စိတ်လက်ပေါ့ပါးစွာ အနှောင်အဖွဲ့ကင်းကင်းနဲ့ ခရီးထွက်နိုင်ဖို့

8-7-2020-yyl-023.jpg

ခရီးတစ်ခါထွက်ဖို့ ပြင်ဆင်ရတာတွေက မနည်းဘူးနော်။ အိမ်ထောင်ရှင်မတွေဆိုရင် တစ်ခါခရီးထွက်ဖို့ကို အဝတ်အစားတွေထည့်ရတာ၊ ကျန်ခဲ့မယ့်မိသားစုအတွက် အစားအသောက်တွေပြင်ဆင်ရတာ၊ ခရီးမှာစားဖို့ ယူသွားရမှာ၊ ပြန်လာရင် သန့်ရှင်းရေးလုပ်ဖို့တွေးပူရတာ၊ လျှော်ရ၊ ဖွတ်ရမှာ အဲဒီလိုတွေတွေးရင်း၊ တွေးရင်းနဲ့

မသွားဖြစ်ကြတော့ရော။ ရုံးဝန်ထမ်းတွေဆိုရင်လည်း အလုပ်တစ်ပုံကိုပစ်ထားပြီး စိတ်အေးလက်အေးသွားပစ်လိုက်ဖို့ကို ကြောက်နေကြပြန်ပါရော။

တကယ်တော့ ငါမရှိလို့မဖြစ်ဘူးဆိုပြီးတွေးနေတဲ့အတွေးလေးကို ဖျောက်လိုက်ရင်အိုကေသွားပါပြီ။ ငါမရှိလည်း သူ့အလိုလိုအဆင်ပြေသွားပါလိမ့်မယ်။ လူဆိုတာ ကိုယ်ပိုင်အချိန်လေးတော့ လိုတယ်လေ။

အဲဒီတော့ ခရီးထွက်ဖို့ဆုံးဖြတ်ပြီးပြီးဆိုတာနဲ့ ဟိုနောက်ဆံတင်း၊ ဒီနောက်ဆံတင်း တွေးပူမနေပါနဲ့တော့။ ခရီးစဉ်တစ်လျှောက် ပြန်မရနိုင်တဲ့အမှတ်တရတွေကို အဆုံးရှုံးမခံပါနဲ့။ ကျွန်တော်တို့ ရိုးရာလေးစာမျက်နှာကနေပြီးတော့လည်း စာဖတ်ပရိတ်သတ်တို့ အနှောင်အဖွဲ့ကင်းကင်း ခရီးထွက်ဖို့နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးသွားပါဦးမယ်။ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြပါဦး။

၁။ အတွေးတွေကို ပုံသေမသတ်မှတ်ထားပါနဲ့

စိတ်ပညာရှင် လီဆာ ဟတ်ထ်ချီဆန် (Lisa Hutchison) ဆိုသူက စိတ်လက်ပေါ့ပါးစွာ ခရီးထွက်နိုင်စေဖို့ “ကိုယ့်အချိန်တွေကို မိသားစုဆီက ယူလိုက်ရတယ်လို့မတွေးဘဲ အားအင်ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကိုယ်ပိုင်အချိန်လေးတစ်ခု ဖန်တီးလိုက်ရတယ်လို့တွေးပါ။ မိမိရဲ့ကိုယ်ပိုင်အချိန်ကို ဦးစားပေးတတ်တဲ့သင်ဟာ ပိုလို့ထက်မြက်တဲ့ ဝန်ထမ်း၊ သူဌေး၊ သူငယ်ချင်း၊ ချစ်သူ၊ မိခင်၊ ဖခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်” လို့ဆိုပါတယ်။

၂။ ခရီးထွက်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်တယ်ဆိုတာကို သိထားဖို့လိုပါတယ်

aန့စဉ်ပုံမှန်လည်ပတ်နေကျ လုပ်ရိုးလုပ်စဉ်တွေထဲက ခွဲထွက်လိုက်တဲ့အခါ၊ ဆိုရှယ်မီဒီယာကြီးနဲ့ ခဏအဆက်အသွယ်ဖြတ်ကြည့်လိုက်တဲ့အခါ၊ နေရာသစ်တစ်ခုကို ခြေချမိလိုက်တဲ့အခါမျိုးမှာ သင့်ရဲ့စိတ်တွေက ယခင်ကထက်ပိုလို့လန်းဆန်းလာတာကို ခံစားရပါလိမ့်မယ်။ အလုပ်ခဏနားပြီး ခရီးတိုလေးထွက်ပေးခြင်းက လုပ်ငန်းခွင်ထဲပြန်ရောက်တဲ့အခါမှာ သင့်ရဲ့စွမ်းဆောင်ရည်တွေကို တိုးမြင့်စေနိုင်ပြီး စိတ်ဖိစီးမှုတွေကိုလည်း ယခင်ကထက်ပိုလို့ ထိန်းချုပ်လာနိုင်ပါတယ်” လို့ စိတ်ပညာရှင် ဒေါက်တာ စတီဗင် စတိန်း (Steven Stein) ကဆိုပါတယ်။

သင့်ရဲ့အလုပ်ရှင်ကလည်း လုပ်ငန်းခွင်ထဲတစ်ဖန်ပြန်ရောက်လာတဲ့သင်က ယခင်ကထက် ပိုပြီးစွမ်းဆောင်ရည်တွေတိုးမြင့်နေတာကို တွေ့ရပါလိမ့်မယ်။

