စစ်ဖြစ်လာရင် ဒေါ်နယ်ထရန့်ရဲ့ အမိန့်ပေးရာ ဌာနချုပ်ဖြစ်လာမယ့် E-4B အကြောင်း တစ်စေ့တစောင်း

nintchdbpict000320097826.jpg

အမေရိကန်သမ္မတတွေကတော့ သိကြတဲ့အတိုင်း အဆောင်အယောင်များလွန်းပါတယ်။ အမေရိကန်သမ္မတတွေ ခရီးသွားလာတဲ့အခါမှာ Air  Force One ကို စီးနင်းကြပါတယ်။

Air Force One ကတော့ အဆောင်အယောင်တစ်ခုအနေနဲ့ ပုံဆောင်သလို သမ္မတခရီးသွားရင်  သက်တောင့်သက်သာဖြစ်စေဖို့ ထုတ်လုပ်ထားတဲ့ လေယာဉ်ဖြစ်ပြီး တကယ်လို့ စစ်ဖြစ်လာခဲ့မယ်ဆိုရင် အမေရိကန် သမ္မတတွေ စီးနင်းတဲ့ လေယာဉ်ရှိပါသေးတယ်။ အဲဒါကတော့ E-4B ပါ။ Boeing 747 လေယာဉ်ဖြစ်တဲ့ E-4B ဟာ စစ်ဖြစ်မှသာ စီးနင်းတဲ့ လေယာဉ်ဖြစ်တဲ့အတွက် ကမ္ဘာပျက်လေယာဉ်လို့လည်း နာမည်ပြောင်ပေးထားကြပြီး ဒီလေယာဉ် အစီအစဉ်ကို ၁၉၇၀ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာ  ဖြစ်ပါတယ်။ ဒီလေယာဉ်တွေဟာ သမ္မတ ကမ္ဘာအနှံ့သွားနေတဲ့အချိန်မှာ Air Force One နောက်ကနေ အရိပ်လို လိုက်နေရပြီး သမ္မတ  အမေရိကန်မှာ ရှိမယ်ဆိုရင် တစ်စီးက ၂၄ နာရီ Stand by အနေအထားရှိနေရပါတယ်။

တရားဝင် အရဆိုရင် E-4B လေယာဉ်တွေကို National Airborne Operation Centres လို့ ခေါ်ဆိုကြပြီး တစ်စီးကို တန်ကြေး ဒေါ်လာ သန်း ၂၅၀ ခန့်ရှိကာ တစ်နာရီလည်ပတ်ရင် ကျသင့်ငွေက အမေရိကန်ဒေါ်လာ  ၁သိန်း ၆ သောင်းခန့်ကျသင့်ပါတယ်။ E-4B လေယာဉ်တွေမှာ  ပါဝင်တဲ့ စက်ပစ္စည်းတွေက ကာကွယ်ရေးအဆင့်မြှင့်ထားတဲ့ ပစ္စည်းတွေဖြစ်ပြီး လျှပ်စစ်သံလိုက်လှိုင်းများနဲ့ တိုက်ခိုက်ခံရရင်လည်း ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Digital ဆက်သွယ်ရေးစနစ်တွေက Cyber တိုက်ခိုက်မှုကို ခံရနိုင်တဲ့အတွက် ဆက်သွယ်ရေး  စနစ်တွေအကုန်လုံးကို analogue စနစ်တွေသာ အသုံးပြုထားပါတယ်။

စစ်အေးခေတ်တုန်းက နူကလီးယားတိုက်ခိုက်မှုဖြစ်လာရင် သမ္မတအတွက် လုံခြုံအောင်တည်ဆောက်ထားတဲ့ ဒီလေယာဉ်တွေမှာ စစ်ရေးကျွမ်းကျင်သူများ၊ အစီအစဉ်ဆွဲသူများ၊  ဆက်သွယ်ရေးပညာရှင်များစွာပါဝင်ပြီး စစ်ဖြစ်လာရင် သမ္မတကို အကြံပေးကြမှာ ဖြစ်ပါတယ်။

စစ်အေးခေတ်ရဲ့ နောက်ဆုံး ဆယ်စုနှစ်တွေမှာ E-4B လေယာဉ်တွေဟာ ၁၅ မိနစ်နဲ့ အမေရိကန် သမ္မတကို ဝေဟင်ကို ပို့ပေးနိုင်ဖို့အတွက် မေရီလန်း ပြည်နယ်ရှိ အန်ဒရူးလေတပ်မှာ Stand by ရှိနေခဲ့ကြပါတယ်။ ဒီကနေ့ခေတ်မှာတောင် E-4B လေယာဉ်တွေဟာ သမ္မတ ခရီးသွားရင်  လိုက်ပါလေ့ရှိကြပြီး  အမေရိကန်သမ္မတ နိုင်ငံတွင်းမှာ ရှိနေတဲ့အချိန်ဆိုရင် နီဘရာစကာပြည်နယ် အိုမားဟားမြို့ရှိ လေတပ်မှာ စောင့်နေရပါတယ်။

ဒီလေယာဉ်တွေဟာ နူကလီးယားတိုက်ခိုက်မှုဖြစ်လာမယ်ဆိုရင် သမ္မတကို ဘေးကင်းလုံခြုံစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး E-4B လေယာဉ်အစီအစဉ်ကို ရပ်ဆိုင်းတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ၂၀၀၇ မေလမှာ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က ဒီလေယာဉ်တွေကို မဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Ref : C Net : The four specially-designed secretive aircraft are called the E-4Bs

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top