အငြိမ်းစားယူပြီးသူတွေ သွားရောက်နေထိုင်ဖို့ အကောင်းဆုံးနိုင်ငံများ

yyl-8-9-022.jpg

အလုပ်ကအနားယူပြီးရင် ဘယ်တွေသွားမယ် ဘာတွေလုပ်မယ် လို့ စာဖတ်သူတို့ တွေးကြည့်မိကြဖူးပါသလား။ များသောအားဖြင့် အနောက်နိုင်ငံတွေကလူတွေဆို ပင်စင်ယူဖို့နီးလာတာနဲ့ နောက်ပိုင်းသွားလည်ပတ်မယ့် ဒါမှမဟုတ် ပြောင်းရွှေ့အခြေချနေမယ့် နေရာ‌‌ဒေသစာရင်းကို အနားမယူခင်ကတည်းက ကြိုပြီးပြုစု အစီအစဉ်ဆွဲထားတတ်ကြပါတယ်။အဲဒီလိုအစီအစဉ်ဆွဲရတာက သူတို့အတွက် တကယ်ကို ပျော်ရွှင် စိတ်လှုပ်ရှားရစေတဲ့ကိစ္စပါ။

အခုဖော်ပြ‌ပေးလိုက်တာကတော့ အလုပ်ကအနားယူပြီးချိန်မှာ သွားလည်ပတ်/ ပြောင်းရွှေ့အခြေချနေထိုင်ဖို့ရာ ကောင်းမွန်သင့်တော်တဲ့နိုင်ငံစာရင်း (၂၀၁၉) ထဲက ထိပ်တန်းနိုင်ငံတချို့ရဲ့ အခြေအနေတွေပါ စာဖတ်သူတေထဲမှာ လည်ပတ်/ ပြောင်းရွှေ့အစီအစဉ်ရှိထားသူ ရှိတယ်ဆိုရင် ကြိုပြီးလေ့လာထားနိုင်စေမှာဖြစ်လို့ ဖတ်ရှုကြည့်လိုက်ပါဉီး။

၁။ ပနားမား

ထူးထူးခြားခြားလှပတဲ့ ပင်လယ်ကမ်းခြေတွေနဲ့ ဖွံ့ဖြိုးခိုင်မာတဲ့ နိုင်ငံရဲ့စီးပွားရေးအခြေအနေက အငြိမ်းစားတွေကို ပနားမားဆီရောက်လာအောင် သွေးဆောင်နေပါတယ်။ အငြိမ်းစားတစ်ဉီးအနေနဲ့ တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ (၂၀၀၀) လောက်ရှိရင် လူနေမှုစရိတ်အသင့်အတင့်ပဲ ကုန်ကျမယ့် ပနားမားမှာ နေနိုင်မှာပါ။ ပင်လယ်ပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေပြည်လေညင်းတွေက တစ်နှစ်ပတ်လုံးပူလောင်နေတတ် တဲ့အပူရှိန်ကို ဖယ်ရှားပေးပါတယ်။ သန်သန်မြန်မြန်ရှိနေဆဲ အငြိမ်းစားတွေချည်း စုပြီး ဂီတပွဲတွေသွားတာ၊ ရုပ်ရှင်ကြည့်တာလုပ်နိုင်သလို တခြားပြင်ပစွန့်စားခန်းတွေ ဖွင့်မယ်ဆိုလည်း ဖွင့်နိုင်တဲအခြေအနေပါ။ ဒါ့အပြင် အငြိမ်းစားတွေဖို့ ပင်စီယိုနာဒိုဗီဇာနဲ့ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေအတွက် လျှော့ဈေးတွေကိုလည်း စီစဉ်ပေးထားပါသေးတယ်။

၂။ ကော်စတာရီကာ

မျှတတဲ့ရာသီဥတု၊ အသက်ရှုမှားလောက်တဲ့ ရှုခင်းတွေနဲ့ သဘာဝအတိုင်းရှိနေသေးတဲ့ ပင်လယ်ကမ်းခြေတွေက အငြိမ်းစားတွေကို ကော်စတာရီကာနိုင်ငံဆီ လာနေထိုင်ချင်အောင် ဆွဲဆောင်နေတာပါ။ ပြည်ပမှာ အခြေချနေထိုင်လိုသူတွေကို အသင့်ကြိုဆိုနေပြီး အဆင်ပြေပြေနေထိုင်ခွင့် ရရှိအောင်လည်း စီစဉ်ပေးနေသလို လူမှုဖူလုံရေးက ဒါမှမဟုတ် အခြားတစ်နေရာကအထောက်အပံ့တွေ ပေးထားပါသေးတယ်။ အမေရိကန်မှာနေတာထက် စရိတ်စကပိုသက်သက်သာသာနဲ့ လူနေမှုအဆင့်အတန်းမြင့်မြင့်လည်းနေလို့ရတဲ့ ပင်စင်လစာအမေရိကန်ဒေါ်လာ (၁၀၀၀) လောက်ရနေတဲ့အငြိမ်းစားတွေက ကော်စတာရီကာနိုင်ငံကို အတော်လေးသဘောကျကြပါတယ်။

