။ တစ်နေကုန် အလုပ်စားပွဲတွင် ထိုင်ရာမထ အလုပ်လုပ်ခြင်းသည် ကိုယ်ဟန်အနေအထားကို ပျက်ယွင်းစေသည်။ ညဘက် အားကစားရုံတွင် ကိုယ်ခံပညာအားကစားကို လေ့ကျင့်ခြင်းသည် ထိုပျက်ယွင်းနေသော ကိုယ်ဟန်ကို ပြုပြင်ပေးနိုင်မည်ဖြစ်သည်။

ကိုယ်လက်လှုပ်ရှားမှုမရှိလျှင် သင့်ကို ရက်ပေါင်းများစွာ အလုပ်ပျက်အကိုင်ပျက်ဖြစ်စေမည့် တာရှည်ဖျားနာနိုင်သော ကျန်းမာရေးပြဿနာများကို ကြုံတွေ့နိုင်မည်ဖြစ်သည်။ ဤကဲ့သို့ မကြာခဏ နာမကျန်းဖြစ်တတ်သော သင်သည် မိမိ၏ အသင်းအဖွဲ့အတွက် အသုံးမဝင်သောသူတစ်ယောက် ဖြစ်လာကာ အသင်းအဖွဲ့၏ လုပ်ဆောင်ချက်များသည်လည်း ထင်သလောက် ပေါက်ရောက်တော့မည်မဟုတ်ချေ။

၂။ စိတ်ဖိစီးမှုများလျှော့ချနိုင်လာနိုင်မည်

ကိုယ်ခံပညာအာကစားကို လေ့ကျင့်ပြီးချိန်တွင် စိတ်ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုလျော့ကျစေသော အန်ဒရိုဖင် (endorphins) ဟူသော ဟော်မုန်းတစ်မျိုးကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးပါသည်။ အချိန်အနည်းငယ်မျှပေး၍ နပမ်း၊ လက်ဝှေ့ကစားခြင်း (သို့မဟုတ်) သဲအိတ်များ၊ ဘုတ်များကို ထိုးနှက် ကန်ကျောက်ခြင်းဖြင့် ထိုအာရုံကြောဟော်မုန်း ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးနိုင်ကာ စိတ်ကြည်လင်ခြင်း၊ နာကျင်မှုကိုသက်သာစေခြင်းနှင့် ကျန်းမာပျော်ရွှင်စေခြင်း အကျိုးကျေးဇူးများကို ခံစားရနိုင်ပါသည်။ ကိုယ်ခံပညာလေ့ကျင့်ခြင်းဖြင့် ဆတ်ဆတ်ထိမခံဖြစ်ခြင်း၊ သုန်မှုန်နေခြင်း၊ စိုးရိမ်ကြောင့်ကြတတ်ခြင်းတို့ကို ကာကွယ်ပြီးသားဖြစ်သည့်အပြင် ခေါင်းရှင်းရှင်းနှင့် အာရုံစိုက်လာနိုင်ကာ ပျော်ရွှင်ကြည်လင်လာပါလိမ့်မည်။ ထိုသို့ဖြင့် သင်သည် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်၍ အကောင်းမြင်သူတစ်ဦး ဖြစ်လာပါလိမ့်မည်။

၃။ အလုပ်ခွင်တွင် တာဝန်ပိုယူလာနိုင်မည်

အချို့သောသူများအတွက် အသင်းအဖွဲ့နှင့် အလုပ်လုပ်ရာတွင် အလုပ်တာဝန်များကို ရှောင်တိမ်းကာ အခြားသူများကို ပုံချလေ့ရှိသည်။ ထိုသို့သော ဆိုးဝါးသော အမူအကျင့်သည် မိမိကိုယ်ကို ဆုတ်ယုတ်စေကာ လုပ်ဖော်ကိုင်ဖက်များကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေပါသည်။ ကိုယ်ခံပညာအားကစားကို လိုက်စားခြင်းဖြင့် သင့်ကိုယ်ရည်ကိုယ်သွေးကို တိုးတက်လာကာ တာဝန်ယူလိုစိတ်များ ရှိလာတတ်ပါသည်။ အားကစားနည်းသစ်များကို သင် ကြေညက်သည်အထိ မည်သူကမှ ထပ်ကာထပ်ကာ လေ့ကျင့်ပေးမည် မဟုတ်ပါ။ အရာအားလုံးသည် သင့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်သာ မူတည်သည်။ တိုးတက်မှု မရှိခြင်း ကစားနည်းအသစ်များကို မတတ်မြှောက်ခြင်းသည် သင့်အပေါ်တွင်သာ လုံးလုံးလျားလျားတာဝန်ရှိခြင်းဖြစ်သည်။ အားကစားလုပ်ရာတွင် ထိုကဲ့သို့ တာဝန်ခံမှုများကို ထားနိုင်လာပြီဆိုလျှင် အခြားသောကဏ္ဍများတွင်ပါ တာဝန်ယူလိုစိတ်များ ရှိလာမည်ဖြစ်သည်။ လိုအပ်သည့်အချိန်တွင် မိမိတာဝန်ကိုယူတတ်ခြင်းဖြင့် ကြုံတွေ့ရသော ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းတတ်လာမည်ဖြစ်သည်။