၃။ ဘာတွေချန်ခဲ့ရတယ်ဆိုတာထက် သင်ယခုဘာလုပ်နေတယ်ဆိုတာကိုပဲ အာရုံစိုက်ပါ

“သင်မျှော်လင့်ထားတဲ့အတိုင်း သင့်ဘေးနားမှာရှိတဲ့ အရာရာတိုင်းကို ပုံဖော်နေဖို့သင့်မှာ တာဝန်မရှိပါဘူး” လို့ စိတ်ပညာရှင် ရက်ဘီခါ ဘူအေ့ခ်ျ (Rebekah Buege) က အကြံပြုစကားဆိုထားပါတယ်။ “သင့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေနဲ့ပဲ ဘဝကိုပုံဖော်ပါ” မိသားစုပြဿနာနဲ့ စိတ်ပုတ်တဲ့သူငယ်ချင်းအကြောင်းကို ခရီးစဉ်အထိ မသယ်သွားပါနဲ့။ စိတ်ထဲကထုတ်ထားပါ။ ပြန်လာရင်ပြန်တွေ့ရမယ့်သူတွေပါ။ အဲဒီအခါမှ သင်တာဝန်ယူလှပါချည်ရဲ့ဆိုတဲ့အရာတွေထဲ တစ်ဖန်ပြန်ပြီး နစ်မွန်းချင်နစ်မွန်းပေါ့။ လောလောဆယ်တော့ ကိုယ်ဘာလုပ်နေတယ်၊ ဘယ်သွားနေတယ်ဆိုတာကိုပဲ အာရုံစိုက်ထားပါ။

၄။ ခရီးထွက်ဖို့သင့်ရဲ့လား

လူတွေက သင့်ကိုပြောကြပါလိမ့်မယ်။ ကလေးအမေဖြစ်ပြီး ခရီးထွက်နိုင်သေးတယ်နော်။ ဝန်ထမ်းဆိုလည်း ဒီလောက်အလုပ်တွေများနေတဲ့ထဲ ခရီးထွက်နိုင်သေးတယ်နော်။ အားကျတယ်။ ဘာညာပေါ့။ သင်ခရီးထွက်နိုင်တယ် မထွက်နိုင်ဘူးဆိုတာက သင်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်အရာပါ။ တခြားလူဆုံးဖြတ်စရာမလိုပါဘူး။ ထင်ကြေးတွေပေါ်လိုက်ပြီးလည်း တွန့်ဆုတ်နေစရာမလိုပါဘူး။ သင့်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်။ အိုကေ … ငါ့ကိုယ့်ပိုင်အချိန်လေးတော့လိုတယ်။ ခရီးလေးတစ်ခုလောက် ထွက်ရရင်ကောင်းမှာပဲဆိုပြီး တွေးမိနေရင် ထွက်ပစ်လိုက်ပါ။ သင့်မှာရွေးချယ်ပိုင်ခွင့်တွေရှိပါတယ်။

၅။ အလုပ်နဲ့ အဆက်အသွယ်ဖြတ်ထားပါ

အပေါ်ကအချက်တွေအားလုံးက ဒီမှာလာစုတာပါ။ အရှေ့မှာပြောခဲ့သလိုပဲ။ ကိုယ်လုပ်နေတဲ့အရာကိုပဲ အာရုံစိုက်စေချင်ပါတယ်။ အလုပ်တွေပိနေပြီလားတို့။ အိမ်ကလူတွေ အဆင်ပြေပါ့မလားတို့။ လျှောက်တွေးမနေပါနဲ့။ အဲဒီလိုတွေးနေမယ်ဆို သင်ခရီးထွက်လာတာက အလကားပါပဲ။ စိတ်ဖိစီးမှုတောင် ပိုတိုးပါသေးတယ်။ အလုပ်ကကိစ္စတွေကို အရမ်းစိတ်ပူနေရတယ်ဆို အလုပ်ကလူတွေ ဆက်သွယ်နိုင်မယ့် ဖုန်း၊ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ် အားလုံးကိုပိတ်ထားလိုက်ပါ။ ခွင့်ယူပြီးမှ သွားဖို့တော့လိုတာပေါ့။

၆။ အသစ်သောအရာတွေကို လေ့လာနိုင်တယ်ဆိုတာကို မမေ့ပါနဲ့

သင်ကတကယ်ကြီး အလုပ်အတွက် နောက်ဆံတင်းနေရတယ်ဆိုရင်တော့ သွားမယ့်နေရာသစ်ကနေပြီး ဘာတွေလေ့လာသင်ယူနိုင်လိမ့်မယ်ဆိုတာကို ပြန်တွေးပြီး စိတ်ဖြေပါလေ။ ဒီလိုမျိုးခရီးထွက်ပေးခြင်းဟာ သင့်ကို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာစေနိုင်တဲ့အပြင် လူအများနဲ့ လိုက်လျောညီထွေ နေထိုင်တတ်စေလာပြီး ကိုယ့်ကိုယ်ကိုယ်လည်း အားကိုးတတ်လာစေပါတယ်။

Ref: newsrepublic “6 tips to help you enjoy a vacation without feeling guilty”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top