၃။ မက္ကဆီကို

အမေရိကန်နိုင်ငံနဲ့ ကပ်လျက်မှာရှိနေတယ်ဆိုတဲ့ အချက်နဲ့တင် မက္ကဆီကိုဟာ သန်းနဲ့ချီတဲ့အငြိမ်းစားတွေကို နိုင်ငံထဲဝင်ရောက်လာအောင် ဆွဲဆောင်ထားနိုင်နေပါပြီ။ များပြားလှတဲ့အငြိမ်းစားများစွာဟာ ဖော်ဖော်ရွေရွေရှိလှတဲ့ အင်္ဂလိပ်စကားပြောဒေသခံတွေနဲ့ စကားလက်ဆုံကျရင်း ပင်လယ်ကမ်းခြေဒေသမှာ နေထိုင်ရတဲ့ဘဝမျိုးကို နှစ်သက်နေကြပုံပါ။ အသက် (၆၀) ကျော်အရွယ်ရှိပြီး တရားဝင်နေထိုင်ခွင့် ရှိထားပြီးသူတွေအတွက် လေကြောင်းလိုင်းတွေ၊ ကုန်စုံဆိုင်တွေနဲ့ စားသောက်ဆိုင်တွေက ဈေးလျှော့ပေးတတ်တာကလည်း သူတို့ကို ဘဝင်ခိုက်စေတဲ့အချက် ဖြစ်နေပါတယ်။

၄။ အီကွေဒေါ

ငြီးငွေ့စရာကောင်းတဲ့ ကမ်းရိုးတန်းမြို့တွေ၊ နေပူစာလှုံတဲ့နေရာတွေနဲ့ သဘာဝဆန်ဆန် ရှုခင်းမြင်ကွင်းတွေက ပူပင်ကြောင့်ကြမဲ့တဲ့ ဘဝနေထိုင်မှုပုံစံမျိုး ရှာဖွေနေသူအငြိမ်းစားတွေကို စောင့်မျှော်ကြိုလင့်နေပါတယ်။ ပြောင်းရွှေ့နေထိုင်ရင် ကိုယ်သဘောကျရာ ရာသီဥတု ရှိတဲ့နေရာမှာ ရွေးချယ်နေထိုင်လို့ရနိုင်တဲ့‌ နေရာ‌‌ဒေသတွေထဲက တစ်ခုပါ။ ဒါတွေအပြင် အီကွေဒေါနိုင်ငံမှာက ဘတ်စ်ကားခစီးရင် (၂၅) ဆင့်သာကျသင့်ပြီး အငှားကားစီးမယ်ဆိုရင်လည်း (၃) ဒေါ်လာပဲကျသင့်တာကြောင့် ကိုယ်ပိုင်ကားမရှိဘူးဆိုလည်း နေလို့ဖြစ်တဲ့အခြေအနေပါပဲ။

၅။ မလေးရှား

မလေးရှားမှာ အခြေချနေထိုင်မယ်လို့ ရွေးချယ်ထားတဲ့အငြိမ်းစားတွေကတော့ ကြွယ်ဝလှတဲ့ယဉ်ကျေးမှုနဲ့ ထူးခြားဆန်းပြားတဲ့ ရှုခင်းတွေကို အရသာခံနိုင်မှာပါ။ ခေတ်မီအသုံးအဆောင်တွေကို လျှော့ဈေးနဲ့ရောင်းချပေးတတ်တာကလည်း အငြိမ်းစားတွေအတွက် သက်သာအဆင်ပြေစေပါတယ်။ သက်သာလှတဲ့အိမ်ငှားရမ်းခနဲ့ အရသာကောင်းမွန်တဲ့ လမ်းဘေးစာတွေကို ခံစားမြည်းစမ်းလို့ရမယ့်အပြင် လက်ဖျားခါလောက်အောင် ခမ်းနားကြီးကျယ်တဲ့ ဈေးဝယ်စင်တာကြီးတွေမှာလည်း ဈေးဝယ်ထွက်လို့ရနိုင်မှာပါ။

၆။ ကိုလံဘီယာ

စရိတ်ကျဉ်းကျဉ်းနဲ့ အဆင့်မြင့်မြင့်နေချင်တဲ့ အငြိမ်းစားတွေအတွက် ကိုလံဘီယာက သင့်တော်တဲ့နေရာတစ်ခုပါ။ ပင်စင်လစာ အမေရိကန်ဒေါ်လာ (၁၇,၀၀၀) နဲ့ (၂၂,၀၀၀) ကြားရနေတဲ့ အငြိမ်းစားတစ်ဦးအနေနဲ့ဆို ကောင်းမွန်တဲ့သန့်ရှင်းရေး ဝန်ဆောင်မှုတွေပါတဲ့ အဆင့်မြင့်တိုက်ခန်းတစ်ခန်းကို ငှားရမ်းနေထိုင်ရင်တောင် စားသောက်စရိတ်နဲ့ တခြားကုန်ကျစရိတ်တွေ အတွက်လည်း လောက်လောက်ငငရှိနေဆဲပါ။ အပူအအေးမျှတတဲ့ ရာသီဥတုရှိတာကြောင့် ဓာတ်အားသုံးစွဲမှုစရိတ်ကလည်း သက်သာနေပြန်ပါသေးတယ်။

၇။ ပေါ်တူဂီ

နွေးထွေးတဲ့ရာသီဥတုအခြေအနေ၊ နေထိုင်မှုအကျိုးခံစားခွင့်နဲ့ တခြားသော သာယာအဆင်ပြေမှုများစွာကြောင့် ပေါ်တူဂီနိုင်ငံကို သွားရောက်နေထိုင်သူ အငြိမ်းစားတွေက တစ်ပြုံတစ်မကြီး ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ တတိယမြောက် အလုံခြုံစိတ်ချရမှု အရှိဆုံးနိုင်ငံဖြစ်တာကြောင့် စိတ်အေးလက်အေး နေထိုင်ရစေနိုင်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးစာအတွက် တစ်လကို ဒေါ်လာ (၁,၅၀၀) လောက်နဲ့ အဆင်ပြေပြေနေနိုင်တဲ့အပြင် အထူးကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ရနိုင်မှာဖြစ်ပါတယ်။

Ref: Boredarticles.com “The 8 best countries to move to for retirement”/ worldpopulationreview.com “Best Countries To Retire”
Lynn Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top