၄။ မည်သူ့ကိုမဆို ခွဲခြားဆက်ဆံခြင်းမရှိဘဲ လေးစားစွာဆက်ဆံတတ်လာခြင်း

လုပ်ငန်းခွင်တွင်နေရာ ဌာနအဆင့်ဆင့် ထားလေ့ရှိကြသည်။ စီမံခန့်ခွဲမှု တာဝန်ယူထားသူများဖြစ်သော ဥက္ကဋ္ဌမှစ၍ ကြီးကြပ်သူ၊ သာမန်ဝန်ထမ်းနှင့် အလုပ်သင်ဟူ၍ အဆင့်ဆင့်ရှိသည်။ ထိုကဲ့သို့ အလုပ်တာဝန်အဆင့်များကြောင့် တာဝန်ကိုယ်စီ သာတူညီမျှ အတူတကွ အလုပ် လုပ်ကြသည်ကို အလွယ်တကူ မေ့သွားတတ်ကြသည်။ ကိုယ်ခံပညာအားကစားတွင် ကျွန်ုပ်တို့နည်းပြများကို လေးစားတတ်ရန် သင်ကြားပေးသည်။ သူဋ္ဌေးကောင်းနှင့် နည်းပြကောင်းများသည် ၎င်းတို့၏ အသင်းအဖွဲ့ကို စိတ်အားတက်ကြွစေပြီး စိတ်ဓာတ်ခွန်အားများ ပေးတတ်ကြသောသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စိတ်ပျက်အားလျှော့ခြင်းမရှိသကဲ့သို့ အခြားသူများမှ ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း မှုနေမည်မဟုတ်ချေ။

ကိုယ်ခံပညာအားကစားတွင် ပိန်ပိန်ပါးပါး ဆယ်ကျော်သက်လူငယ်လေးက သင့်ကို ချုပ်ကွက်များဖြင့်အနိုင်ယူနိုင်သလို အိန္ဒြေကြီးသော အမျိုးသမီးကြီးက သင် လေ့ကျင့်ရန်ခက်ခဲနေသော ကစားနည်းစနစ်များကို ပုံစံကျရန် အကြံဥာဏ်များပေးနိုင်မည်ဖြစ်သည်။ လူတိုင်းတွင် သူ့အားသာချက်နှင့်သူ ရှိသကဲ့သို့ အချို့သောသူများတွင် သင် မတွေးမိသော ပြဿနာ ဖြေရှင်းနည်းများကို ရှိနေတတ်ကြသည်။ တစ်ဦး၏ အကြံဥာဏ်ကို လေးစားစွာ နားထောင်တတ်ခြင်းဖြင့် လူတစ်ဦးတစ်ယောက်တိုင်းတွင် ကောင်းကျိုးများရနိုင်မည်ဖြစ်သည်။

၅။ မိမိကိုယ်ကို ယုံကြည်မှုများတိုးလာမည်

ကိုယ်ခံပညာအားကစားကို လေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ကို ပိုမို၍ စိတ်ချယုံကြည်မှုများတိုးလာမည်ဖြစ်သည်။ ထို့အပြင် မာန်မာနကင်းစင်ကာ စိတ်ဓါတ်ပြည့်ဝနှိမ့်ချလေ့ရှိသူ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ခံပညာ အားကစားရပ်သည် ကျွန်ုပ်တို့၏ ကိုယ်ကာယကြံ့ခိုင်မှုကို တိုးတက်စေသည့်အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ လေ့ကျင့်ပေးသည့်အတွက် မိမိကိုယ်ကိုယုံကြည်မှု တိုးလာခြင်းဖြစ်သည်။ အကယ်၍ သင်သည် အားကစားရုံတွင် ကိုယ်ခံပညာ အားကစားရပ် နည်းစနစ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ သိထားလျှင် လက်တွေ့လုပ်ငန်းခွင်တွင်လည်း ထိုနည်းတူစွာ ဖြေရှင်းအသုံးချလို့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာသည် ပိုမိုကျန်းမာပျော်ရွှင်နေ၍ တွေ့ကြုံနေခဲ့သော စိတ်ပိုင်းဆိုင်ရာ အခက်အခဲများသည် သင့်အပေါ် ယခင်ကလောက် ထိခိုက်စေမည်မဟုတ်တော့ပါ။

ထို့အပြင် မိမိကိုယ်ကို ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်ထားနိုင်ခြင်းသည် အသင်းအဖွဲ့၏ လုပ်ငန်းဆောင်တာများတွင် မိမိလုပ်ဆောင်ချက်များကို တင်ပြရာတွင်လည်းကောင်း၊ အကြံဥာဏ်များကို မျှဝေဆွေးနွေးရာတွင်လည်းကောင်း မိမိယုံကြည်ရာကို ရဲဝံ့စွာပြောဆိုနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မည်။ စိတ်ကြီးဝင်မာနကြီးခြင်းမဟုတ်သော မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းဆိုင်ရာနေ့စဉ်ဘဝများတွင် အလုပ်အတူတွဲလုပ်သောသူများကို ကောင်းကျိုးပေးနိုင်ရုံသာမက မိမိကိုယ်ပိုင် လူမှုဘဝတွင်ပါ အကျိုးများလာပါလိမ့်မည်။

Ref: ONE Championship “5 Ways Martial Arts Can Help Make You A Better Employee”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top