ကမ္ဘာ့အကြီးဆုံး လေယာဉ်အင်ဂျင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့

stratolaunch-engine-tests-9.jpg

ပြီးခဲ့တဲ့ မေလတုန်းက ကမ္ဘာ့အကြီးဆုံးလေယာဉ်ဖြစ်တဲ့ Stratolaunch ဟာ သူရဲ့ Hanger ထဲက ထွက်လာပြီး အများပြည်သူများကို  ထုတ်ပြခဲ့ပါတယ်။

ယခု စက်တင်ဘာလမှာတော့ Stratolaunch ရဲ့ ဒုံးအင်ဂျင် ၆ လုံးလုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ စမ်းသပ်မှုမှာဆိုရင် ပထမဆုံး အရန် စွမ်းအင်တွေကနေ အင်ဂျင်တွေကို ဓာတ်အားသွင်းပြီး ဒုတိယအဆင့်မှာတော့ ဆီနဲ့မောင်းကာ  အင်ဂျင်တွေကို အလွတ်လည်စေခဲ့တာဖြစ်ပါတယ်။

Stratolaunch လေယာဉ်ရဲ့ အင်ဂျင်တွေဟာ PW4056 turbofan အင်ဂျင်အမျိုးအစားတွေဖြစ်ပြီး တစ်လုံးချင်းစီဟာ ၅၆၇၅၀ ပေါင် တွန်းကန်အားရှိပါတယ်။ ကုမ္ပဏီကတော့ အင်ဂျင် ၆ လုံး လုံး မျှော်လင့်ထားတဲ့အတိုင်း လည်ပတ်ခဲ့ပြီး ထိန်းချုပ်ရေးစနစ်တွေ၊ လျှပ်စစ်မီးဆိုင်ရာစနစ်တွေ၊ လေဖိအားစနစ်တွေနဲ့ မီးဘေးကာကွယ်ရေးစနစ်အားလုံးကို စစ်ဆေးခဲ့ပါတယ်။

“နောက်လတွေကျရင် ကျွန်တော်တို့ လေယာဉ်အင်ဂျင်တွေကို ပိုပြီးများတဲ့ Power ပမာဏနဲ့ စမ်းသွားမှာဖြစ်ပြီး လေယာဉ်ပြေးလမ်းပေါ် Taxi  စမ်းသပ်မှုပါ လုပ်သွားမှာပါ ”လို့ ကုမ္ပဏီက ပြောခဲ့ပြီး ရက်အတိအကျကိုတော့ မပြောခဲ့ပါဘူး။ Stratolaunch လေယာဉ်မှာ ကိုယ်ထည် ၂ ခုပါဝင်ပြီး ကိုယ်ထည် ၂ ခုလုံးကို ကာဗွန်ပေါင်းစပ်ပစ္စည်းများနဲ့ ပြုလုပ်ထားပါတယ်။ လေယာဉ်ရဲ့ တောင်ပံအရှည်ကတော့ ၁၁၇ မီတာ ရှိပြီး အလေးချိန်မပါဝင်ပဲ လေယာဉ်ကိုယ်ထည်သက်သက် ၂၂၆၈၀၀ ကီလိုဂရမ်ရှိကာ ဆီအပြည့်ထည့်ရင် ၁၁၃၄၀၀ ကီလိုဂရမ် ပိုလာပါတယ်။ လေယာဉ်ဟာ အသားတင်အလေးချိန် ကီလိုဂရမ် ၂ သိန်းခွဲ တင်ဆောင်နိုင်ပါတယ်။ Stratolaunch လေယာဉ်ဟာ တောင်ပံအရှည်ဆုံးဖြစ်ပေမဲ့ ဆိုဗီယက်ထုတ် Antonov An-225  လေယာဉ်ရဲ့ ကိုယ်ထည်အရှည်က ၂၇၅ ပေ ရှိကာ Stratolaunch ရဲ့ ကိုယ်ထည်အရှည်ကတော့ ၂၃၈ ပေသာရှိပါတယ်။ ဒါပေမဲ့ Stratolaunch ဟာ ဒုံးပျံတွေကို ကမ္ဘာပတ်လမ်းထဲ ခေါ်သွားဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ လေယာဉ်ဖြစ်ပြီး တောင်ပံအရှည်က ၃၈၅ ပေရှိကာ အမြင့်ပေ ၅၀ နဲ့ ကိုယ်ထည် ၂ ခုပါဝင်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးလေယာဉ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

Stratolaunch ပျံသန်းနေပုံကို ပန်းချီဆရာမှ စိတ်ကူးဖြင့် ပုံဖော်ထားစဉ်

Stratolaunch ကုမ္ပဏီဟာ ဘီလ်ဂိတ်နဲ့ မိုက်ခရိုဆော့ဖ်ကို ပူးတွဲတည်ထောင်သူဖြစ်တဲ့ ပေါလ် အယ်လန် ရဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၁၁ မှာတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပေါလ်အယ်လန်ဟာ Stratolaunch ကုမ္ပဏီကို အာကာသထဲ ဈေးသက်သာစွာနဲ့ သွားလာနိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Stratolaunch လေယာဉ်ကို ၂၀၁၆ မှာ စတင်မောင်းနှင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကလည်း Stratolaunch ဟာ Pegasus-XL အာကာသဒုံးပျံကို  ကမ္ဘာပတ်လမ်းထဲသို့ ပို့ပေးဖို့ Orbital ATK ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။ ဒီအတိုင်းဆိုရင် Stratolaunch လေယာဉ်ကလည်း အောင်မြင်စွာ အင်ဂျင်စမ်းသပ်နိုင်ခဲ့တယ်ဆိုတော့ မကြာခင်မှာပဲ အာကာသဒုံးပျံကို ကမ္ဘာပတ်လမ်းထဲ ပို့ပေးနိုင်တော့မှာပါ။

Ref : Space News : The world’s largest aircraft had a successful engine test

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top